Thursday, March 5, 2009

ပြည်တော်ပြန် ရုက္ခစိုး

Wednesday, 04 March 2009 19:18 ရန်ကုန်သားတာတေ


ချင်းမိုင်မြို့၊ ဒွိုင်ဆူထေ့တောင်ပေါ်မှ အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် အေးအေးချမ်းချမ်း အနားယူ ငိုက်မျဉ်း နေသည့် ဦးရုက္ခစိုးတယောက် ရုတ်တရက် ခုန်ထကာ အလန့်တကြား အော်လိုက်သည်။

အဘယ်ကြောင့် ဟူမူကား သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော ကြွက်စုတ်နှင့်အတူ ဟစ်ပ်ဟော့ပ် ချာတိတ်များကဲ့သို့ ခုန်ဆွခုန်ဆွ လုပ်ရင်း လက်များကလည်း ဟိုယမ်းသည်ယမ်းဖြစ်နေသည့် အသက်ကြီးကြီး လူတယောက်ကို တွေ့လိုက် ရသောကြောင့်ဖြစ်၏။

ကြွက်စုတ်။ ။ တွေ့ရတာ ဝမ်းသာလိုက်တာ ဦးရုက္ခစိုးကြီးရယ်၊ လာသာ လာရတယ် ရှိမှ ရှိပါ့မလားလို့။

ရုက္ခစိုး။ ။ ရှိပါတယ်ကွ၊ ငါ ဘယ်မှ မသွားပါဘူး။ ဒါနဲ့ မင်းဘေးက ခုန်ဆွ၊ ခုန်ဆွကြီးက ဘယ်သူလည်းကွ။ သူ့မြင်ရတာ ငါလို နတ်တောင် ရင်တုန်ပန်းတုန် ဖြစ်တယ်။

ကြွက်စုတ်။ ။ မကြောက်ပါနဲ့ဗျာ၊ သူက ဦးကြွတက်တဲ့။ ဦးရုက္ခစိုးနဲ့ တွေ့ချင်လွန်းလို့ တကူးတက လိုက်လာတာ။

ရုက္ခစိုး။ ။ ဟုတ်လား နာမည်နဲ့လူ လိုက်ပါ့ကွာ။ ဒါနဲ့ သူက ဟစ်ပ်ဟော့ပ် အဆိုတော်လား။ ဒီအသက် ဒီအရွယ်ကြီးနဲ့ ဟစ်ပ်ဟော့ပ် ဆိုရတယ်လို့။ အရမ်း အရမ်းကို မြောက်ကြွမြောက်ကြွ ဖြစ်နေတာနော်။

ကြွက်စုတ်။ ။ ပေါက်ကရက ပြောတော့မယ်။ ဟစ်ပ်ဟော့ပ် အဆိုတော် မဟုတ်ဘူးဗျ။ သူက မြောက်ကြွဆို ရွေးကောက်ပွဲဝင်ဖို့ အရမ်း အရမ်းကို ကြွတက် … အဲ … တက်ကြွနေလို့။

ဦးရုက္ခစိုး နှင့် ဦးကြွတက်တို့ လက်ဆွဲနှုတ်ဆက်ရာတွင် အငြိမ်မနေသော ဦးကြွတက်ကြောင့် ဦးရုက္ခစိုးပါ သူနှင့် အလိုက်သင့် ခုန်ဆွ ခုန်ဆွ လုပ်လိုက်မှ အဆင်ပြေသွားသည်။

ရုက္ခစိုး။ ။ ရွေးကောက်ပွဲအတွက် ကြွတက်နေတယ်ဟုတ်လား။ မုန့်ဆီကြော်က ဘယ်နားနေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုသလိုတော့ ဖြစ်နေပြီထင်တယ်။ ရှေ့နှစ်ထဲမှာ ရွေးကောက်ပွဲက တကယ် လုပ်ဖြစ်မှာ မို့လို့လား။ ရွေးကောက်ပွဲ ဥပဒေတောင် ခုချိန်ထိ ထွက်မလာသေးဘဲနဲ့။

ဦးကြွတက်။ ။ ဥပဒေ မထုတ်သေးတာက ဗေဒင်ဆရာက ဗိုလ်ချုပ်မှူးကြီးကို အခါမပေးသေးလို့ ဖြစ်ပါလိမ့်မယ်။

