Sunday, September 27, 2009

အထက်မြန်မာပြည် ကျောင်းသားသမဂ္ဂ၏ လှုပ်ရှားမှုသတင်း



Upper Burma Students Thetmaga

နေ့စွဲ - ၂၇ . ၉ .၂၀၀၉

အကြောင်းအရာ ။ ၂ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု သတင်းပေးပို့ခြင်း

ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ မှ ယနေ့ (၂၇.၉.၂၀၀၉) နေ့တွင် မန္တလေး၊တောင်ကြီး၊မြစ်ကြီးနား၊ ကလေး ၊လာရှိုး၊ ပင်လုံနှင့် ရွှေဘို မြို့များတွင် ဒေါ်အောင်ဆန်းစုကြည်ပါ ၄” x ၆” အရွယ်အစားရှိ ဒေါ်အောင်ဆန်စုကြည်ပုံပါ ပို့စကဒ် အစောင်ရေ (၁၀၀၀) ကျော်အားဖြန့်ဝေသည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ ကြောင်း သတင်းပေးပို့အပ်ပါသည်။

ထိုလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသားတော် အရှင်သူမြတ်များ သွေမြေ ကျခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကို ဦးညွတ် အလေးပြုသည့် အနေဖြင့် လည်းကောင်း ၊ သံဃာတော်များ ဦးဆောင်ပြီးပြုလုပ်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီး မှတဆင့် အမျိုးသားလွတ်မြောက်ရေး လုပ်ရှားမှုကြီးကို ထောက်ခံသောအားဖြင့် လည်းကောင်း ပြုလုပ်ရခြင်း ဖြစ်ပါသည်။

ထို့အပြင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသား လွတ်မြောက်ရေး လုပ်ရှားမှုကြီးတွင် ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ သံဃာတော် အရှင် မြတ်များ နှင့် အတူ လက်တွဲပြီး အောင်ပွဲရသည်အထိ စစ်အစိုးရအား တိုက်ပွဲဝင် သွားမည်ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အွန်လိုင်းမှ တဆင့် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂ အီးမေးလ် ubst.burma@gmail.com သို့ မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

သန်းနိုင်

တွဲဖက်အထွေထွေအတွင်းရေးမှူး

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ

ubst.burma@gmail.com

www.ubst.co.nr

Tuesday, September 15, 2009

အမှန်တရားဂျာနယ် အတွဲ ၁ အမှတ် ၇ကို စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ အဖြစ်ထုတ်ဝေ


အမှန်တရားဂျာနယ် အယ်ဒီတာ့အာဘော်

ရွှေဝါရောင်တော်လှန်ရေး ၂နှစ်ပြည့် သဝဏ်လွှာ

မနေ့တစ်နေ့က လိုပဲဖြစ်သည်။ အို မဟုတ် အခုနကလေးလို၊ ဒါလည်းမဟုတ်သေးဟု ထင်ပါသည်၊ လက်ရှိ အချိန် အတိုင်း လို့ ဆိုက ပိုပြီးတော့ မှန်မလားပါပဲ၊ ဒါကတော့တခြားမဟုတ်၊ စက်တင်ဘာ ။

“စက်” သေနတ်များ၏ မောင်း“တင်”သံများအဆုံး “ဘာ” သာတရားကို ဦးဆောင် ဦးရွက်ပြုသူ သံဃာတော် များနှင့် ပြည်သူ လူထုများ၊ ငယ်ရွယ်နုနယ်သော ကျောင်းသားလူငယ်များ၊ လမ်းမပေါ်မှာအတုံးအရုံး။ ကျောင်းသင်္ခန်းများ တဝုန်းဝုန်း။ စက်တင်ဘာ။

၂ဝဝ၇ခုနှစ်သြဂုတ်လ(၁၅)ရက်နေ့မှစ၍ မြှင့်တင်လိုက်သောစစ်အစိုးရ၏ လောင်စာဆီ ဈေးနှုန်းကြောင့် အခြား အခြေခံ စားသောက်ကုန်များအားလုံး လကမ္ဘာသွားဒုံးပျံများ ဖြစ်ကုန်ကြ၏။ အလုပ်အကိုင် အခွင့်အလမ်းများမရှိ၊ ခံစား ရရှိသည့် အကျိုးအမြတ်များကလည်း လွန်စွာနည်းပါး။ ထို့ကြောင့် လူသားတဦးချင်းစီ၏ သဘာဝရပိုင်ခွင့် များကို အသုံးချလျှက် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြ၏။

