Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, April 29, 2010

လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု ဆိုင်ရာ အငြင်းပွားမှုများ

နိဒါန်း

နိုင်ငံရေးအကြမ်းဖက်မှုလေ့လာရေး သုတေသနလောကမှာ ကနဦးအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ စိတ်ထဲကို မြင်အောင်ကြည့်ပြီး၊ ဒီလို အကြမ်းဖက်မှုတွေ ကျူးလွန်လာရခြင်းရဲ့ အခြေခံ လှုံ့ဆော်မှုတွေကို ထိန်းချုပ်နိုင်မှသာ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ်လို့ အဆိုရှိကြပါတယ်။ စိတ်ပညာရှင်တဦးဖြစ်တဲ့ Kicklighter က အကြမ်းဖက်မှုဆိုတာကို လူအများက လက်မခံပေမယ့် အကြမ်းဖက်သမားတွေနဲ့ သူတို့အပေါ် ထောက်ခံသူတွေရဲ့ စိတ်ထဲမှာတော့ ကောင်းမွန်တယ်လို့ ယူဆထားချက်တွေ ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယူဆထားချက်တွေဟာ မှားယွင်းနေတယ်ဆိုတာကို အသိပညာပေးမှုတွေ မလုပ်နိုင်မချင်း အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ သူ့အဆိုကို လက်ခံပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားလာစေခြင်း၊ ထောက်ခံအားပေးလာစေခြင်းတွေကို လှုံ့ဆော်ပေးတဲ့ ယူဆချက်တွေကို ပညာရှင်အများအပြားက ထပ်မံလေ့လာခဲ့ကြပါတယ်။

နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များစွာကို လေ့လာကြည့်ကြရာမှာ တွေ့ရှိခဲ့တဲ့ အချက်တွေကတော့ အကြမ်းဖက်မှုတွေဟာ နိုင်ငံရေး အတွေးအခေါ် အစွန်းရောက်မှု၊ ဘာသာရေးယုံကြည်ချက် အစွန်းရောက်မှုနဲ့ နိုင်ငံရေးအရ ထွက်ပေါက်ပိတ်မှုတွေကြောင့် ဖြစ်ပေါ်လာရခြင်း ဆိုတာပါပဲ။ ဒီလိုအကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေထဲမှာ နိုင်ငံတော်အစိုးရတွေဖြစ်တဲ့ state-actors တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ Non-state actors တွေပါ ပါဝင်နေကြပါတယ်။ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်းမရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာ အစိုးရကိုယ်တိုင်က နိုင်ငံတော်အကြမ်းဖက်မှု (State Terrorism) ကို ကျူးလွန်တတ်မှုတွေ ရှိသလို၊ နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့ နိုင်ငံတွေမှာ တော်လှန်ရေး အဖွဲ့အစည်းတွေက လက်နက်ကိုင်တော်လှန်ရေး စည်းဘောင်ကို ကျော်လွန်ပြီး အကြမ်းဖက် လုပ်ရပ်တွေဆီကို ဦးတည်သွားတတ်တာမျိုးတွေလဲ ရှိပါတယ်။ ပြည်တွင်းရေး ပဋိပက္ခကနေ ဘောင်ကျော်ပြီး နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်မှု ခံလာရစေရေးအတွက် ကျူးလွန်တဲ့ Media Terrorism ဆိုတဲ့ အမျိုးအစားကလဲ ရှိပါသေးတယ်။

၁၉၆၈ ခုနှစ်တုန်းက E1 A1 လေကြောင်းလိုင်းတွေကို ပါလက်စတိုင်း တော်လှန်ရေးသမားတွေက ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပါလက်စတိုင်း တော်လှန်ရေးသမားတွေဘက်က ကြည့်ရင် နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်ခံရအောင်ပြုလုပ်တဲ့ နည်းလမ်းတခု ဖြစ်ပေမယ့် ဒီလိုပြန်ပေးဆွဲမှုတွေမှာ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရမှုတွေ ပါဝင်လာတဲ့အတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းက တော်လှန်ရေးသမားတွေအနေနဲ့ အသိအမှတ် မပြု ခဲ့ပဲ အကြမ်းဖက်သမားတွေအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေထဲမှာ ဘာသာရေးအစွန်းရောက်မှု၊ နိုင်ငံရေးအတွေးအခေါ် အစွန်းရောက်မှုတွေ ကနေ ထွက်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေလဲ အများအပြား ရှိပါသေးတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို နိုင်ငံတော်အစိုးရတွေကိုယ်တိုင်က နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ state-sponsored terrorism အမျိုးအစားတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့တာနဲ့ လူအများ သေကြေပျက်စီးရုံမက လူတွေအကြားမှာ အကြောက်တရားပျံ့ပွားလာတာတွေ ဖြစ်လေ့ရှိပါတယ်။ အကြမ်းဖက်မှုကို ထောက်ခံအားပေးသူတွေနဲ့ ဆန့်ကျင်သူတွေအကြား နိုင်ငံရေး လိုအပ်ချက် ဆိုတာပေါ် အခြေခံတဲ့ အငြင်းပွားမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

လူတယောက်တည်းမှာတင် အသက် သုံးနှစ်အရွယ် ကလေးတယောက်ရဲ့ မီးဆိုတာ ပူတယ်၊ မကိုင်ရဘူး ဆိုတဲ့ အသိနဲ့ အသက် သုံးဆယ်အရွယ် လူတယောက်ရဲ့ မီးဆိုတာ ဘယ်လို အသုံးချရမယ်၊ မီးဘေးအန္တရာယ် မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်၊ မီးဘေးသင့်လာရင် ဘယ်လို စီမံဆောင်ရွက်ရမယ် ဆိုတဲ့ အသိတရားတွေ မတူပါဘူး။ ဒီတော့ အတွေးအခေါ်ရေချိန်၊ အယူအဆရေချိန်၊ ပညာအရည်အချင်းရေချိန်၊ အလုပ်အကိုင် နဲ့ တာဝန်ယူမှု ရေချိန်၊ ဘ၀ဖြတ်သန်းမှု ရေချိန်တွေမှာ အမျိုးမျိုး ကွဲပြားခြားနားနေတဲ့ လူတွေအတွင်းမှာ အငြင်းပွားမှုတွေ ဖြစ်တတ်ကြတာ ထုံးစံတခုပါပဲ။ အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး ပါလီမန်တွေ၊ တက္ကသိုလ်ကျောင်းတွေကနေ လမ်းဘေး အရပ်သားစကားဝိုင်းတွေအထိ အငြင်းပွားမှုတွေ ရှိတတ်ပါတယ်။

အငြင်းပွားမှုများ

အငြင်းပွားမှုတွေထဲမှာ လက်နက်ကိုင်တော်လှန်ရေး (Armed Struggles) ဆိုတာနဲ့ အကြမ်းဖက်မှု (Terrorism) ကို ကွဲကွဲပြားပြား နားမလည်သူတွေက ဒီနှစ်ခုကို ရောထွေးပြီး ငြင်းခုန်လေ့ရှိပါတယ်။ ဒီလိုရောထွေးပြောဆိုမှုတွေဟာ တော်လှန်ရေးတရပ်ရဲ့ လူထုစည်းရုံးရေး လုပ်ငန်းစဉ်ကို သွေဖည်ရာ ရောက်သလို လူထုထောက်ခံမှု စွမ်းအား ကျဆင်းလာအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ကမ္ဘာတ၀ှမ်းလုံးက ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုတွေကို ရှုမြင်ပုံတွေ လုံးဝ မတူညီပါဘူး။

လက်နက်ကိုင်တော်လှန်ရေးဆိုတာကို မြို့ပြပျောက်ကျားစစ်အနေနဲ့ ဆင်နွှဲတာပဲ ဖြစ်ဖြစ်၊ ကျေးရွာအခြေခံပြီး မြို့ကို သိမ်းတာပဲ ဖြစ်ဖြစ် ဘယ်လိုပုံသဏ္ဍာန်နဲ့ ဆင်နွှဲသည်ဖြစ်စေ တရားသော တော်လှန်ရေးဖြစ်ရင် လူထုက ထောက်ခံပါတယ်။ နိုင်ငံတကာကလဲ ထောက်ခံပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုဆိုတာကိုတော့ ပြည်သူလူုထုက မထောက်ခံပါဘူး။ နိုင်ငံတကာကလဲ မထောက်ခံပါဘူး။ ဒီလိုအခြေအနေတွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်မဟာမိတ် အဖွဲ့ အစည်းတွေ အနေနဲ့ သေသေချာချာ သဘောပေါက် နားလည်ဖို့ လိုပါတယ်။

လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုအကြားမှာ ခြားထားတဲ့ စည်းဘောင်ဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ ချီတက်လာတဲ့ စစ်ကြောင်းတခုကို မိုင်းဆွဲတိုက်ခိုက်မှု၊ မြို့ပြမှာ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံကို ဗုံးခွဲမှုဆိုရင် ဒါဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပြည်သူလူထုအကြားမှာ ပစ်မှတ်ကို တိုက်ခိုက်မှုဆိုတာကျတော့ indiscriminate killings ဖြစ်သွားပါတယ်။ ဒါကို အမှန်တရားပါလို့ ဘယ်လိုပဲ Justification လုပ်လုပ် အကြမ်းဖက်မှုဖြစ်သွားပါတယ်။ တော်လှန်ရေးတခုရဲ့ စည်းဘောင်ကို ကျော်သွားပြီး တော်လှန်ရေးသမားတယောက် ထားရှိရမယ့် ကျင့်ဝတ်ကို ချိုးဖောက်လိုက်တာနဲ့ အကြမ်းဖက်သမား တယောက်ဖြစ်သွားပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို တော်လှန်ရေး အသိုင်းအ၀ိုင်းကလဲ ပြတ်ပြတ် သားသား ဆန့်ကျင်ကန့်ကွက်ကြရမှာဖြစ်ပါတယ်။

Justification လိုက်လုပ်ပေးရင် လုပ်သူတွေကို အကြမ်းဖက်မှုကို ထောက်ခံအားပေးသူတွေ ဖြစ်သွားပါတယ်။ ဒီထက် ပိုဆိုးတာက တော်လှန်ရေးလှေကို ပင်လယ်ပြင်မှာ ၀မ်းဗိုက်ဖောက်လိုက်တာနဲ့ အတူတူပါပဲ။ လှေမှောက်တတ်ပါတယ်။ ကမ္ဘာပေါ်မှာ တော်လှန်ရေးစည်းဘောင်ကို ကျော်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်လိုက်လို့ အမှန်က အမှားဖြစ်ပြီး ရစရာမရှိအောင် ကြေမွကျဆုံးသွားခဲ့ရတဲ့ တော်လှန်ရေးတွေ အများကြီးပါပဲ။