ကြွက်စုတ်။ ။ ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီးကိုချုပ်ထားတဲ့ အမေကြိုင်က ဗေဒင်ဆရာကို အခါမပေးနဲ့ဦးဆိုပြီး အမိန့်ပေးထားတာပဲ ဖြစ်မယ်။ ရှေ့နှစ်ထဲမှာလုပ်မယ်ဆိုရင် အခု ကြေညာရတော့မှာ မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ အဲဒါမှ ဒုက္ခပဲ။ ရွေးကောက်ပွဲကို အရမ်းအရမ်း ဝင်ချင်နေတဲ့သူတွေ သနားပါတယ်။ ဒီလူတွေထဲမှာ ရွေးကောက်ပွဲ ဆိုင်းသံကြားရင် ထ မကဘဲ မနေနိုင်တဲ့သူတွေ အများကြီးပါတယ်ကွ။

ကြွက်စုတ်။ ။ အင်း အမတ်ရူးတွေ၊ အမတ်ခရေဇီတွေပေါ့လေ .. ။

ဦးကြွတက်။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်။ ကျနော်လည်း ထ က .. အဲလေ ယောင်လို့၊ ကျနော်လည်း အမှန်ကို ဝန်ခံရရင် အမတ်ရူးတွေထဲ တဦးအပါအဝင်ပါ။

ဦးကြွတက်က ချာတိတ်တွေ ဟစ်ပ်ဟော့ပ်ဆိုသလို လက်နှစ်ချောင်းကို ရှေ့ကိုဆန့်ကာ ခြေနှစ်ချောင်းကို ပိုလီယို ရောဂါသည်ပုံစံ ကွေးကောက်၍ ပြောလိုက်သည်။

ရုက္ခစိုး။ ။ ဒီဘက်က နိုင်ငံရေးသမား တချို့ကတော့ အထဲပြန်ဝင်မယ်၊ မဝင်ဘူး ကွဲပြဲကုန်ကြပြီ။ မဲဆောက်က လူတွေကတော့ ဝင်မယ့်ကောင်တွေ လာရဲလာကြည့် လေးခွနဲ့ ချောင်းပစ်မယ်တဲ့ဗျ။ ဒီဘက်က လူတွေကလည်း ဂျင်ကလိတွေဘာတွေ ဆောင်ပြီးမှ မဲဆောက်ကို သွားရဲတော့မှာ။

ဦးကြွတက်။ ။ အောင်မယ်လေး၊ အောင်မယ်လေး … ပွဲက ကြမ်းလှချည်လားဗျာ။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးလည်း အထဲပြန်ပြီး ရွေးကောက်ပွဲ ဝင်ပါလား။ “ကျုပ်ကိုမဲထည့်ကြပါ၊ ကျုပ်အနိုင်ရရင် မဲထည့်တဲ့သူတွေကို နှလုံးဂဏန်း ဒဲ့ (တည့်) ပေးမယ်၊ ဘောလုံးပွဲ Focus အတိအကျပေးမယ်” လို့သာ ပြောပြီး စည်းရုံးဗျာ၊ ဦးရုက္ခစိုးပုံနဲ့ဆို လူတွေက ယုံပြီး မဲထည့်ကြမှာ။

ရုက္ခစိုး။ ။ မဖြစ်ဘူးကွ၊ တော်ကြာ မဲအပြတ်အသတ်နဲ့ နိုင်သွားလို့ အာဏာလွှဲမပေးဘဲ ထောင်ထဲ ထည့်နေ မှဖြင့် ရုက္ခစိုးတို့ သမိုင်းမှာ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်ပါ့မယ်ကွယ်။ ဒါနဲ့ ဦးကြွတက်ရဲ့ လာရင်းကိစ္စက ဘာလဲ။

ကြွက်စုတ်။ ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဦးရုက္ခစိုးဆီက အကြံလေးဘာလေး တောင်းချင်လို့တဲ့။

ရုက္ခစိုး။ ။ ဦးကြွတက်က ပါတီအဖွဲ့အစည်းတွေဘာတွေ ထောင်ဖို့ ပြင်နေပြီလား။

ဦးကြွတက်။ ။ ကျနော်ကတော့ ပါတီရယ် ဘာရယ်မဟုတ်ပါဘူးဗျာ။ အဓိကက အမတ်ဖြစ်ရင် ပြီးတာပါပဲ။

ရုက္ခစိုး။ ။ ဟား .. ရည်ရွယ်ချက် တယ်ကြီးတာပဲ။ ဒီလိုလုပ်ဗျာ။ စစ်အစိုးရက နိုင်ငံရေးပါတီထောင်မယ်ဆိုတဲ့ သတင်းတွေ မကြားဘူးလား၊ အဲဒီပါတီကို ဝင်ပေါ့၊ အဲဒီပါတီကလူတွေပဲ အနိုင်ရအောင် အစိုးရက လုပ်ပေးမှာ ပဲဟာ။

ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုးကလည်း .. သေချာပေါက် မဲရမယ့်နည်းရှိပါတယ်ဗျ။ မြန်မာပြည်မှာ ရိုဟင်ဂျာ ၈ သိန်းကျော် ရှိတယ်လို့ ပြောတယ်မဟုတ်လား။ အဲဒီလူတွေကို မဲသာထည့်ပါ အမတ်ဖြစ်ရင် မှတ်ပုံတင်ရအောင် လုပ်ပေးပါ့မယ် လို့သာ ပြောလိုက်၊ အိုကေပဲ။

ကြွက်စုတ် စကားအဆုံးတွင် ဦးကြွတက်၏ ဦးခေါင်းထက်၌ မီးတချက် ထပွင့်သွားသည်ကို ဦးရုက္ခစိုး မြင်ဖြစ်အောင် မြင်လိုက်သည် (မှတ်ချက်။ ။ ဦးရုက္ခစိုးက နတ်ဖြစ်နေသောကြောင့် မြင်ရခြင်းဖြစ်၏)

ရုက္ခစိုး။ ။ ဟေ့ဟေ့ .. နေဦး ကြွက်စုတ်။ မင်းက .. မင်းထုံးစံအတိုင်း ပရမ်းပတာ အကြံပေးတာ အရေးမကြီးဘူး။ ပေါက်ကရတွေ ဖြစ်ကုန်မယ်။

ဦးကြွတက်။ ။ ဘာဖြစ်လို့လဲဗျ။ ဒီအကြံကောင်းသားပဲ။ တိုင်းရင်းသား ၁၃၅ မျိုးကနေ ၁၃၆ မျိုး ဖြစ်သွား ရုံလေးကတော့ အစိုးရကလည်း ဘာမှ ပြောမယ် မထင်ပါဘူးဗျာ။

ရုက္ခစိုး။ ။ အဲဒါခက်တာပေါ့ .. ၁၃၅ ဆိုတာ ပေါင်းရင် ၉ ဂဏန်းမဟုတ်ဘူးလား။ အဲဒါကြောင့် အစိုးရက အဲဒီ ကိန်းဂဏန်းကို ထိန်းထားတာ။ ၁၃၆ အဖြစ်ခံမှာကို မဟုတ်ဘူး။ ဒါကြောင့် ရိုဟင်ဂျာကို တိုင်းရင်းသားထဲ ပေးမပါတာ။ တခြား ဘာမှ မဟုတ်ဘူး။

ဦးကြွတက်။ ။ ဦးရုက္ခစိုး ပြောတော့လည်း ဟုတ်သလိုလိုပါလား။ လုပ်ပါဦးဗျာ။ တခြားအကြံပေးပါဦး။ ကျုပ်က အမတ်ပိုး အတော်ထနေပြီ။

ဦးကြွတက်တယောက် တက်ကြွစွာပြောရင်း အရှိန်လွန်ကာ ပါးစပ်ပါ ရွဲ့စောင်းသွားသည်။ တံတွေးများ ထွက်ကျ လာသောကြောင့် ဦးရုက္ခစိုး ရှောင်လိုက်ရသည်။

ရုက္ခစိုး။ ။ နေပါဦးဗျ .. ခင်ဗျားက နိုင်ငံရေးကိုအတော် သွားရည်ကျ .. အဲ .. စိတ်ဝင်စားတယ်ထင်တယ် ဟုတ်လား။

ဦးကြွတက်။ ။ ဟီးဟီး .. နိုင်ငံရေးတွေဘာတွေ စိတ်ဝင်စားလို့တော့ မဟုတ်ပါဘူး။ နားလည်လား ဆိုရင်တော့ တလုံးမှ နားမလည်ပါဘူး။ အဓိကက လူကြီးလုပ်ချင်တာ။ လူကြီးဖြစ်တော့လည်း စီးပွားရေးလေး ဘာလေး လုပ်လို့ ကောင်းတာပေါ့ဗျာ။

ရုက္ခစိုး။ ။ ဟား ခက်တာပဲ။ ခင်ဗျားတို့က ရွေးကောက်ပွဲဆိုင်းသံကြားရင် မနေနိုင်မထိုင်နိုင် ထကဖို့ပဲ သိတာ။ ၁၉၉ဝ ကို ပြန်ကြည့်စမ်း၊ ရွေးကောက်ပွဲပြီးတာနဲ့ အရွေးခံရသူတွေ ထောင်ထဲ တန်းဝင်သွားရတာလေ။