ထိုဆန္ဒပြ တောင်းဆိုသူများကို စစ်အာဏာပိုင်များက ဖမ်းဆီးနှိပ်စက်လိုက်၏။ ပြည်သူလူထု၏ အခက်အခဲ အကျပ်အတည်းကို သံဃာတော်များ လျစ်လျူရှုမနေနိုင်တော့။ ဖောက်ပြန်မိုက်ရိုင်းသော မည်သည့် ပုဂ္ဂိုလ်မျိုးကိုမဆို ဆက်ဆံမှု ဖြတ်တောက် ရသည့် ကျင့်စဉ်တစ်ခု သံဃာတော်များ၌ ရှိသည်။ ထိုအစဉ်အလာ ကျင့်ထုံးကို ပတ္တနိက္ကုဇ္ဇန ကံ ဆောင်ခြင်းဟု ခေါ်သည်။ ထေရဝါဒ ဗုဒ္ဓြွသာသနာတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်သည့် အမှု (၈)မှုရှိသည်။ ထိုအမှုတို့မှာ ဘုရား၊ တရား၊ သံဃာကို မထေမဲ့မြင် ပြုခြင်း၊ လှူဖွယ်ပစ္စည်းများ မရရှိအောင် အားထုတ်ခြင်း၊ သီတင်းသုံးစရာ နေရာ မရှိုအောင် ပြုလုပ်ခြင်း၊ အတင်းအဓမ္မ လူဝတ်လဲခိုင်းခြင်း၊ သံဃာကို ဆဲရေးတိုင်းထွာနှိပ်စက်ခြင်းနှင့် သံဃာ ချင်းအချင်း စိတ်ဝမ်းကွဲအောင် ပြုလုပ် သွေးထိုးခြင်း တို့ဖြစ်ကြသည်။ ထိုပြစ်မှု များအား ကျူးလွန်သူများကို မည်သူပင်ဖြစ်စေ၊ သံဃာ တော်များက ဆက်ဆံမှုမပြုဘဲ ဝိုင်းပယ်ခြင်းအမှု ပြုနိုင်ကြပါသည်။

စစ်အစိုးရသည် ဖော်ပြပါလိုက်နာအပ်သည့် ကျင့်ထုံး (၈)ခုစလုံးကို ချိုးဖောက်လိုက်ကြသည်။ ထို့ကြောင့် သံဃာတော် များက စစ်အာဏာပိုင်များအပေါ် ပတ္တနိက္ကဇ္ဇန ကံဆောင်လိုက်ကြသည်။ ပစ္စည်းလေးပါး အလှူရှင် ပြည်သူ လူထုဘက်မှ ရပ်တည်ကာ လမ်းမများပေါ်သို့ထွက်၍ ငြိမ်းချမ်းစွာ မေတ္တာပို့ခဲ့ကြ၏။ ပြည်သူလူထု ကလည်း ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းကြသည့် သံဃာ တော်များကို လက်ချင်းချိတ်တွဲကာ ကာကွယ်ပေး ခြင်း၊ ဆွမ်းနှင့် ရေချမ်းကပ်လှူခြင်း ပြုခဲ့ကြသည်။

“လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ”
“ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ”
“ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ”

အစရှိသည့် ငြိမ့်ငြောင်းသာယာသော မေတ္တာပို့သံများကြားထဲသို့ ကြမ်းတမ်းစွာ ဝင်ရောက် ဖျက်ဆီးလိုက်သည် က သေနက်သံများ။ မြန်မာပြည်သူလူထုနှင့် တကမ္ဘာလုံးရှိ လူသားများ၏ အသဲထဲမှာ လေးလေးနက်နက် စွဲထင်ခဲ့သည်က ရွှေဝါရောင်တော်လှန်ရေး။ လူမျိုးစုံ ဘာသာစုံတို့၏ အသိအမြင်မှာ ထင်ထင်ရှားရှား မှတ်မှတ်သားသား ဖြစ်ခဲ့ရသည်က ၂ဝဝ၇ ခုနှစ် စက်တင်ဘာ။

ယခု ထိုစက်တင်ဘာနှင့် ထိုရွှေဝါရောင်တော်လှန်ရေးကြီးများသည် (၂)နှစ်တိတိ ပြည့်ခဲ့ပြီ။ အိန္ဒိယနိုင်ငံ၏ ခေါင်း ဆောင်ကြီး မဟတ္တမဂန္ဒီပြောခဲ့သည့် စကားတစ်ခွန်းရှိပါသည်။ သူက မတရားလုပ်ပြီး ဖိနှိပ်ညှင်းပန်း နှိပ်စက်တာကို နည်းသုံးနည်းဖြင့် တုန့်ပြန်နိုင်သည်ဟု ဆိုသည်။ ထိုနည်းများမှာ
(၁) မတရားတာကို ငြိမ်ခံပြီး ရှောင်ပြေးတဲ့နည်း၊ အဲ့ဒီ နည်းက သူရဲဘောကြောင်တယ်။
(၂) လက်နက်ကိုင်ပြီး ခုခံတော်လှန်တဲ့နည်း၊ ရှောင်ပြေးတဲ့နည်းထက် ပိုကောင်းတယ်။
(၃) အကြမ်းမဖက်ဘဲ အနုနည်းနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နည်း၊ ဒါကတော့ သတ္တိအပြောင်မြောက်ဆုံး ဟူ၍ ဖြစ်လေ သည်။