ကမ္ဘာတ၀ှမ်းလုံးမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ရောထွေး ပြောဆိုတတ်သူ လူနှစ်မျိုး ရှိပါတယ်။ တမျိုးက ကွဲပြားခြားနားမှုကို နားမလည်သူတွေဖြစ်ပါတယ်။ တမျိုးကတော့ နိုင်ငံရေးအစွန်းရောက် အတွေးအခေါ်တွေကြောင့် အကြမ်းဖက်မှုမှန်း သိပါလျက်နဲ့ ဒါကိုထောက်ခံ အားပေးပြီး Terrorist Propaganda of Justification ကို လုပ်ဆောင်နေသူတွေပါ။

ပထမအမျိုးအစားကိုတော့ ကွဲပြားခြားနားမှုကို ရှင်းလင်းပြောဆို အသိပညာပေးရပါမယ်။ ဒုတိယ အမျိုးအစားကိုတော့ သူတို့ Justification လုပ်နေတဲ့ အယူအဆတွေဟာ မှားယွင်းကြောင်း အသိပညာပေးခြင်းနဲ့ လိုအပ်လာရင် နှိမ်နင်းအရေးယူခြင်းတွေ ပြုလုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်မှုကို ထောက်ခံတဲ့ သဘောတရားတွေ ပျံ့နှံ့သွားပြီး၊ လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security) ကို ထိခိုက်စေပါတယ်။ အာဏာရှင်နိုင်ငံတွေရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ တော်လှန်ရေးသဘောတရားတွေ ပျံ့နှံ့သွားရင် အောင်ပွဲကို ဦးတည်စေ ပါတယ်။ အကြမ်းဖက်မှု သဘောတရားတွေ ပျံ့နှံ့သွားရင်တော့ ကျရှုံးခြင်းကို ဦးတည်စေတဲ့အပြင်၊ အာဏာရှင်စနစ် ကျဆုံးပြီး နောက်ပိုင်းကာလတွေရဲ့ တိုင်းပြည် တည်ဆောက်ရေး ကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ တခါတရံမှာ conflict escalation ဖြစ်ပြီး ကမ္ဘာတ၀ှမ်းလုံးကိုပါ ပျံ့သွားတတ်ပါသေးတယ်။

တကယ်တော့ Global Terrorism ထွက်ပေါ်လာရခြင်းရဲ့ အခြေခံ source ဟာ intra-state conflicts တွေပဲ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံတော်အစိုးရတွေက state-terrorism ကျူးလွန်မှုတွေ ရှိလာလို့ နိုင်ငံတကာက ၀င်ရောက်ဖြေရှင်းပေးဖို့ ကြိုးပမ်းနေရမှုတွေ ရှိနေသလို၊ တပြိုင်နက်တည်းမှာပဲ Non-State actors တွေဖြစ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက political frustration ဖြစ်ပြီး အကြမ်းဖက်မှုတွေ မလုပ်လာအောင်ကိုလဲ စောင့်ကြည့်အကဲခတ်မှုတွေ၊ အသိပညာပေးမှုတွေ လုပ်လာကြရပြန်ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စာရင်းတွေကို နိုင်ငံတကာ ပညာရှင်တွေက ရှာဖွေပြုစုပြီး၊ ဒီအဖွဲ့အစည်းတွေကို တော်လှန်ရေး အဖွဲ့အစည်းတွေကနေ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်အောင် တွန်းအားပေး လှုံ့ဆော်လိုက်တဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုတွေကို လေ့လာဆန်းစစ်နေကြပါတယ်။

အကြမ်းဖက် အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တွေ တော်လှန်ရေးခေါင်းဆောင်တွေ ဖြစ်လာရင် အလွန်အန္တရာယ် ကြီးမားတဲ့အတွက် ဒီခေါင်းဆောင်တွေကို စုံစမ်းရှာဖွေ ဖော်ထုတ်ပြီး ၄င်းတို့ရဲ့ ငွေကြေးအလွှဲအယူများကို လေ့လာစောင့်ကြည့်ရေး၊ ၄င်းတို့ ဦးဆောင်တဲ့ အဖွဲ့အစည်းများရဲ့ တော်လှန်ရေးလမ်းစဉ်ကို ဆန်းစစ်လေ့လာရေး၊ နောက်လိုက် အဖွဲ့ဝင်များအတွင်းမှ အကြမ်းဖက်မှုကို ထောက်ခံအားပေးနိုင်ဖွယ် ရှိသူများကို ဖော်ထုတ်ရေး စတဲ့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ဖို့ ကိုလဲ နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများက ကြိုးပမ်း ဆောင်ရွက် နေကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ အကြမ်းဖက် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အမည်တွေဟာ တိုးပွားလာတာသာ ရှိပြီး၊ လျော့နည်းသွားတာ မရှိတဲ့အတွက် အကြမ်းဖက်မှုကို လက်နက်တခုအဖြစ် အသုံးချလိုက်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ တိုင်းဟာ အောင်ပွဲနဲ့ ဝေးကွာသွားခဲ့ကြတယ် ဆိုတာပါပဲ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုဆိုတာကို ကွဲကွဲပြားပြား နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု

လက်နက်ကိုင်တော်လှန်ရေး (A/S)၊ တော်လှန်ရေးစစ်ပွဲ Guerrillas Warfare (GW)၊ သူပုန်ထမှု Insurgency၊ တော်လှန်ရေး (Revolution) အမျိုးသားလွတ်မြောက်ရေး (National Liberation) စတာတွေအားလုံးဟာ Political Violence အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Political Violence ဆိုတာက လူသားသမိုင်းနဲ့ အတူမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ မတရားမှုတွေက ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဆိုတာ လူ့တာဝန်တရပ် ဖြစ်လာပါတယ်။ ဒီတာဝန်ကို ကမ္ဘာတ၀ှမ်းလုံးက ပြည်သူ လူထုကြီးက အသက်နဲ့ရင်းပြီး ထမ်းဆောင်ခဲ့ကြပါတယ်။ မတရားတဲ့ အာဏာရှင် အစိုးရများစွာဟာ လူထုကြီးရဲ့ Political Violence တွေကြောင့် အာဏာကို စွန့်လွှတ်ခဲ့ကြရပါတယ်။ Political Violence တွေကြောင့် အမေရိကန်တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပါတယ်။ Thomas Jefferson က တော်လှန်ပုန်ကန်မှုဆိုတာ အစိုးရတရပ်ရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအတွက် လိုအပ်တဲ့ ဆေးဝါး ဖြစ်တယ်လို့ ဆိုထားခဲ့ဖူးပါတယ်။

utilitarianism နဲ့ ပတ်သက်ရင် ဆရာတဆူဖြစ်တဲ့ John Stuart Mill ကလဲ political violence ဆိုတာကို ဖြစ်ပေါ်လာတဲ့ အခြေအနေတရပ်မှာ ကျင့်ဝတ်အားဖြင့် ဘယ်လောက်မှန်ကန်တယ်ဆိုတဲ့ balance of reason ပေါ်မှာ မူတည်ပြီး justify လုပ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ တကယ်လို့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်နေပြီဆိုရင်၊ လူထုရဲ့ အမြင်နဲ့ သဘောထားတွေကို လျစ်လျူပြုနေပြီဆိုရင် ဒီလို အခြေအနေမျိုးမှာ လူထုအနေနဲ့ political violence ကို အသုံးပြုပြီး တော်လှန်ရမှာဖြစ်တယ်ဆိုတဲ့ သဘောတရားကို ပေါ်လွင်အောင် ရေးသားထားခဲ့ပါတယ်။ Political Violence ကို အသုံးပြုရာမှာ တရားမျှတမှုရှိမရှိ ဆိုတဲ့ အချက်နဲ့ အောင်ပွဲအတွက် ဖြစ်နိုင်ချေရှိမှု နှစ်ခုကို ကြည့်ပြီး justify လုပ်ဖို့ ဆိုထားခဲ့ပါတယ်။

Commentator Robert Audi ကတော့ တခြားငြိမ်းချမ်းရေးနည်းလမ်းများကို ဘယ်လိုမှ အသုံးပြုလို့ မရနိုင်တော့တဲ့အဆုံးမှာ Political Violence ကို နောက်ဆုံးနည်းလမ်းအနေနဲ့ အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူက နိုင်ငံရေးအဖွဲ့အစည်းတခုဟာ တောင်းဆိုမှု၊ အသနားခံမှုတွေ ဘာမှကို ထပ်လုပ်လို့ မရနိုင်တော့တဲ့ အခြေအနေ၊ တောင်းဆိုချက်မှန်သမျှကို လျစ်လျူရှုခံနေရတဲ့ အခြေအနေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခံလိုက်ရတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ၊ ပုန်ကန်တော်လှန်မှုတွေ ပြုလုပ်တဲ့ တော်လှန်ရေး လမ်းကြောင်းတခုပေါ်ကို တက်ရောက်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုထားခဲ့ပါတယ်။ အာဏာရှင် အစိုးရတွေကို သံတမန်နည်းလမ်း၊ သာမန် တောင်းဆိုချက် နိုင်ငံရေးနည်းလမ်းတွေနဲ့တော့ အောင်မြင်အောင် ဆန့်ကျင်နိုင်မှာ မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုတွေးခေါ်ပညာရှင်တွေအပါအ၀င် ကမ္ဘာ့ပြည်သူလူထုဟာ Political Violence အမျိုးအစားတွေဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ သူပုန်ထမှုတွေ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်တဲ့ အာဏာရှင်တွေကို ပုန်ကန်မှုတွေအနေနဲ့ တခဲနက် ထောက်ခံအားပေးခဲ့ကြပါတယ်။ အဖိနှိပ်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်တဲ့ Non-State actors တော်လှန်ရေးအဖွဲ့အစည်းတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ နိုင်ငံရေးအမြော်အမြင် မရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်း တချို့ဟာ မကျူးလွန်သင့်တဲ့ ရာဇ၀တ်မှုတွေကို စတင် ပြုလုပ်လာကြပါတော့တယ်။ မိမိတို့ သက်ဆိုင်ရာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ထိပါးစေတဲ့ ဗုံးဖောက်ခွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ စစ်ပွဲမှာတောင် ရှောင်ရှားရမယ့် ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်းစတာတွေကို စီးနင်းမှုတွေ၊ အများပြည်သူ အသုံးပြုတဲ့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပါတယ်။