ဦးကြွတက်။ ။ ဒါတော့ ဒါပေါ့ဗျာ… အဲ … ဒါပေမယ့်။

ရုက္ခစိုး။ ။ ဒါပေမယ့် မနေနဲ့။ ရှေ့နှစ်ရွေးကောက်ပွဲပြီးရင်လည်း အဲဒီလို မဖြစ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ လူကြီးလုပ်ချင်ရင် ကလေးတွေနဲ့ပေါင်း၊ ချမ်းသာချင်ရင်တော့ ဘိန်းလေးဘာလေးကုန်ကူး အဲဒါက သေချာတယ်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးလိုပေါ့။ သူက ကျုပ်တို့လို လူငယ်တွေနဲ့ပေါင်းနေတော့ အလိုလို လူကြီးဖြစ် နေတာ။ ရွေးကောက်ပွဲတောင် တကူးတက ဝင်စရာမလိုဘူး။

ရုက္ခစိုး။ ။ နေစမ်းပါဦး ကြွက်စုတ်ရာ၊ ဒီဆေးရိုးသည်က တမှောင့်။ ကဲ ဦးကြွတက်ကို ကျုပ် မေးမယ်၊ ပြီးခဲ့တဲ့လက အကျဉ်းသား ၆ဝဝဝ ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးသမား ဘယ်နှယောက် ပါသလဲ။

ခုဏက ဟောက်ထားသဖြင့် အသံမကျယ်ရဲတော့သော ကြွက်စုတ်က “အယောက် ၂ဝ ကျော် လို့ ကျနော် ကြားလိုက်သလိုပဲ” ဟု ခပ်တိုးတိုး ဝင်ဖြေသည်။

ရုက္ခစိုး။ ။ ကဲ … တွေ့တယ်မဟုတ်လား၊ ဒီ အကျဉ်းသား ၆ဝဝဝ ကျော်ထဲမှာ နိုင်ငံရေးသမား အယောက် ၂ဝ ကျော်ပဲပါတယ် တဲ့။ အဲဒါကြောင့် ကျုပ်ပြောတာပေါ့ ရွေးကောက်ပွဲ အရူးထပြီး ထောင်ကျရင် လွတ်လမ်း သိပ်မရှိဘူး။ ဘိန်းရောင်းဝယ်တာက သူဋ္ဌေးလည်းဖြစ်မယ်၊ အဖမ်းခံရလည်း ခဏပဲ၊ လွတ်ငြိမ်းချမ်းသာခွင့်က သေချာပေါက် ရောက်လာမှာ။ စိတ်ကူးမလွဲနဲ့ ဦးကြွတက်ရေ … ။

ဦးကြွတက်။ ။ ဦးရုက္ခစိုးပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော့်ပိုးက ထိန်းမရတော့ဘူး ဘယ်လိုလုပ်ရမလဲ။

ဦးကြွတက် ခုန်ဆွ ခုန်ဆွ လုပ်ရင်း ပြောနေပြန်ရာ ဦးရုက္ခစိုးပါ ယောင်၍ ခုန်ဆွ ခုန်ဆွ ဖြစ်သွားသည်။ ဦးရုက္ခစိုးမှာ သူ့ကိုယ်သူ ဘာဖြစ်လို့ဖြစ်နေမှန်း မသိပေ။ အမှန်က ဦးကြွတက်ထံမှ အမတ်ဖြစ်ချင်သည့် ပိုးများ ဦးရုက္ခစိုးထံ ကူးစက်နေပြီဖြစ်သည်။

ဦးရုက္ခစိုး။ ။ ဟ .. ဟ .. လုပ်ပါဦးကြွက်စုတ်ရေ။ သူ့ပိုးက ဗိုင်းရပ်စ်လိုပဲ ကူးတတ်တယ် ထင်တယ်။ ငါလည်း မနေနိုင်တော့ဘူး။ ရွေးကောက်ပွဲ ဝင်ချင်လာပြီ။ အမတ်ဖြစ်ချင်လာပြီဟ။ ပြန်မယ်၊ ပြန်မယ်၊ ပြန်တော့မယ်၊ အမတ်လုပ်မယ်၊ လူကြီးလုပ်မယ်။

ပြောရင်းဆိုရင်းက ဦးရုက္ခစိုးတယောက် သူ့ ထန်းခေါက်ဖာစုတ်ကြီးကိုချကာ နတ်ဝတ်နတ်စားများ ထည့်၍ ပြည်တော်ဝင်သီချင်းကို အသံပြာကြီးနှင့် ဟစ်ဆိုနေလေတော့သည်။

ဦးရုက္ခစိုး။ ။ အသည်းစွဲချစ်မိတ်ဆွေ .. ခေတ္တခွဲလို့နေ .. တူနယ် .. တယ်နယ် .. ကျုပ်တို့နဲ့ တူတကွ .. အမတ်ဖြစ်နိုင်စေ .. အောင်စည်ရွမ်းသံ ကြားရင်ဖြင့် .. ပြည်တော် ဝင်မယ်လေ .. ။ ။

No comments:

Post a Comment