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးတွင် ပါဝင်ခဲ့ကြသူအားလုံး၊ ကျဆုံးခဲ့ကြသူ အားလုံးသည် အမှန်တရား အတွက် သတ္တိအပြောင်မြောက်ဆုံး လူသားများ ဖြစ်သောကြောင့် (၂)နှစ် ပြည့်မြောက်သည့် ယနေ့တွင် အမှန်တရား ဂျာနယ် အယ်ဒီတာအဖွဲ့က ဂုဏ်ယူစွာ အလေးပြုလိုက်ကြပါ၏။
ရဲခေါင်မဲမောင်


အမှန်တရားဂျာနယ် ဆောင်းပါး

ကျွန်စော်နံ ပြန်လိုက်ဦး


သခင်ဆိုသော အဓိပ္ပါယ်
“ငါတို့ဟာ အခိုက်အတံ့ အခါတွင် အဆင်မသင့်၍ အင်္ဂလိပ်တို့၏ ကျွန်များဖြစ်နေကြသော် လည်း မျိုးရိုး ဇာတိက ကျွန်တွေမဟုတ်ဘူး သခင်တွေသာ ဖြစ်သည်။ သခင်ဆိုတာ နေလည်း ရဲရဲနေသည်။ သေလည်းရဲရဲ သေသည်။ နောက်ဆုံး စက်တိုင်ကို တက်ရတောင် လက်ခမောင်း ခတ်တက်သည်။ ဝမ်းဝဖို့ ကိစ္စလေး တစ်ခုအတွက် ဘယ်သူ့ အလိုကိုမျှ လိုက်ပြီး ဟုတ်ပါ့ဘုရား မှန်ပါ့ဘုရား မပြောဘူး။ ဟုတ်သည်ထင်လျှင် ဟုတ်သည်။ မဟုတ်ဘူး ထင်လျှင် မဟုတ်ဘူးလို့ မကွယ်မထောက် ရဲရဲကြီး ပြောတတ်သည်။ ကျွန်များ ကမူ ထိုသို့ မှန်သည့် အတိုင်း မပြောဝံ့ ။ကျွန်များတွင် သူတို့ ကိုယ်ပိုင် အလိုဆန္ဒမရှိ ။ သူတို့ သခင် ၏ အလိုဆန္ဒကို သူတို့ အလိုဆန္ဒဟု သဘောထားသည်။ ”
အထက်ပါစာပိုဒ်မှာ သခင်ဟူသော အသုံးအနှုန်းကို စတင် တီထွင်သော သခင်ဘသောင်း ၏ တို့ဗမာ သီချင်း အပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်ပါသည်။

သခင်ဆိုသော စကားလုံး၏အစ
တောင်တွင်းကြီးမြို့နယ် ဝက္ကသေး ရွာလေးကစတယ်လို့ ဆိုပါတယ်။ အဲဒီ ရွာအနီးက ဆတ်သွား ရွာသူ တယောက်ဟာ အင်္ဂလိပ် နယ်ပိုင်ဝန်ထောက် တယောက်နဲ့ အိမ်ထောင် ကျတဲ့ အခါ မိဘတွေက သမက်ကို သခင်ကြီး သခင်ကြီးလို့ မိုးမွှန်အောင် ခေါ်ကြတာကို ဆတ်သွားတက် ဈေးဝယ် ဈေးရောင်းကြတဲ့ ဝက္ကသေး ရွာသူ ရွာသားတွေက ကြားတဲ့အခါ နားကြားပြင်းကပ် လွန်းလို့ အရွဲ့တိုက်ပြီး ကိုယ့်ရွာသားချင်း သခင်တပ်ခေါ်ကြတယ်။ တချို့ က ကိုယ့်အိမ်ရှေ့မှာ ကိုယ့်အမည်မှာ သခင်လို့ တပ်ပြီး ဆိုင်းဘုတ်ချိတ်ကြတယ်။
သခင်အစ ဝက္ကသေးကလို့ ပြောရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ လူမျိုးတွေ ကျွန်စိတ်က လွတ်မြောက်အောင်၊ ကျွန်ဘဝကို စက်ဆုတ်အောင် တကယ် စတင်ကြိုးစားခဲ့သူကတော့ သခင်ဘသောင်းဖြစ်ပါတယ်။ အမှန်တကယ် မှာတော့ သခင်အစ သခင်ဘသောင်းကလို့ သာ မော်ကွန်းထိုးရမှာ ဖြစ်ပါတယ်။