ဒီလို လုပ်ဆောင်လာမှုတွေမှာ Political Frustration ကြောင့် ပေါ်ထွက်သွားတဲ့ တိုက်ခိုက်မှုတွေသာမက အဖွဲ့အစည်းရဲ့ အမည်ကို လူသိထင်ရှားဖြစ်စေလိုမှု၊ ခေါင်းဆောင်အမည် နာမည်ကျော်ကြားလိုမှုနဲ့ ဒီလို မတည်မငြိမ်ဖြစ်မှုတွေကနေ အုပ်ချုပ်ရေးယန္တရားကို ပျက်ယွင်းစေလိုမှု စတဲ့ ရည်ရွယ်ချက်တွေပါ ပါဝင်လာကြပါတယ်။ ဒါတွေဟာ (၁၉၇၀) နှောင်းပိုင်း ကာလတွေမှာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေ၊ လက်နက်ကိုင်တော်လှန်ရေး ရေချိန် နိမ့်တုန်မြင့်တုန် ဖြစ်ကုန်မှုတွေနဲ့ တော်လှန်ရေးလမ်းစဉ်တွေကို လူထုက အပြည့်အ၀ ထောက်ခံ ပါဝင်မှု လျော့ပါးလာမှုတွေရဲ့ နိဒါန်း အစပါပဲ။ တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ဝေေ၀၀ါးဝါး နဲ့ နားလည်မှုတွေ ရှုပ်ထွေးကုန်ကြပါတယ်။ တော်လှန်ရေးသမားတွေကို အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ် ချေမှုန်းနိုင်ခွင့်ကို အာဏာရှင်တွေကို သွားပေးလိုက်သလို ဖြစ်ကုန်ပြီး၊ အာဏာရှင်တွေက ဦးဆောင်ပြုလုပ်တဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) တွေ သက်ဆိုးရှည်ရေးအတွက် အထောက်အကူ ပေးလိုက်သလိုတွေ ဖြစ်ကုန်ပါတော့တယ်။

တချို့တော်လှန်ရေးအဖွဲ့အစည်းတွေကျတော့ Media attention ရအောင်ဆိုပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေက လေယာဉ်တွေကို ပြန်ပေးဆွဲတာတွေ၊ သံရုံးတွေကို ၀င်ရောက်စီးနင်းမှုတွေ၊ တိုက်ခိုက်မှုတွေကိုပါ ပြုလုပ်လာကြပြန်ပါတော့တယ်။ ဒီလုပ်ရပ်တွေဟာ တော်လှန်ရေးတရပ်ရဲ့ ခြေလှမ်းတွေကို တခါတည်း တုံ့ဆွဲလိုက်သလို ဖြစ်သွားပါတယ်။ အိမ်တအိမ်မှာ အဖေက အရက်မူးပြီး သောင်းကျန်းနှိပ်စက်တဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ခံနေရတဲ့ အမေကို လူတွေက ကိုယ်ချင်းစာ သနားကြစမြဲပါပဲ။ ဒါပေမယ့် ဒီအမေက အဖေ့ဒေါသအောက်မှာ ပြားပြားဝပ်နေတဲ့ မျက်စိသူငယ်၊ နားသူငယ် ကလေးလေးကို မဆီမဆိုင် သွားရိုက်တဲ့အခါ ဒီဖြစ်ရပ်အပေါ်မှာ ရှုမြင်သူ နှစ်မျိုးပေါ်ထွက်လာပါတယ်။ ဒါကို အမေ့ရဲ့ အမှားလို့ တွက်သူက တွက်ပြီး၊ အမေက ဘယ်လောက်ခံစားနေရလဲ ဆိုတာကိုကော နားမလည်ပေးနိုင်ဘူးလားလို့ ယူဆသူတွေက ယူဆတာမျိုးပါ။ အမေ့ရဲ့ ဒုက္ခကို လူတွေက ခံစားနားလည်ပေးပြီး အဖေဖြစ်သူရဲ့ အမှားလို့သာ လူတွေက တွက်ဆနေချိန်မှာ အမေဖြစ်သူရဲ့ တာဝန်က အဖေ့ဒေါသ စက်ကွင်း ကလေးငယ်လေးဆီ မကျရောက်အောင် တတ်နိုင်သမျှလေး ကာကွယ်ပေးရမယ့် အခြေအနေမျိုးပါ။

ဒါကို အမေမပီသပဲ မိမိရဲ့ ဒုက္ခကို ကလေးဆီကိုပါ ထပ်မျှဝေပေးလိုက်တာကတော့ အမေ့အမှား ဖြစ်သွားပါပြီ။ ဒါကြောင့် အဖေ့လုပ်ရပ်ကိုလဲ ဆန့်ကျင်သလို အမေ့အမှားကိုလဲ ကန့်ကွက်ရှုတ်ချရမှာပဲ ဖြစ်ပါတယ်။ ဒီကြားထဲ အမေဖြစ်သူက သူ့ရဲ့ ဒုက္ခတွေကို လူအများသိစေဖို့ လမ်းမပေါ်ထွက်ပြီး တုတ်တချောင်းနဲ့ တွေ့သမျှကလေး လိုက်ရိုက်နေရင်တော့ ရပ်ကွက်အနေနဲ့က အဖေ့လုပ်ရပ်တွေ ဆန့်ကျင်ရေးထက် အမေ့ကို နှိမ်နင်းထိန်းချုပ်ရေးကိုပဲ ဦးစားပေးလာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ အကြမ်းဖက်မှုနှိမ်နင်း တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ငန်းဆောင်တာ အဖြစ် ထည့်သွင်းလာကြတာဟာ ဒီသဘောပါပဲ။ ဒါကြောင့် အမှန်ကနေ အမှားမဖြစ်သွားစေဖို့ တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေအပါအ၀င် တော်လှန်ရေး သမားတိုင်းမှာ တာဝန်ရှိပါတယ်။

တော်လှန်ရေးသမားတယောက်ဟာ အရပ်သား ပြည်သူလူထုကို တိုက်ခိုက်ပြီဆိုတာနဲ့ အကြမ်းဖက်သမား ဖြစ်သွားပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တရပ်ဟာ ပြည်သူလူထုကို ပစ်မှတ်အဖြစ် ထားပြီး တိုက်ခိုက်တာတွေ၊ ရန်သူချေမှုန်းရေးမှာ ပြည်သူအများ သေကြေပျက်စီးစေနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုတာနဲ့ ဒီတော်လှန်ရေးအဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပါတယ်။ ဒီလိုပါပဲ။ အစိုးရတရပ်ဟာလဲ ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်တာ၊ လူထုတိုက်ပွဲတွေကို အကြမ်းဖက် နှိမ်နင်းတာနဲ့ ဒီအစိုးရဟာ နိုင်ငံတော်အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ အကြမ်းဖက် အစိုးရဖြစ်သွားပါတယ်။ ဒီလို အကြမ်းဖက် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အကြမ်းဖက် နိုင်ငံတော်အစိုးရတွေကို စစ်မှန်တဲ့ တော်လှန်ရေးသမားတွေ အပါအ၀င် ပြည်သူလူထု တရပ်လုံးက ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး Terrorist Propaganda of Justification အကြောင်းကို ဆက်လက် တင်ပြပါမယ်။

Terrorist Propaganda of Justification

နိုင်ငံရေးပညာရှင် ဒေါက်တာ မောရစ်တာ့ခ်ဝဲလ် ဆိုသူက ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေ သုံးလေ့ရှိတဲ့ ၀ါဒဖြန့်ချိရေးတွေကို လေ့လာကြည့်ရာမှာ အကြမ်းဖက်လုပ်ရပ်တွေအပေါ် justification လုပ်ပြတဲ့ အချက်သုံးချက်ကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအချက် သုံးချက်ကတော့

*တို့တတွေဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ ပြည်သူလူထုရဲ့ လွတ်မြောက်ရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့ ပြည်သူ့ရန်သူတွေကို နှိမ်နင်းနေတာဖြစ်တယ်။ ဒီအတွက် တော်လှန်ရေး လှုပ်ရှားမှုကာလမှာ ပြည်သူ့ရန်သူတွေကို ချေမှုန်းတဲ့ ဘယ်လို လုပ်ငန်းစဉ်မျိုးကို မဆို လူထုက ထောက်ခံရမှာ ဖြစ်တယ်။
*တို့တတွေဟာ ပြည်သူ့ရန်သူနဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒီလို တော်လှန်ရေးမှာ လူထုတရပ်လုံးက ပူးပေါင်းပါဝင်ရမယ်။ ရန်သူတွေကို ပေါင်းသင်းဆက်ဆံရေး မလုပ်ရဘူး။ ရန်သူကို ချေမှုန်းရင်းနဲ့ ရန်သူ့အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေပါ ထိခိုက်သွားရင် တာဝန်မယူဘူး။

*တို့တတွေဟာ ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်တယ်။ ဒါကြောင့် ကြားနေတာကို လက်မခံနိုင်ဘူး။ ငါတို့နဲ့ ပူးပေါင်းပြီး ရန်သူကို တိုက်ရမယ်။ ငါတို့နဲ့ မပူးပေါင်းရင် ရန်သူ့လူလို့ သတ်မှတ်မယ်။ ရန်သူကို မတိုက်ပဲ ကြားမှာ နေသူတွေကို တော်လှန်ရေးအပေါ် မထောက်ခံသူတွေလို့ သတ်မှတ်မယ်။ ဒီလိုလူတွေ တော်လှန်ရေးအပေါ် ကိုယ်ချင်းစာနာစိတ်ရှိလာအောင်၊ ခံစားနားလည်တတ်လာအောင် အကြမ်းဖက်နည်းလမ်းတွေနဲ့ နှိုးဆွပေးဖို့ လိုတယ်။