သခင်အခေါ်အဝေါ် ပေါ်ပေါက်လာပုံ
၁။မြန်မာလူမျိုးဆိုတာ ကိုယ့်တိုင်းပြည် ကိုယ့်ထီးနန်းနဲ့ နေခဲ့တဲ့ လူမျိုးတွေ ဖြစ်တယ်။
၂။မြန်မာ လူထုဟာ မြန်မာနိုင်ငံရဲ့ မူလပိုင်ရှင်တွေ ဖြစ်တယ်။
၃။အင်္ဂလိပ်လူမျိုး ဘုရင်ခံ၊ အရေးပိုင်၊ မြို့ပိုင် စတာတွေက လခစားတွေ တနည်းပြောရရင် အခွန်ပေးဆောင် နေရတဲ့ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ပေး ရမယ့် ပြည်သူ့အစေခံ (Government Servant) တွေသာ ဖြစ်တယ်။ ထိုကြောင့် အခွန် ထမ်း ပြည်သူတွေသာ အရှင်သခင်တွေ ဖြစ်တယ်လို့ ယုံကြည်တဲ့ သခင်ဘသောင်း ဟာ သူ့ ကိုယ်သူ သခင်လို့ အမည်တပ်ခဲ့ပြီး သူနဲ့ ယုံကြည်ချက်တူသူ တွေကိုလည်း စည်းရုံးခဲ့ ပါတယ်။ အဲဒီ စုစည်းမှုကနေ ဒို့ဗမာ အစည်းအရုံးကြီး ပေါ်ပေါက်လာခဲ့ပြီး ၊ အဲဒီအစည်းအရုံး ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အထိ ဦးဆောင်မှု ပေးခဲ့ပါတယ်။
ကျွန်တော်တို့၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် သူ့ကိုယ် သူ သခင်အောင်ဆန်းဟု အမည်တပ်ကာ နိုင်ငံရေး လှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီး မြန်မာ့ လွတ်လပ်ရေးရသည် အထိ ဆောင်ရွက်ပေးခဲ့သည်ကို အများ အသိပင် ဖြစ်ပါ သည်။

သခင်စိတ်ဓါတ် သခင်အကျင့်
ဒို့ဗမာ အစည်းအရုံးကြီး စတင်တည်ထောင်လို့ သိပ်မကြာခင်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် တခုတွင် “ လိမ္မာ သည် ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိနည်းခြင်း၊ ဒူးတုန်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အမေနှင့် ငါမာလျှင် ပြီးရော ဆိုသော စိတ်ရှိခြင်း၊ ကိုယ့်ကိုကိုယ်မှ မှတ်တတ်ခြင်း၊ ကိုယ့်အိမ်ကိုမှ အိမ်မှတ်တတ်ခြင်း၊ ကိုယ့်အကျိုး စီးပွါး တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့် ဘေးကို စည်းလုံး၍ ခုခံ ရမှန်း မသိခြင်း ဖြစ်ပါမူ။ အို …အချင်းတို့ ၊ ငါတို့သည် မလိမ္မာလိုပါ ၊ မိုက်သာမိုက် လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့ မိုက်ပါရစေ” ဟု ဖေါ်ပြခဲ့ပါသည်။
သခင်တို့၏ ခရီးစဉ်သည်လည်း ပန်းခင်းလမ်း မဟုတ်ခဲ့ပါ။ အုပ်စိုးနေသူများ၏ အညှိုးထား ဖိနှိပ်မှု အမျိုးမျိုးကို ခါးစည်း ရင်ဆိုင်ခဲ့ရသလို ကျွန်စိတ်ရှိသူများ၏ တိုက်ခိုက်ရှုံချမှု၊ ပူးပေါင်း ဖိနှိပ်မှု၊ ကျွန်ဘဝတွင် အခွင့်အရေး များစွာရနေသူတို့၏ တိုက်ခိုက်မှု၊ ကျွန်ဖြစ်နေရခြင်းကို မသိနားမလည်သူများ၏ ဆန့်ကျင်မှု အမျိုးမျိုးကို ရင်ဆိုင်ခဲ့ ကြရပါသည်။ ထို့အတူ ခပ်ကြောင်ကြောင် အယူအဆဟုထင်မြင်သော သူများ၏ လှောင်ပြောင်မှုများ ကိုပါ ရင်ဆိုင်ခဲ့ ရပါသည်။ ထိုသို့သော ဖြစ်ရပ်များတွင် မိရင်း ဘရင်းများနှင့်ပင် ရင်ဆိုင် ခဲ့ရသော အဖြစ်များ ပင် ပါဝင်ခဲ့သော်လည်း သခင်များသည် ကျွန်မခံလိုသော သခင် စိတ်ဓါတ်ဖြင့် ရဲဝန့်စွာ ရင်ဆိုင်ခဲ့ကြရပါသည်။ ထိုရဲဝန့်ခိုင်မာ ပြတ်သားသော စိတ်ဓါတ်တို့သည်ပင် မြန်မာ့ လွတ်လပ်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ခဲ့ရပါသည်။

စစ်အုပ်ချုပ်ရေးမှ စစ်ကျွန်ပြုရေးသို့
၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့ချိန်မှ စ၍ အရပ်ဘက်အရေးပါသော လုပ်ပိုင်ခွင့် အားလုံးကို စစ်ဗိုလ်များက အဓ္ဓမ သိမ်းယူခဲ့ကြသည်။ ဆိုရှယ်လစ် အယောင်ပြ လမ်းစဉ် ပါတီ၏ ထိပ်ပိုင်းနှင့် အရပ်ဘက် တာဝန်ကြီးများ အားလုံးကို အရပ်ဝတ် စစ်သားများဖြင့် အစားထိုးခဲ့ရာမှ လုပ်ပိုင်ခွင့် အာဏာများအပေါ် သာယာလာသော စစ်ခေါင်းဆောင်များ သည် အာဏာကို အမြဲချုပ်ကိုင်ထားနိုင်ရန် အမျိုးမျိုး ကြိုးစားလာခဲ့ကြသည်။ အကျင့် ပျက် ခြစားမှု အမျိုးမျိုးတို့သည်လည်း ထိုအချိန်မှစ၍ ဆိုးရွားစွာ အစပြုလာခဲ့သည်။ အဆိုး ဆုံးမှာ တိုင်းပြည်အတွက် လွန်စွာ အရေးကြီးသော တရားစီရင်ရေး မဏ္ဍိုင်ကိုပါ ဝင်ရောက် စွက်ဖက် လွှမ်းမိုးခဲ့ရာ တရားဥပဒေ အပေါ်မှ လူသားများ ဖြစ်လာခဲ့ကြသည်။
၈၈၈၈ အရေးတော်ပုံကြီးကြောင့် မဆလ အရေခြုံ စစ်ပါတီကြီး ပြုတ်ကျခဲ့ ရသော် လည်း ပြည်သူတို့၏ ဆန္ဒနှင့်ဆန့်ကျင်ကာ စစ်အာဏာသိမ်း ခဲ့ကြပြန်သည်။ ထိုမှတဖန် ထာဝရ အာဏာတည်မြဲရေးအတွက် နည်းလမ်းရှာခဲ့ကြပြီး စစ်ကျွန်ပြုရေး Road Map ၇ချက် ကို ချမှတ်ခဲ့ကြသည်။ ထို Road Map ၏ အဓိက ရည်ရွယ်ချက်မှာ တတ်နိုင်သမျှ အချိန် ဆွဲရေးနှင့် အလုံးစုံ စစ်ကျွန်ပြုရေးသာ ဖြစ်သည်။

Road Map ၏ အဓိကရည်မှန်းချက်
၈၈ အရေးအခင်းကြီးကြောင့် စစ်အာဏာသိမ်းကာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရ သော် လည်း ထင်သလို မဖြစ်ပဲ NLD မှ အပြတ်အသတ် နိုင်သွားသည့်အခါ အာဏာလွှဲ မပေးရ ရေးအတွက် နည်းမျိုးစုံဖြင့် အချိန်ဆွဲရာတွင် အပြကောင်းအောင် လမ်းကြာင်းတခု အနေဖြင့် Road Map ကို ဖေါ်ထုတ်လိုက်ခြင်းသာ ဖြစ်သည်။ ၁၄နှစ်ကြာအောင် အချိန် ဆွဲခဲ့သည့် ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တိုင်းပြည်အား စစ်တပ်မှ အမြဲချုပ်ကိုင် ကျွန်ပြုနိုင်ရန် အချက်အလက်များကို စနစ်တကျ ထည့်သွင်း ရေးဆွဲခဲ့ပြီး ။ လူပေါင်း သန်းချီ သေကြ ပျက်စီးခဲ့ရသည့် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး တပါတ်အကြာတွင် မဲလိမ်ကာ အတည်ပြု ခဲ့သည်။
ထိုအခြေခံ ဥပဒေအရ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် ယူနီဖေါင်းဝတ် စစ်ခေါင်းဆောင်နှင့် အရပ်ဝတ် စစ်ခေါင်းဆောင်များက တရားမဝင် အာဏာသိမ်း စစ်အစိုးရ အဖြစ်မှ တရားဝင် အစိုးရအဖြစ် မျက်လှည့်ပြကာ တိုင်းပြည်ကို စစ်ကျွန်ပြုတော့မည် ဖြစ် သည်။