ဒီအချက်သုံးချက်ဟာ တော်လှန်ရေးသမားတွေ အကြမ်းဖက်မှုကို လက်ခံကျူးလွန် လာစေတဲ့ အတွေးအခေါ်၊ အယူအဆမှားတွေ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Paul Wilkinson ဆိုသူကလဲ တတိယအချက်ဖြစ်တဲ့ ရန်၊ ငါ ပြဿနာဟာ တော်လှန်ရေးသမားတွေကို လူထုအပေါ် အညှာအတာမရှိ အကြမ်းဖက်မှုကျူးလွန်အောင် လှုံ့ဆော်ပေးလိုက်တဲ့ ပြဿနာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေက ဒီ ရန်၊ ငါဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးပြုတတ်ကြပါတယ်။ တော်လှန်ရေးသမားတွေက ပြုလုပ်တဲ့ အကြမ်းဖက်မှုတရပ်မှာ ပြည်သူလူထုကို ထိခိုက်စေတာ မှန်ပေမယ့် တဘက်ရန်သူကို နှိမ်နင်းနိုင်တယ်ဆိုရင် အောင်ပွဲလို့ သတ်မှတ်ရမယ်၊ ပြည်သူလူထုကြီးအနေနဲ့ ဒီလိုထိခိုက်မှုတွေ ဆက်မဖြစ်စေချင်ရင် တော်လှန်ရေးထဲ ပါလာရမယ် ဆိုတဲ့ အယူအဆတရပ်ပါ။ ဒီအယူအဆဟာ အလွန်အန္တရာယ်ကြီးမားပြီး တော်လှန်ရေးလှေကို ၀မ်းဗိုက်ကနေ ထိုးခွဲချ၊ မြှုပ်ပစ်လိုက်နိုင်တဲ့ အယူအဆမျိုးပါ။ တော်လှန်ရေးတရပ်ရဲ့ လူထုထောက်ခံမှု မဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက် နိုင်ပါတယ်။

တော်လှန်ရေးသမားဆိုတာကလဲ အဖိနှိပ်ခံ ပြည်သူလူထုထဲကနေမှ မွေးဖွားလာတာ ဖြစ်ပါတယ်။ အဖိနှိပ်ခံ ပြည်သူဘက်ကနေ ရပ်တည်ပြီး ဖိနှိပ်တဲ့ အုပ်ချုပ်ရေးယန္တရားကို ပြည်သူလူထုနဲ့အတူ လက်တွဲတော်လှန်ဖို့ တော်လှန်ရေးသမား လူတန်းစားတရပ် ထွက်ပေါ်လာ တာဖြစ်ပါတယ်။ လူထုကို ဒီလို အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားသွင်းပြီး စည်းရုံးရေး လုပ်လို့ မရပါ။ ဒီလုပ်ရပ်တွေဟာ လူထုနဲ့ တော်လှန်ရေးကို ကင်းကွာသွားစေနိုင်ပါတယ်။

ပြည်သူလူထုရဲ့ အနာဂတ်ကြမ္မာကို ဖန်တီးပေးနိုင်မယ့် တော်လှန်ရေးဆိုတာ ရေကန်ထဲမှာ ပွင့်လန်းလာတဲ့ ကြာပန်းလေးတပွင့်ပါ။ ဒီလိုအခါမှာ ဒီရေကန်ကို ခန်းခြောက်အောင် လုပ်သူတွေ၊ဒီရေကန်ကို ညစ်နွမ်းအောင်၊ သွေးစွန်းအောင် လုပ်သူတွေဟာ တော်လှန်ရေးသမားတွေရဲ့ ရန်သူတွေပဲ ဖြစ်ပါတယ်။ ရန်၊ ငါ စည်းပြတ်ရမယ်ဆိုတာ တော်လှန်ရေးသမား အချင်းချင်း ပုလင်းတူ၊ ဘူးစို့ လုပ်ပြီး၊ အချင်းချင်း ကာကွယ်ပေးဖို့ကို ဆိုလိုတာ မဟုတ်ပါ။ ပြည်သူလူထုကို ဒုက္ခပေးမယ့် ရန်သူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရဲတဲ့ တော်လှန်ရေးသစ္စာတရားရှိခြင်းကို ဆိုလိုပါတယ်။ တော်လှန်ရေး သစ္စာတရားဆိုတာ တော်လှန်ရေးသမား အချင်းချင်း သစ္စာစောင့်သိမှုကို ဆိုတာမဟုတ်ပါ။ ပြည်သူလူထုအပေါ်မှာ ထားရှိတဲ့ တော်လှန်ရေးသစ္စာတရားကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်ဆိုရင် တော်လှန်ရေးသမားတယောက်ဟာ ရန်ငါ စည်းပြတ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်၊ ငါ စည်းဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးချလာတဲ့အခါ ဒါကို လူထုရှေ့က ရပ်တည်တဲ့ တော်လှန်ရေးသမားတွေက ကန့်ကွက်ရှုတ်ချရမှာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ justification တွေမှာ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေး သမားတွေနဲ့ လူထုက လက်ခံလာအောင် ဒီလိုနည်းတွေနဲ့ justification လုပ်နေတာတွေ ရှိသလို၊ တော်လှန်ရေးသမားတွေ ကိုယ်တိုင်က အကြမ်းဖက်မှုဆိုတာ တော်လှန်ရေးတရပ်ရဲ့ Political Ends အတွက် အသုံးပြုရမယ့် Means တရပ်အနေနဲ့ လက်ခံကျင့်သုံးလာစေတဲ့ Justification တွေလဲ ရှိပါသေးတယ်။ ပညာရှင်အများစု အာရုံစိုက်တာကတော့ Thrasymachan Justification ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေကို သင်ကြားပို့ချတဲ့ နိုင်ငံရေးသဘောတရားရေးရာ သင်တန်းတွေအထိ ပါဝင်နေတတ်တာ ဖြစ်တဲ့အတွက် အထူးသတိထားရမယ့် အချက်တရပ်ပါ။ လက်ခံ အသုံးချမိတာနဲ့ တော်လှန်ရေးရဲ့ political goals တွေနဲ့ တစတစ ဝေးကွာသွားစေနိုင်သလို၊ အပြစ်မဲ့ ပြည်သူအများကိုလဲ ဒုက္ခရောက်စေတော့တာပါပဲ။

Thrasymachan Justification for Terrorism

နိုင်ငံရေး၊ ဘာသာရေး အစွန်းရောက်နေသူတွေဟာ ဥပဒေကြောင်းအရ၊ ကိုယ်ကျင့်တရားအရ အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်တာတွေကို လက်ခံစဉ်းစားလေ့မရှိကြပါဘူး။ သူတို့က ဒါတွေကို ရန်သူကို ထောက်ခံနေသူတွေကသာ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်လို့ အထင်ရောက်တတ်ကြပြီး အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်သူတွေကို ရန်သူ့ဘက်တော်သားတွေအနေနဲ့ သတ်မှတ် စွပ်စွဲတတ်ကြပါတယ်။ အကြမ်းဖက်မှုကြောင့် လူအများကြားမှာ climate of fear ပျံ့နှံ့လာပြီး နိုင်ငံရေးအကျပ်အတည်းတွေကို ဖောက်ထွက်နိုင်မယ့် political outrage ကို ဖန်တီးနိုင်မယ်လို့လဲ ယူဆထားလေ့ရှိကြပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်တာဟာ ဒီလို political outrage ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေကို နှောင့်နှေးအောင် လုပ်တာလို့ ထင်မြင်စွပ်စွဲတတ်ကြပါတယ်။ ဒီလို တွေးခေါ်ယူဆချက်တွေ၊ ထင်မြင်စွပ်စွဲမှုတွေဟာ Thrasymachan Justification အပေါ်မှာ သက်ဝင်ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသင်တန်းတွေ၊ ခေါင်းဆောင်တွေရဲ့ နှုတ်မြွက်စကားတွေမှာ Thrasymachan Justification သဏ္ဍာန်တွေ ပါဝင်လာပြီဆိုရင် ကြောက်မက်ဖွယ်ရာ သမိုင်းနိဒါန်းတွေ စလာတော့မယ်လို့ ဆိုနိုင်ပါတယ်။ Thrasymachan Justification မှာ သဏ္ဍာန်ကြီးနှစ်ခု ရှိပါတယ်။ ပထမသဏ္ဍာန်က အကြမ်းဖက်မှုဆိုတာ တော်လှန်ရေး ရှိနေကြောင်းကို ဖော်ကျူးနေတဲ့ ပြယုဂ်တခုဖြစ်တယ်။ တော်လှန်ရေးကို လူအများက သိရှိလာဖို့၊ လက်ခံယုံကြည်လာဖို့၊ လူအများရဲ့ စိတ်ဓာတ်တွေ နိုးကြားတက်ကြွလာဖို့အတွက် လူအများသတိပြုမိနိုင်မယ့် အချိန်ကာလတွေ၊ နေရာတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို ပြုလုပ်ဖို့ လိုအပ်တယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ရန်သူကို အားပျော့သွားအောင်၊ စိတ်အနှောင့်အယှက် ဖြစ်အောင်၊ ရန်သူရဲ့ အားနည်းချက်ကို လူအများသိလာအောင် လုပ်နိုင်မယ်။ လူတွေအကြားမှာ အကြောက်တရားတွေ ပျံ့နှံ့လာပြီး ၊ ဘက်တခုမှာ ရပ်တည်မှ ဖြစ်တော့မယ်လို့ ယူဆချက်တွေ ပေါ်ထွန်းလာမယ်၊ တော်လှန်ရေးနဲ့ ပူးပေါင်းလာကြမယ် ဆိုတဲ့ သဏ္ဍာန်ပါ။ ရန်သူရဲ့ အုပ်ချုပ်ရေးယန္တရားကို မဖြိုဖျက်နိုင်ခင်မှာ ရေတိုအနေနဲ့ အကြမ်းဖက်မှုတွေ သုံးဖို့ လိုအပ်တယ်လို့ ဒီသဏ္ဍာန်ကို လက်ခံသူတွေက ပြောဆိုစည်းရုံးတတ်ပါတယ်။