၂၀၁၀ ရွေးကောက်ပွဲ၏ ရိုက်ခတ်မှုများ
အင်္ဂလိပ်ခေတ် ဒိုင်အာခီ အုပ်ချုပ်ရေးကို ကာလကို ပြန်သတိရစရာပင် ဖြစ်သည်။ “ငွေငါးထောင် အစာ ဒုလ္လဘရယ်ကြောင့် ပြည်အားတောင် မဖြုန်သပရယ်လို့ မဟာသူပုန် ထခဲ့တဲ့ အရေးတတ်တွေ အမွှေးခပ်ရှည်ရှည်ရယ်နှင့် အမိုက်ဝါသနာကိုး။ (အရီးစိမ်း ကြီးရယ်) ခွေး အငတ် မပြေ တပြေတွေမှာဖြင့် ကိုက်စရာ အရိုး” လို့ အဲဒီအချိန် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ရေးခဲ့တဲ့ “ခွေးဠီကာ” ကို ကြားယောင် မိပါတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေး မှာ ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့် ကနေ အငြင်းပွါးခဲ့ကြရာက ဂျီစီဘီအေ အသင်းကြီး အစိတ်စိတ် အမွှာမွှာ ကွဲတော့တာပါပဲ။ အင်္ဂလိပ်က ၅၀၀၀ စား၊ ၄၀၀၀ စားက စလို့ ၅၀၀စား၊ ၂၅၀ စား စသည်ဖြင့် အရိုး အသီးသီး ချပေးလိုက်တဲ့ အခါ ကွဲကြပုံကို ဆရာကြီးက ရင်နာနာ နဲ့ ခွေးဠီကာကြီးကို ရေးခဲ့ပါတယ်။
အခုဟာက ရွေးကောက်ပွဲ ဥပဒေဆိုတာတောင် မထွက်သေး၊ ဘာပေးမယ် ညာပေးမယ်မှ မသိရသေးပဲတောင် ဟန်ရေးပြင်နေကြတာတွေဟာ အရိုးတောင်မှ မတွေ့ရသေးပဲ၊ အနံလေး နဲနဲ ရရုံနဲ့ သွားရည် တမြှားမြှား ကျနေတာနဲ့ အတူတူပါပဲ။ အခွင့်အရေးလေး နဲနဲရတာနဲ့ ကျွန်သွေးပြကြတဲ့ အကျင့်စရိုက်တွေကြောင့် မြန်မာ့ သမိုင်းမှာ အကွဲအပြဲတွေ အများ ကြီး ဖြစ်ခဲ့ရပြီးပါပြီ။ ဒါ့အပြင် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် ကွဲကြပြဲကြတာတွေလဲ အများ ကြီးပါ။ တနည်းပြောရရင် မြန်မာ့ သမိုင်းရဲ့ အရှက်ရစရာ အမဲစက်ကြီး တွေပါပဲ။ ဒီထက်မက ဆိုးတာတခုက မိမိကိုယ်တိုင် အမြှီးပြတ်တာကို မရှက်မကြောက် လှသလို ဟန်ရေးပြ သူများတွေပါ အမြှီးပြတ်ကြအောင် သွေးဆောင် စည်းရုံးနေတာပါပဲ။ ကျွန်တော်တို့ အလိုပြောရရင်ဖြင့် အရိုးကိုက်ချင်တာဖြင့် အမြင်ကောင်းအောင် အကြောင်းတွေ ပြမနေပဲ ၊ ပြေးသာကိုက်လိုက်ပါလို့ ပြောချင်တာပါပဲ။ သူများတွေလဲ အနှောင့်အယှက် မဖြစ်တော့ ဘူးပေါ့။

ကျွန်စော်နံပြန်လိုက်ပါဦး
သူ့ကိုယ်သူ အနော်ရထာ ဝင်စားတယ်လို့ ရှုးနှမ်းစွာ ထင်နေတဲ့ စစ်အာဏာရှုး မှူးကြီး သန်းရွှေကတော့ အာဏာလွှဲ မပေးရရေး၊ စစ်ဘုရင်ကြီးဘဝနဲ့ အနော်ရထာ အိမ်မက်ကြီး ဆက်မက်ဖို့ တိုင်းပြည်ရဲ့ သယံဇာတနဲ့ တွင်းထွက်ပစ္စည်းတွေ၊ တိုင်းပြည်မှာ မတရား အမြတ် ထုတ် စီးပွါးရေး လုပ်ခွင့်တွေနဲ့ ကမ္ဘာ့ နိုင်ငံ အသီးသီးကို စည်းရုံးနေပါပြီ။ လူသား ကျင့်ဝတ် ကို မစောင့်စည်းနိုင်တဲ့၊ လူကို လူလို တန်ဘိုးထားရမှန်း မသိတဲ့ နိုင်ငံ အချို့လဲ သူတို့ဘက်ပါ ကောင်းပါနိုင် ပါလိမ့်မယ်။
ဘုရင်ရှုးရှုးဖို့ဆိုတာ အရှုးဘုံမြှောက်ပေးမယ့် ငယ်ကျွန်ကြီးငယ် များစွာလဲ ထပ်လိုနေ ပါသေး တယ်။ အဲဒီအတွက်လဲ အရိုးကြီးငယ် များစွာ အဆင်သင့် ပြင်ထားပြီးလောက်ပါပြီ။ အင်္ဂလိပ် ကိုလိုနီခေတ်ကထက် ခေတ်မှီစွာ ကားပါမစ်၊ ဖုန်း၊ မြေကွက် စတာတွေ အပြင် သူတို့ကို မထိခိုက်ရင် ပြည်သူလူထုတွေကို အနိုင်ကျင့် ဖိနှိပ်ခွင့် အရေးတွေ စတာတွေလဲ ပါနိုင်ပါ တယ်။ အခု အနံလေး ပေးထားပေမယ့် မကြာခင်မှာ သူတို့ စိတ်တိုင်းကျ ရေးဆွဲထား တဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ အတူ ထုတ်ဖေါ်ပြလာ ပါလိမ့်မယ်။
ပြန်ကြမယ်ဆို အထုတ်ပြင် ပြန်နိုင်ပါတယ်။ အဲဒီအတွက် ဘယ်လိုပဲ အကြောင်းပြပြ တချိန်ကျရင် သမိုင်းအမှန် ပေါ်လာမှာပါ။ ကိုလိုနီခေတ်တုန်းက အကြောင်းအမျိုးမျိုးပြ ရာထူးနောက် လိုက်ကြသူတွေဟာ အဲဒီ အချိန်က သူတို့ အကြောင်းပြချက်တွေ အောင်မြင်ရင် အောင်မြင်ခဲ့မှာ ဖြစ်ပေမယ့် ၊ယနေ့ခေတ်မှာတော့ သူတို့ဟာ အာဏာရှုး သူတွေ ၊ တိုင်းပြည်ကို သစ္စာဖေါက်ခဲ့ သူတွေအဖြစ် သမိုင်းရေး ခံနေရပါပြီ။
ခွဲရေးတွဲရေး တရားပွဲ တခုမှာ ခွဲရေး တွဲရေးနှင့်ပါတ်သက်ပြီး သခင်ဘသောင်း ဆွေးနွေးခဲ့တာ တခုကို တင်ပြလိုပါသည်။ “ခွဲရေးဖြစ်စေ၊ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက် ခံချည်း ဖြစ်တယ်။ ကျွန်နဲ့ ဒါသ စကားလုံး ခြား နားသော်လည်း တစ်မျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲဖြစ် တယ်။ ဒီခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပါယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူရဲ့ ဘယ်ဘက်ဖိနပ် အောက်မှာနေမလား၊ ညာဘက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့သဘောပါပဲ။ ဒါကြောင့် ကျုပ်တို့ သခင်တွေ သဘော ကို ပြောရရင် သတိုးမင်းဖျားက နာမည်ကျော် သူခိုးကြီး ငတက်ပြားကို ဖမ်းမိတော့ “မောင်မင်းကို သံလျှက်နဲ့ ခုတ်သတ်တာကြိုက်လား၊ လှံနဲ့ ထိုးသတ်တာကြိုက် လား မေးတော့ ငတက်ပြားက “ငါ့အကြိုက်ပြောရရင် သံလျှက်ရော လှံပါ ဘယ်ဟာမှ မကြိုက်။ အသင်မင်းကြီးရဲ့ မိဘုရားခေါင်ကြီး စောဥမ္မာကိုသာ ကြိုက်တယ်” လို့ ပြောခဲ့ သလို ခွဲရေးလဲ မကြိုက်၊ တွဲရေးလဲမကြိုက် အင်္ဂလိပ် နယ်ချဲ့အောက်က လုံးဝ လွတ်မြောက်ရေးကိုသာ ကြိုက် ပါတယ်လို့ ရဲရဲတောက် ဆွေးနွေးခဲ့ဘူးပါတယ်။
ကျွန်တော်တို့ သဘောကလည်း ထိုသို့ တထပ်တည်း ဖြစ်ပါတယ်။ “တရားမဝင် အာဏာ သိမ်းထားတဲ့ စစ်အာဏာရှင် တွေကိုလဲ မကြိုက်၊ တရားဝင် စစ်ကျွန်ပြုမယ့် ယူနီဖေါင်းချွတ် အာဏာရှင် တွေကိုလဲ မကြိုက်။ စစ်မှန်၍ တရားမျှတသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ကိုသာ ကြိုက်ပါတယ်။” အမြင်မတူလို့ ရတာလေး ယူချင်သူတွေကို စကားတခွန်း ပါးလိုက်ချင်တာ ကတော့ “ကျွန်စော်နံ ခံလိုက်ပါဦး (သို့မဟုတ်) ကျွန်စော်နံ ပြန်လိုက်ပါဦး” ဟူ၍ပင် ဖြစ်ပါသည်။ အချိန်တန်လျှင် သမိုင်းက စကားပြောပါ လိမ့်မည်။

D-Wave


ကိုးကား- ဒို့ဗမာ အစည်းအရုံးသမိုင်း။
-တင်မောင်သန်း၏ သခင်စိတ်ဓါတ် သခင်အကျင့် ဆောင်းပါး။

Cac Volume1 No 7(printing file)

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ထောက်ခံသော လှုပ်ရှားမှု ပြုလုပ်။









































အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးကို ထောက်ခံလှုပ်ရှားတဲ့ လှုပ်ရှားမှုအနေဖြင့် “၂၀၁၀ ခုနှစ် နအဖရွေးကောက်ပွဲ အလိုမရှိ” ပို့စကဒ်နဲ့ “ဒေါ်အောင်ဆန်းစုကြည့်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် ရေး” ပို့စကဒ်RSM;၊ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးမှ ထုတ်ပြန်သော ကြေငြာချက်ဖြစ်သည့် သစ္စာအဓိဌာန် ကြေငြာချက်များအား အများပြည်သူ သိရှိစေရန် ဖေါ်ပြခဲ့သော လှုပ်ရှားမှုအား အောက်ပါအတိုင်း တွေ့ ရှိရပါသည်။

မြန်မာပြည်သူလူထုနှင့် သံဃာတော်များအနေဖြင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးတွင် တစ်ပေါင်း တစည်း ပါဝင်ဆင်နွဲကြရန် ယခုလှုပ်ရှားမှု ပြုလုပ်သော မြေသြဇာအဖွဲ့ မှ နှိုးဆော် တိုက်တွန်း ထားပါသည်။

Wednesday, September 9, 2009

သံဃာ့အဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ထုတ်ပြန်ချက်




သံဃာအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့် မြန်မာပြည်တွင်း တွင် တည်ရှိသော နိုင်ငံရေးအင်အားစု(၁၄) ဖွဲ့မှ လက်ရှိတည်ဆဲ စစ်အစိုးရအား ထိပ်တိုက် ရင်ဆိုင်ပြီး မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ် လာစေရေး အတွက် ဖွဲ့စည်း ထားသော အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင် ရေးကော်မတီ မှ တပ်မတော်ထဲက အရာရှိ ၊ အရာခံ ၊ အကြပ် ၊ တပ်သားအားလုံးနှင့် နအဖ စစ်အုပ် ချုပ်ရေး ယန္တရားအတွင်း ပါဝင်အမှုထမ်းနေကြသည့် အမျိုးကောင်းသား ၊ အမျိုး ကောင်းသားသမီး အားလုံးထံသို့ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီးတွင် သံဃာတော်များ၊ ကျောင်းသား / ကျောင်းသူများ နှင့် ပြည်သူ/ပြည်သားများ ဘက်မှ ရပ်တည်ပေးရန် အိတ်ဖွင့် ပေးစာအား ပြည်တွင်းမှ တည်ရှိသော သံဃာအဖွဲ့ချူပ် - မြန်မာနိုင်ငံ နှင့် နိုင်ငံရေး အင်အားစု (၁၄) ဖွဲ့မှ ဆရာတော် ဦးဥတ္တမနေ့ စက်တင်ဘာလ ၉ ရက်နေ့အား ဂုဏ်ပြုသော အနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၃) ခု နှင့် လက်အောက် ခံ တပ်ရင်းတပ်ဖွဲ့(၆၅) ခု၊ ၀န်ကြီးဌာန(၃၁) ခု နှင့် လက်အောက်ခံ ရုံးဌာန (၉၃) ခု ၊ပြည်နယ် ၊ တိုင်း ၊ ခရိုင် ပြည်ခိုင်းဖြိုးရုံး (၄၀၅) ရုံး ထံသို့ စာတိုက်မှ တဆင့် ယနေ့ ( ၉ . ၉ . ၀၉ ) ရက်စွဲဖြင့် ပေးပို့ပြီး မန္တလေးမြို့ ရန်ကင်းတောင်တော်တွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ သံဃာ ( ၁၅ ) ပါးနှင့် နိုင်ငံရေးအင်အားစု (၁၄) ဖွဲ့မှ လူပုဂ္ဂိုလ် (၃၀) ဦးမှ ဆရာတော် ဦးဥတ္တမ အတွက် မေတ္တာပို့အမျှဝေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် မောရသုတ်တော် ရွတ်ဖတ် ခြင်းများပြုလုပ်ကြသည် ။ ထို့အပြင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ ဆွမ်းခံ သံဃာ (၉) ပါးမှ မန္တလေးတောင်တော် ပေါ်တွင် မိမိတို့ ဆွမ်းခံပြီး ရရှိလာသော သပိတ် (၉) လုံးမှ ဆွမ်းတော်များအား ဘုရားရှင်အား ရည်စူးကပ်လှူပြီး ဆရာတော် ဦးဥတ္တမ အတွက် မေတ္တာပို့ အမျှဝေခြင်းများ ပြုလုပ်ကြကြောင်း GAB အဖွဲ့ဝင်များအား သိစေ အပ်ပါသည်။

http://www.khitpyaing.org/news/Sep09/90909d.php ယခု လင့်သည် ယနေ့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ လှုပ်ရှားမှုအား ခေတ်ပြိုင် သတင်း စာမျက်နှာတွင် ဖော်ပြထားသော လင့် ဖြစ်သည်။

အရှင် ပါရမီခန္တီ
တွဲဖက်အထွေထွေအတွင်းရေးမှူး
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
sangha.burma@gmail.com
www.slm.net.tc
O.C.F.N.F.A