ဒုတိယသဏ္ဍာန်ကတော့ ပိုပြီး ကြောက်မက်ဖွယ်ကောင်းပါတယ်။ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်။ တဘက်ရန်သူဟာ အားသာပြီး၊ တော်လှန်ရေးသမားတွေက အားနည်းသူတွေဖြစ်တဲ့အတွက် အကြမ်းဖက်မှုကို စစ်ပွဲရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုရမှာဖြစ်ပြီး၊ ဒီလိုအကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေဟာလဲ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးသာ ဖြစ်တယ်ဆိုတဲ့ သဏ္ဍာန်တခုပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေးသမားတွေဟာ ဒီသဏ္ဍာန် တမျိုးမျိုးကို လက်ခံလာပြီဆိုတာနဲ့ အကြမ်းဖက် စည်းဘောင်ကို ကျော်ဖို့ ၀န်မလေးတော့ပဲ ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ ဒီအတွေးအခေါ်တွေ လူထုကြားကို ပျံ့နှံ့လာတဲ့အခါ လူထုဟာ သူတို့ဘာသာ သူတို့ သားကောင်ဘ၀ကို ရောက်နေသူတွေလို့ ထင်မြင်ယူဆတတ်သွားပါတယ်။ တော်လှန်ရေးသမားတွေကို လူထုအတွက် ရှေ့ကနေ မားမားမတ်မတ် တိုက်ပွဲဝင်နေသူတွေလို့ မယူဆတော့ပဲ အာဏာရရှိရေးအတွက် နှစ်ဘက်အဖွဲ့အစည်း တိုက်ခိုက်နေကြတာမှာ လူထုက မြေစာပင်တွေဖြစ်လာတယ်လို့ ထင်မြင်သွားပါတော့တယ်။ အဲဒီအခါမှာ လူထုနဲ့ တော်လှန်ရေး ဝေးကွာသွားပါတယ်။

တော်လှန်ရေးမှာလဲ အစွန်းရောက် (radicals) တွေနဲ့ moderates တွေ ကွဲထွက်သွားပါတယ်။ radicals တွေက အင်အားကြီးမားနေတဲ့အခါ moderates တွေ ဘေးထွက်ထိုင်ကြပါတော့တယ်။ တော်လှန်ရေး အင်အားစုတွေ စတင်ပြိုလဲကုန်ပါတယ်။ လူထုစည်းရုံးရေး လုပ်ငန်းစဉ်ကို ထိခိုက်လာပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုကို ရေတိုပြယုဂ်အနေနဲ့ အသုံးပြုလိုက်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ရေရှည် လက်နက်တခုအနေနဲ့ ကိုင်စွဲထားတဲ့ တော်လှန်ရေးပဲဖြစ်ဖြစ် မူလတော်လှန်ရေး ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် ဖယ်ရှားရေး (သို့မဟုတ်) ကျူးကျော်တဲ့ အစိုးရ ပြန်ထွက်သွားရေး (သို့မဟုတ်) လူမျိုးရေး၊ ဘာသာရေး တန်းတူညီမျှခွင့် ရရှိရေး စတာတွေကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ပဲ ဖြစ်သွားကြတော့တာ ဖြစ်ပါတယ်။

Thrasymachan Justification ရဲ့ အရေးကြီးဆုံး အားနည်းချက်တခုကတော့ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးနဲ့ တွဲစပ်ထားခြင်းပါပဲ။ အကြမ်းဖက်မှုမပါပဲ ဆင်နွှဲနိုင်ခဲ့တဲ့ လူထုတိုက်ပွဲတွေ၊ လက်နက်ကိုင်တော်လှန်ရေးတွေ၊ အထွေထွေသပိတ်ကြီးတွေကြောင့် တော်လှန်ရေး ရည်မှန်းချက်တွေ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ခဲ့တာတွေ ကမ္ဘာမှာ အများကြီးပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို တွဲစပ်လိုက်မှသာ တော်လှန်ရေးသမားတွေဟာ hostes humani generis တွေ ဖြစ်ကုန်ကြတာပါ။ ဘယ်လို လူ့အဖွဲ့အစည်းမျိုးကမဆို ဒီလို scourge ကို ဆန့်ကျင်ကြပါတယ်။

နိဂုံး

ချုပ်၍ ဆိုရရင် အကြမ်းဖက်မှုဆိုတာက အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်ပျက်စီးစေခြင်း၊ တဘက်ရန်သူ အပြစ်ရှိသူတွေကို ချေမှုန်းတယ်ဆိုရာမှာလဲ အပြစ်မဲ့ ပြည်သူလူထုကိုပါ ဘေးထွက်ဆိုးကျိုးအဖြစ် ထိခိုက်စေခြင်း၊ လူထုအကြားမှာ အကြောက်တရား ပျံ့ပွားလာစေပြီး လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security)ကို ခြိမ်းချောက်ခြင်းစတဲ့ သဘောလက္ခဏာတွေ ဆောင်တာ ဖြစ်တဲ့အတွက် လူတွေရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from fear) လူ့အခွင့်အရေးကို တိုက်ရိုက်ခြိမ်းချောက်မှုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လူထုနဲ့ တသားတည်းရှိနေတဲ့ တော်လှန်ရေးသမားတွေဟာ လူ့အခွင့်အရေးကို ခြိမ်းချောက်လာတဲ့ အကြမ်းဖက်မှုကို ရေတိုလှုံ့ဆော်ရေးယန္တရား၊ ရေရှည်တော်လှန်ရေးလက်နက်တွေအနေနဲ့ အသုံးပြုမှုကို ရှောင်ကြဉ် ကြရမှာ ဖြစ်ပါတယ်။

တခါတရံမှာ အာဏာရှင်အစိုးရတွေက အကြမ်းဖက်မှုတွေကို တမင်ပြုလုပ်ပြီး လူထုနဲ့ တော်လှန်ရေးကို အဆက်ပြတ်သွားအောင် ပြုလုပ်လာတာတွေလဲ ရှိတတ်ပါတယ်။ ဒီလိုပြုလုပ်မှုတွေမှာ ရန်သူ့လူတွေ ထိခိုက်မှုတွေကို အကြောင်းပြုပြီး အကြမ်းဖက်မှုတွေကို Justification သွားမလုပ်မိဖို့ကိုလဲ တော်လှန်ရေးသမားတွေက အထူးပဲ ရှောင်ကြဉ်ရပါမယ်။ ဒီလို လုပ်လိုက်တာနဲ့ ရန်သူကျင့်သုံးတဲ့ COIN (Counter-Insurgency) ကင်ပိန်းကို အထောက်အကူ ပေးရာရောက်ပြီး ရန်သူ့ထောင်ချောက်ထဲကို ကျသွားတတ်လေ့ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေးဆင်နွှဲတယ်ဆိုတာ လမ်းဘေးမှာ အရက်မူးနေတဲ့ အရက်သမားနှစ်ယောက် ရန်ဖြစ်နေတာ မဟုတ်ပါဘူး။ တဘက်နဲ့ တဘက် အပြန်အလှန် ခွပ်နေကြတာကို လက်ခုပ်လက်ဝါးတီးပြီး ထိုင်အော်နေရမယ့် ကြက်ပွဲလဲ မဟုတ်ပါဘူး။ မတရားမှုတွေ ဥပဒေဖြစ်လာတာကို တော်လှန်ပုန်ကန်ကြရင်း တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူထဲကနေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။ ပြည်သူလူထုဟာ တော်လှန်ရေးဆိုတဲ့ ကြာပန်းရဲ့ ရေပြင်ဖြစ်ပါတယ်။ ရေပြင်မှာ သွေးရောင်လွှမ်းတာကို ရန်သူက လုပ်တာဆိုရင် ဆန့်ကျင်မယ်၊ တော်လှန်ရေးသမားက လုပ်တာဆိုရင် Justification လုပ်မယ်ဆိုတဲ့ အတွေးအခေါ်၊ အပြုအမူတွေဟာ တော်လှန်ရေး ကြာပန်းကို တစထက်တစ ညှိုးနွမ်းအောင် လုပ်ဆောင်ချက်တွေသာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေကို တော်လှန်ရေးသမားများ အပါအ၀င် လူ့အဖွဲ့အစည်းတရပ်လုံးက ညီညီညွတ်ညွတ် ကန့်ကွက်ဆန့်ကျင်ကြရ မှာ ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါတယ်။

ခင်မမမျိုး (၂၇၊ ၄၊ ၂၀၁၀)


ရည်ညွှန်းကိုးကား။ ။

Lee Anderson, The Evil in Terrorists’ Minds, Chattanooga Times Free Press B7 (Dec. 3, 2002)

Robert Audi, On the Meaning and Justification of Violence, in Violence 87 (Jerome Schaffer ed., McKay 1971).

Albert Camus, The Rebel: An Essay on Man in Revolt 11 (Anthony Bower trans., Random H. 1956)

John Alan Cohan, Formulation of a State’s Response to Terrorism and State-Sponsored Terrorism, 14 Pace Intl. L. Rev. 77, 87 n. 48 (2002).

Robert Friedlander (ed.) Terrorism, Documents of International and Local Control (Dobbs Ferry, NY: Oceana Publications, 1979).

Bruce Hoffman, The Mind of the Terrorist: Perspectives from Social Psychology, in Essential Readings on Political Terrorism 62 (Harvey W. Kushner ed., Richard Altschuler & Assocs., Inc. 2002).

Margo Hammond, Writing on Sept. 11, St. Petersburg Times 4D (Sept. 8, 2002)

Monday, April 12, 2010

Strategic Interaction အကြောင်း တစေ့တစောင်း


ခင်မမမျိုး

အင်အားကြီးသူများနှင့် အင်အားနည်းသူတို့ ယှဉ်ပြိုင်ကြရာတွင် အင်အားကြီးသူကသာ အနိုင်ရမည်ဟု လူအများက ထင်တတ်ကြသည်။ သို့ရာတွင် အနိုင်အရှုံးဆိုသည်မှာ အင်အားတခုတည်းအပေါ်တွင် တည်မှီ သည်မဟုတ်။ နှစ်ဘက်ခေါင်းဆောင်များ၏ Strategic Interaction ပေါ်တွင် မူတည်သည်။ စစ်အာဏာရှင် စနစ်အား ဆန့်ကျင်တော်လှန်ကြရာတွင် အာဏာရှင်နှင့် ဒေါက်တိုင်များကို အားကြီးသူ (strong actor) ဟု သတ်မှတ်၍ တော်လှန်ရေးသမားများဘက်မှ အားနည်းသူ (weak actor) အဖြစ်သတ်မှတ်ပြီးမှသာ တိုက်ပွဲဝင် နည်းပရိယာယ်များကို မှန်မှန်ကန်ကန် သုံးသပ်ချမှတ်နိုင်မည် ဖြစ်သည်။

အချို့တော်လှန်ရေး ခေါင်းဆောင်များက အဆိုပါ သတ်မှတ်ချက်ကို လက်ခံလိုခြင်း မရှိကြ။ အင်အားကြီးသူ ဘက်က စစ်တပ်၊ ရဲ အပါအ၀င် ဒေါက်တိုင်များ ရှိသကဲ့သို့ တော်လှန်ရေးသမားများ ဘက်တွင်လည်း လူထုအင်အား အလိုလို ရှိနေပြီးသား ဖြစ်၍ အားနည်းသည့် ဘက်ဟု သတ်မှတ်စရာ မလိုဟုဆိုတတ်ကြသည်။ သို့ပေမယ့် လူထုနှင့် တော်လှန်ရေး တသားတည်း ရှိရန် ကနဦးစည်းရုံးမှုများ ပြုလုပ်ထားရသည်ကို အမှတ်တမဲ့ နေမိတတ်ရာ လှုပ်ရှားမှုများပေါ်ထွက်လာချိန်တွင်မှ တော်လှန်ရေးသမား များကသာ ရှေ့ကျွံပြီး လိုအပ်သည် ထက် ပိုမိုဆုံးရှုံးနစ်နာမှုများ ဖြစ်လာတတ်လေသည်။ တော်လှန်ရေး သဘောသဘာဝ၊ ရန်သူ့အင်အား၊ မိမိအင်အား၊ ရန်သူ့ပရိယာယ်၊ မိမိပရိယာယ်များကို မတွက်ပဲ စိတ်ထဲပေါ်ရာ ထလုပ်နေတတ်သော စိတ်ကူးယဉ် တော်လှန်ရေးသမား ခေါင်းဆောင်များကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားခဲ့ရသော တော်လှန်ရေးများ ကမ္ဘာတ၀ှမ်းတွင် အမြောက်အမြား ရှိပါသည်။ အခြေအနေနှင့် အချိန်အခါ၊ လူထု၏ တော်လှန်ရေး ရေချိန် အနိမ့်အမြင့်ကို ထည့်သွင်းမစဉ်းစားတတ်သော သူများသည် သူရဲကောင်းဖြစ်တတ်သော်လည်း ခေါင်းဆောင်ကောင်း ဖြစ်လေ့မရှိ။ တော်လှန်ရေး ခေါင်းဆောင်ဟူသည် အခြေအနေမှန်ကို လက်ခံစဉ်းစား သုံးသပ်နိုင်သူများ ဖြစ်မှသာ အောင်မြင်သော တော်လှန်ရေးတခုကို ဦးဆောင်ဆင်နွှဲနိုင်သူများ ဖြစ်လာမည် ဖြစ်သည်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ၁၉ရာစု နှောင်းပိုင်း လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများ၊ မြေပေါ်မြေအောက်လှုပ်ရှားမှုများနှင့် အကြမ်းမဖက်လှုပ်ရှားမှုများကို လေ့လာကြည့်ကြရာတွင် အင်အားကြီး သူများနှင့် အင်အားနည်းသူများအကြားမှ Strategic Interaction များကို ဖော်ထုတ်နိုင်ခဲ့ကြပြီး၊ အရေးပါသော hypothesis များ ထွက်ပေါ်လာခဲ့ပါသည်။

လက်နက်ကိုင်တိုက်ပွဲဖြစ်စေ၊ လူထုတိုက်ပွဲဖြစ်စေ၊ မည်သည့်သဏ္ဍာန်ကိုမဆို အသွင်ဆောင်ထားသော တော်လှန်ရေးလှုပ်ရှားမှုများ၏ အရေးပါသော သော့ချက်သည် ချမှတ်ထားသော ဗျူဟာမှန်ကန်မှုဖြစ်သည်။ ဗျူဟာများတွင် တိုက်ရိုက်ဗျူဟာများနှင့် သွယ်ဝိုက်ဗျူဟာများဟူ၍ ရှိသည်။ အင်အားကြီးသော အာဏာရှင် များနှင့် ကျူးကျော်သူများ (strong actors) ကို တော်လှန်သော တော်လှန်ရေးများတွင် တော်လှန်ရေး သမားများသည် weak actors များဖြစ်သည်ဆိုသည့် တော်လှန်ရေးသဘောသဘာဝကို ပဏာမ လက်မခံပဲ ထိရောက်သော တော်လှန်ရေးဗျူဟာများ ချမှတ်လို့မရ။ သို့မဟုတ်လျှင် ရန်သူကို လျှော့တွက်ပြီး မိမိကိုယ်ကို အဟုတ်ကြီးထင်နေတတ်သော စိတ်ကူးယဉ်တော်လှန်ရေးကိုသာ ဦးတည်သွားတတ်သည်။ ဖရိုဖရဲနှင့် မိုက်ရူးရဲ လုပ်ဆောင်မှုများသာ ပေါ်ထွက်နေတတ်သည်။ သို့ဖြစ်ရာ တော်လှန်ရေးသဘောသဘာဝကို မှန်မှန်ကန်ကန် လက်ခံနိုင်ရန် လိုအပ်လှပေသည်။ အဆိုပါ အင်အားကြီးသူနှင့် အင်အားနည်းသူအကြား ယှဉ်ပြိုင်ကြရာတွင် ပေါ်ထွက်လာနိုင်သည့် Strategic action လေးမျိုးရှိတတ်သည်။

(၁) တိုက်ရိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်

အာဏာရှင်မှ တော်လှန်ရေးကို ချေမှုန်းရာတွင် တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး တော်လှန်ရေးသမားများ ဘက်မှ တိုက်ရိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ဖွဲ့စည်းပြီး ဆင်နွှဲသည့် တော်လှန်ရေးတွင် နှစ်ဘက်စလုံး အကျအရှုံးများသည်။ တော်လှန်ရေးသမားများဘက်မှ ခြေကုပ်ယူ စခန်းများ တခုပြီးတခု ကျဆုံးတတ်သည်။ ကျေးလက်မြို့ပြများတွင် နိုင်ငံရေးပါတီများ၊ အဖွဲ့များဖွဲ့စည်းပြီး ထိပ်တိုက်ရင်ဆိုင်သည့် တော်လှန်ရေးတွင်မူ တတိတိနှင့် အတိုက်အခံ အဖွဲ့အစည်း အဖွဲ့ဝင်များ အမှည့်ချွေခံရတတ်လေ့ရှိသည်။ လူဖမ်းပွဲများ ထွက်ပေါ်လာတတ်ပြီး၊ အောင်ပွဲ၏ အဆုံးအဖြတ်မှာ လူထုတော်လှန်ရေး ရေချိန်အပေါ်တွင် မူတည်သည်။ တော်လှန်ရေးသမားများ အနေဖြင့် လူထုနှင့်တသားတည်း မဖြစ်သေးပဲ ဤ strategic interaction ကို ရွေးချယ်ပါက တော်လှန်ရေးအရှိန် ပြုတ်ကျပြီး အချိန်အတော်ကြာအောင် ပြန်လည် တည်ဆောက်ယူ ရတတ်သည်။


Hypothesis: အင်အားကြီးမားသူကသာ အနိုင်ရခြင်း (သို့မဟုတ်) တော်လှန်ရေး ကြန့်ကြာနေခြင်းများ ဖြစ်တတ်သည်။

(၂) တိုက်ရိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်

အင်အားကြီးသောဘက်မှ တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ သွယ်ဝိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ သွယ်ဝိုက်ခံစစ်ဆိုသည်မှာ မြေအောက်လှုပ်ရှားမှုအသွင်သဏ္ဍာန်ဆောင်သည်။ မြေအောက်လှုပ်ရှားမှု (UG) ဆိုသည်ကို လက်နက်ကိုင်တော်လှန်ရေး A/S နှင့် ရောထွေးပြောနေ တတ်ကြသည်။ မြေအောက်ဆိုသည်မှာ လျှို့ဝှက်မှု အသွင်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သေးငယ်သော အစုအဖွဲ့လေးများအပေါ်တွင် အခြေခံပြီး ပြောက်ကျားလှုပ်ရှားမှုဖြစ်သည်။ အဆိုပါမြေအောက် လှုပ်ရှားမှုတွင် လူထုအားလျှို့ဝှက်စည်းရုံးရေး၊ ၀ါဒဖြန့်ချိရေး၊ သတင်း အချက်အလက်များ စုဆောင်းရေး၊ ပြောက်ကျား လူထုတိုက်ပွဲများ အကောင်အထည်ဖော်ရေး စသည်များ ပါဝင်သည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထု တိုက်ပွဲပေါင်းစပ်ရေးကို အခြေခံထားပါက လက်နက်ကိုင်တွယ်နည်း သင်တန်းပေးခြင်း၊ လက်နက်များ သယ်ဆောင်ပံ့ပိုးရေး၊ ရန်သူအားချေမှုန်းရေး စသည့် အမာလိုင်းလုပ်ငန်းများလဲ ပါဝင်မည်ဖြစ်သည်။ Non-violent resistance ဖြစ်ပါက လက်နက်ကိုင်တွယ်မှုဆိုင်ရာ လုပ်ငန်းများ ပါဝင်မည်မဟုတ်။ သို့ဖြစ်ရာ မြေအောက်ဆိုသည်ကို လက်နက်ကိုင်တော်လှန်ရေးနှင့် မရောထွေးမိစေရန် အရေးကြီးသည်။ သွယ်ဝိုက် ခံစစ်သည် လူထုထဲတွင် အခြေခံပြီး တပ်ဖျောက်ထားခြင်း ဖြစ်သည့်အတွက် အထိအရှိ၊ အဖမ်းအဆီး ကြုံရမှုနည်းသည်။ လူထုနှင့် ထိတွေ့မှုပိုများသည်။ လိုအပ်သော sanctuary support နှင့် social support ကိုသာ ရရှိပါက လူထုတိုက်ပွဲများ ဖော်ဆောင်နိုင်ရေးအတွက် အသင့်တော်ဆုံး ဗျူဟာဖြစ်သည်။

Hypothesis: အင်အားကြီးသူမှ အင်အားနည်းသူကို တိုက်ရိုက်ထိုးစစ်ဖြင့် တိုက်ခိုက်သည့်အခါတွင် အင်အား နည်းသူက လူထုထဲတွင် တပ်ဖျောက်ပြီး မြေအောက်လှုပ်ရှားမှုအသွင်ဖြင့် သွယ်ဝိုက်ခံစစ် ပြုလုပ်နိုင်ပါက လူထုကလဲ ထောက်ခံမည်ဆိုလျှင် အင်အားနည်းသူများဘက်မှ အနိုင်ရသည်။ သို့ဖြစ်ရာ အာဏာရှင် အစိုးရများသည် မြေအောက်အဖွဲ့အစည်းများကို မြေပေါ်အဖွဲ့များထက် ပိုပြီးကြောက်လေ့ ရှိကြသည်။

(၃) သွယ်ဝိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်

အင်အားကြီးသူဘက်မှ သွယ်ဝိုက်ထိုးစစ်အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ တိုက်ရိုက်ခံစစ် အသုံးပြုခြင်း ဖြစ်သည်။ အင်အားနည်းသူများကို တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုပဲ သပ်လျှိုဖြိုခွဲခြင်း၊ လူထုနှင့် ရန်တိုက်ပေးခြင်း စသည်များဖြစ်သည်။ ယင်းသို့ပြုလုပ်ရာတွင် ၀ါဒဖြန့်ချိရေးမှာ အသက် သွေးကြောဖြစ်သည်။ အင်အားနည်း သူများဘက်မှ အဆိုပါဝါဒဖြန့်ချိမှုများကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ရမည်။


Hypothesis: အားနည်းသူများဘက်မှ တိုက်ရိုက်ခံစစ် သုံးနေချိန်သည် အားကြီးသူများအတွက် အခါကောင်း အခွင့်ကောင်းအချိန်ဖြစ်သည်။ အဆိုပါအခြေအနေတွင် တိုက်ရိုက်ထိုးစစ်မလုပ်ပဲ သွယ်ဝိုက်ထိုးစစ်များနှင့်သာ အချိန်ဖြုန်းနေပါက အားကြီးသူများဘက်မှ ရှုံးတတ်လေ့ရှိသည်။

(၄) သွယ်ဝိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်

နှစ်ဘက်စလုံးမှ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပဲ သွယ်ဝိုက်တိုက်ခိုက်ကြခြင်းဖြစ်သည်။

Hypothesis: အားကြီးသူများဘက်တွင် လူအင်အား၊ ငွေအင်အား၊ နည်းပညာအားများ အစစအရာရာ သာလွန်တတ်သည်ဖြစ်ရာ ရေရှည်တွင်အားကြီးသူများဘက်မှ အနိုင်ရလေ့ရှိသည်။


နိဂုံး

မည်သည့်ပဋိပက္ခများတွင်မဆို နှစ်ဘက်စလုံးတွင် စီမံချက်များ၊ လူအင်အား၊ ငွေအင်အား၊ နိုင်ငံတကာ ထောက်ခံမှု ဆိုင်ရာ မျှော်မှန်းချက်များ ရှိလေ့ရှိသည်။ အင်အားကြီးသူနှင့်အင်အားနည်းသူတို့အကြားမှ ယှဉ်ပြိုင်မှုများတွင် လူအင်အား၊ ငွေအင်အားသာလွန်သည့်ဘက်မှ အနိုင်ရမည်ဟု ယူဆတတ်လေ့ရှိကြသည်။ သို့ရာတွင် အနိုင်အရှုံးမှာ နှစ်ဘက်စလုံးမှ ချမှတ်သော မဟာဗျူဟာများ၏ strategic interaction များအပေါ်တွင် မူတည်နေကြောင်းကို ကမ္ဘာတ၀ှမ်း တော်လှန်ရေးများမှ ထုတ်နှုတ်ထားသော Hypotheses များမှ သက်သေခံနေလျက်ရှိပါကြောင်း တင်ပြလိုက်ရပေသည်။


(မှတ်ချက်။ ။ မြန်မာ့တော်လှန်ရေးတွင် ဤသဘောတရားများ သုံးရန်၊ မသုံးရန် အချက်များကို ထည့်သွင်းထားခြင်း မရှိပါ။ သဘောတရားသည် လက်တွေ့နှင့် ပေါင်းစပ်မှ အသုံးဝင်မည်ဖြစ်ပြီး၊ သဘောတရားမပါသော လက်တွေ့များသည်လည်း မျက်မမြင်ပုဏ္ဍားများ ဥပမာလို ဖြစ်တတ်သောကြောင့် တင်ပြခြင်းဖြစ်ပါသည်။)


ခင်မမမျိုး (၁၁၊ ၄၊ ၂၀၁၀)

Sunday, April 4, 2010

မိုင်းအန္တရာယ် သိမှတ်ဖွယ်

ခင်မမျိုး
File:Minefield warning.JPG

မိုင်းဆိုသည်မှာ

မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။

မိုင်းအသုံးပြုမှု သမိုင်းကြောင်း

ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ်အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။

ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ

(၁) စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန်

(၂) ရန်သူ့စစ်ကြောင်းများကို လမ်းလွှဲရန် (သို့မဟုတ်) သတ်ကွင်းသို့ မောင်းသွင်းရန်

(၃) အချို့သော လမ်းကြောင်းများကို ရန်သူများ အသုံးပြုခြင်းမှ ရှောင်ရှားစေရန်၊ နယ်မြေစိုးမိုးရန်

(၄) ရန်သူ့လှုပ်ရှားမှုများ နှောင့်နှေးကြန့်ကြာစေရန်

(၅) နိုင်ငံများအကြား ကျူးကျော်မှုများကို တားဆီးရေးအတွက် နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရန်

(၆) ရန်သူများအား ထိခိုက်ဒဏ်ရာရစေရန်၊ သေကြေပျက်စီးစေရန်

ပေါက်ကွဲစေတတ်သော ပစ္စည်းအမျိုးအစားများ

(၁) anti-personnel landmines

ဒီမိုင်းအမျိုးအစားမှာ မြေမြှုပ်မိုင်းနဲ့ ဆွဲမိုင်းတွေ ပါဝင်ပါတယ်။

(၂) Anti-armor (တင့်ကားများ၊ လက်နက်ကြီးများ)

တင့်ကားတွေနဲ့ လက်နက်ကြီးတွေကို ဖောက်ခွဲဖို့ အသုံးပြုလေ့ရှိတဲ့ မိုင်းအမျိုးအစားဖြစ်ပါတယ်။

(၃) ခဲယမ်းမီးကျောက်များ

လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်၊ မော်တာကျည်၊ ဒုံးကျည်၊ ကျည်ဆံ စတာတွေ ဖြစ်ပါတယ်။

(၄) လက်လုပ်ဗုံးများ

(၅) ဓာတုပစ္စည်းများ

မိုင်းနှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကြောင့် ဖြစ်ပွားတတ်သော ပျက်စီးဆုံးရှုံးမှုများ


(၁) ကိုယ်ခန္ဓာ ထိခိုက်မှု- မိုင်းတွေ ပေါက်ကွဲခြင်းကြောင့် လူတွေ သေကြေပျက်စီးတာ၊ ခြေလက်အင်္ဂါဆုံးရှုံးတာ၊ အမြင်အာရုံ ချို့ယွင်းတာတွေ ဖြစ်စေနိုင်ပါတယ်။

(၂) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု- မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းပြီး သိမ်ငယ်စိတ်များ ဖြစ်စေနိုင်ပါတယ်။

(၃) စီးပွားရေးဆိုင်ရာ ထိခိုက်မှု- မြေမြှုပ်မိုင်းတွေကို လယ်ယာမြေတွေမှာ မြှုပ်နှံမှုတွေကြောင့် ကျွဲနွားတွေ သေကြေပျက်စီးမှုဟာ လယ်သမား၊ ယာသမားတွေရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ လူကို ထိခိုက်ဒဏ်ရာရစေမှုမှာလဲ ထိခိုက်သူဟာ အိမ်ရဲ့ စားဝတ်နေရေးကို ရှာဖွေနေသူဆိုရင် မိသားစုတခုလုံးရဲ့ စားဝတ်နေရေးကို ထိခိုက်စေနိုင်ပါတယ်။ စိုက်ပျိုးမြေတွေကို စွန့်လွှတ်ရမှုတွေ ရှိစေပါတယ်။

(၄) ဘ၀ရပ်တည်ရေးဆိုင်ရာ ထိခိုက်မှု- အဆိုးဝါးဆုံးကတော့ သောက်သုံးရေ ရရှိနိုင်မယ့် နေရာဒေသတွေကို မသွားရဲအောင် ဖြစ်စေတတ်ပါတယ်။

ဘာကြောင့် လူတွေ မိုင်းအန္တရာယ်ရဲ့ သားကောင်တွေ ဖြစ်ကြရသလဲ

တချို့က ဒါကို ကံဆိုးလို့လို့ ဆိုတတ်ကြပါတယ်။ အရာအားလုံးမှာ ကံကိုယုံပြီး ဆူးပုံနင်းလို့ မရပါ။ မိုင်းအန္တရာယ်ရဲ့ သားကောင်ဖြစ်ရသူတွေကို လေ့လာကြရာမှာ နယ်မြေဒေသအခြေအနေကို သိရက်နဲ့ မလိုလားအပ်တဲ့ စွန့်စားမှုတွေ ပြုလုပ်တတ်သူတွေ အများအပြား ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဘာကြောင့် ဒီလို စွန့်စားမှုတွေ လုပ်တတ်ကြသလဲ။

(၁) အမှုမဲ့၊ အမှတ်မဲ့နေခြင်း- မိုင်းနင်းပြီးမှ သေမယ်ဆိုတဲ့ လူဟာ သေမှာပဲ။ ရှောင်လို့ ရမှာ မဟုတ်ပါဘူး လို့ ယူဆပြီး အမှုမဲ့၊ အမှတ်မဲ့နေခြင်း။ အန္တရာယ်ကို ထည့်သွင်းစဉ်းစားမှု မပြုခြင်း

(၂) အတင့်ရဲခြင်း- အန္တရာယ်မှ လွတ်မြောက်ထားဖူးသူများမှ နောင်တွင်လည်း လွတ်မြောက်မည် ယူဆပြီး အတင့်ရဲခြင်း

(၃) စွန့်စားခြင်း- အန္တရာယ်ရှိမှန်း သိလျက်နှင့် စွန့်စားသွားလာလိုစိတ်ရျိခြင်း

(၄) စီးပွားရေးလိုအပ်ချက်- သံထည်ပစ္စည်းများအား ရှာဖွေရောင်းချခြင်း (စစ်အတွင်းမှ ကျန်ရစ်သော ဗုံးဆန်၊ အမြောက်ဆန်များကို ရှာဖွေရင်း အသက်ဆုံးရှုံးမှုများ ရှိတတ်ပါတယ်)


မိုင်းနှင့် ခဲယမ်းမီးကျောက်အန္တရာယ် ရှိနိုင်သော နေရာဒေသများ

ပျက်စီးနေသော အဆောက်အအုံများ

ဖုန်းဆိုးမြေ

စစ်တလင်း ဒေသ ကွင်းပြင်များ

တောလမ်းများ

ယာယီအခြေစိုက် စစ်ခန်းချရာနေရာများ

တိုက်ပွဲများ ဖြစ်ပွားတတ်သည့် ဒေသများ

စစ်ကြောင်းများသွားလာလှုပ်ရှားတတ်သော လမ်းများ

စွန့်ပစ်ထားသော စစ်လက်နက် ပစ္စည်းများ

စွန့်ပစ်ထားသော အဆောက်အဦး၊ နေရာဒေသများ


အချက်ပြအမှတ်အသားများ

အနီးအနားမှ သစ်ပင်များတွင် စတုရန်း၊ ထောင့်မှန်စတုဂံ၊ တြိဂံနှင့် အန္တရာယ် အချက်ပြအမှတ်အသားများ ရှိတတ်သည်။ အဆိုပြအချက်ပြအမှတ်အသားများ မရှိသော်လည်း မိုင်းနှင့် ပေါက်ကွဲစေသော ခဲယမ်းမီးကျောက် အန္တရာယ်ရှိသည်ဟု ယူဆနိုင်သော သက်သေများမှာ သေဆုံးနေသော တိရစ္ဆာန်များ၊ မိုင်းအစိတ်အပိုင်းများ၊ ဆွဲမိုင်း ၀ါယာများ၊ လုံခြုံရေး အစို့အပိတ်များ၊ ပုံမှန်မဟုတ်သော အမိုက်သရိုက် အစုအပုံများ၊ ကျည်ခွံများ ပျံ့ကျဲနေမှုများ၊ ပုံမှန်မဟုတ်သော နယ်မြေဒေသအခြေအနေ စသည်တို့ဖြစ်သည်။

မိမိနှင့် အကျွမ်း မ၀င်သော နယ်မြေလမ်းခရီးကို သွားရောက်ပါက လိုက်နာဆောင်ရွက်ဖွယ်များ

(၁) နယ်မြေခံလူထုနှင့် တာဝန်ရှိသူများအား လုံခြုံသော လမ်းကြောင်းကို မေးမြန်းရန်

(၂) တောလမ်းခရီး အသုံးပြုခြင်းမှ ရှောင်ရှားရန်

(၃) လမ်းကြောင်းနှင့် လှေကားထောင့် စသည်များမှ အတားအဆီးများကို သတိပြုရန်

(၄) မိမိ မမြင်ဖူးသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန်


သံသယဖြစ်ဖွယ် ပစ္စည်းအား တွေ့ရှိပါက မည်သို့ ပြုမူဆောင်ရွက်မည်နည်း

(၁) အနီးသို့ မသွားပါနှင့်။ (ပစ္စည်းမဟုတ်ပဲ ပေါက်ကွဲမှုကြောင့် ရသော ဒဏ်ရာနှင့် လဲလျောင်းနေသူ ဖြစ်စေကာမူ အစောတလျင် အနီးသို့ မသွားပါနှင့်။ ၀န်းကျင်တွင် ထပ်မံ ပေါက်ကွဲစေတတ်သော မိုင်းများ ရှိနေတတ်သည်)

(၂) မကိုင်ပါနှင့်

(၃) ပစ္စည်းကို ယူဆောင်ပြီး မလွှင့်ပစ်ပါနှင့်

(၄) နီးစပ်ရာ တာဝန်ရှိသူများကို ဆက်သွယ်ပါ


မိုင်းကွင်းထဲ ရောက်နေပါက ပြုလုပ်ဖွယ်ရာများ

(၁) စိတ်ကို အေးအေး ထားပါ

(၂) လှုပ်ရှားမှုများကို ရပ်တန့်ပါ

(၃) မည်သည့်သံသယဖြစ်ဖွယ်ပစ္စည်းများကိုမှ မကိုင်တွယ်ပါနှင့်

(၄) လူသူများအနီးအနားတွင် ရှိပါက အော်ဟစ်အကူအညီတောင်းပါ။


မိုင်းအန္တရာယ်ကို လူအများ အဘယ်ကြောင့် သတိပြုသင့်သနည်း။

မိုင်းအန္တရာယ်ကြောင့် အနည်းဆုံး ခြေတဘက်ဆုံးရှုံးကြရသူများ ကမ္ဘာပေါ်မှာ အမြောက်အမြား ရှိနေပါတယ်။ မိုင်းများကို ဖယ်ရှားရတာက ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ထက် ပိုမို ကုန်ကျလျက်ရှိပါတယ်။ မိုင်းအန္တရာယ်သားကောင်များရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအ၀င် အရပ်သားပြည်သူလူထုသာဖြစ်ပါတယ်။ မိုင်းအန္တရာယ်ဟာ နှစ်ပေါင်းများစွာ ကြာအောင် လူ့အဖွဲ့အစည်းကို ခြိမ်းချောက်နေဦးမှာပါပဲ။


မိုင်းအန္တရာယ်ကင်းဝေးရေးအတွက် ဘာတွေ လုပ်ဆောင်သင့်သလဲ။

မိုင်းအန္တရာယ် ကင်းဝေးရေးအတွက် အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေအပါအ၀င် ပြည်သူလူထု တရပ်လုံးက နိုးနိုးကြားကြား ပါဝင်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတကာမှာ ပြုလုပ်လေ့ရှိတဲ့ လုပ်ငန်းဆောင်တာတွေကတော့

(၁) မိုင်းအန္တရာယ် ပညာပေးခြင်း (Mine Risk Education)

ရုပ်မြင်သံကြား၊ ရေဒီယို၊ စာနယ်ဇင်း စတာတွေကနေတဆင့် မိုင်းအန္တရာယ်ကို လုအများ သတိထားမိလာအောင် ပညာပေးခြင်း

မိုင်းအန္တရာယ်ဖြစ်ပွားမှု မြင့်မားသော နေရာဒေသများတွင် မိုင်းအန္တရာယ် ပညာပေးအဖွဲ့များ ဖွဲ့စည်းပြီး ကျေးရွာများတွင် လှည့်လည် ဟောပြောပညာပေးခြင်း

လူထုအခြေပြု မိုင်းအန္တရာယ် လျှော့ချရေး (Community based mine risk reduction- CBMRR) စီမံကိန်းများ အကောင်အထည်ဖော်ခြင်း

မိုင်းအန္တရာယ်သတိပြုမိစေရေး နေ့များ သတ်မှတ်ပြီး အခမ်းအနားများ ပြုလုပ်ခြင်း

ဆိုင်းဘုတ်များ ရေးဆွဲပြီး လူထုပညာပေးခြင်း

(www.gichd.ch မှ ဓာတ်ပုံဖြစ်ပါတယ်)

(၂) မြေမြှုပ်မိုင်း ရှင်းလင်းရေး (Mine Clearance- Demining)


မိုင်းရှင်းခွေးများ အသုံးပြုခြင်း

UXO (Unexploded Ordnance)များ ရှင်းလင်းခြင်း

စက်ပစ္စည်းများ အသုံးပြု ရှင်းလင်းခြင်း


(၃) အန္တရာယ် သားကောင်များအား ကူညီပံ့ပိုးခြင်း (Victims Assistance)

၂၀၀၉ ခုနှစ် Convention on Cluster Munitions (CCM) မှာ သားကောင်ဆိုတာကို မိုင်းအန္တရာယ်နဲ့ အခြား ခဲယမ်းမီးကျောက်များ အသုံးပြုမှုကြောင့် ကိုယ်ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု၊ စီးပွားရေး ပျက်စီးဆုံးရှုံးမှု၊ လူမှုရေး ထိခိုက်နစ်နာမှုနဲ့ လူသားတယောက်ခံစားရမယ့် အခွင့်အရေးများ ဆုံးရှုံးရမှုတွေကို ကြုံတွေ့ခဲ့ရသူများလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီအထဲမှာ တိုက်ရိုက် ထိခိုက်သူတွေ ပါသလို သွယ်ဝိုက် ထိခိုက်ဆုံးရှုံးရတဲ့ မိသားစုဝင်တွေလဲ ပါပါတယ်။ ဒီလို သားကောင်တွေကို နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းက ကူညီစောင့်ရှောက်ရမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။


(၄) ကိုယ်စားပြု လျှောက်လဲချက်ပေးခြင်း (advocacy)


အန္တရာယ်ကို လူအများ သတိပြုမိလာအောင် ပြုလုပ်ခြင်း

မိုင်းအန္တရာယ် ကင်းဝေးရေး လှုပ်ရှားမှုများအတွက် လူ့စွမ်းအားနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ ရှာဖွေအသုံးပြုခြင်း

နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ မိုင်းများအသုံးပြုမှုနှင့် ဖယ်ရှားမှုများတွင် နိုင်ငံတကာ ဥပဒေများ၏ စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ခြင်း ရှိမရှိ လေ့လာစောင့်ကြည့်ခြင်း

အန္တရာယ်သားကောင်များ၏ လူ့အခွင့်အရေးများကို မီးမောင်းထိုးပြခြင်း

မိုင်းအန္တရာယ်ကင်းဝေးရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်လာစေရန် ကင်ပိန်းများ ဖော်ဆောင်ခြင်း၊ စည်းရုံးလှုံဆော်ခြင်း

မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘဏ္ဍာရေး ခွဲဝေ အသုံးပြုမှု စရိတ် တိုးမြင့်လာအောင် ဆောင်ရွက်ခြင်း

နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေး အဖွဲ့များတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး စီမံချက်များ ထွက်ပေါ်လာအောင် ကြိုးပမ်းခြင်း
အစီရင်ခံစာများ ထုတ်ဝေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

လူတိုင်း၊ လူတိုင်း မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ အန္တရာယ်မှ ကင်းဝေးကြစေရန် ရည်သန်လျက်။

ခင်မမမျိုး (၄၊ ၄၊ ၂၀၁၀)

ရည်ညွန်းကိုးကား။

Australia Agency for International Development (2005) Mine Action Strategy, AUSADI

Chris Rush (2009) 'Sri Lanka: Mine Action in a Deteriorating Environment', Journal of Mine Action, 13 (3), Mine Action Information Centre

Geneva International Centre for Humanitarian Mining (2005) Mine Action: Lessons and Challenges, Geneva

Mudhafar Aziz Hamad (2007) 'The Child-to-Adult Method in Mine-risk Education', Journal of Mine Action, 11 (1), Mine Action Information Centre

Salomon Schreuder (2007) 'Iraq Facing the Legacy of Landmines and Explosive Remnants of War', Journal of Mine Action, 11 (2), Mine Action Information Centre

United Nations (2010) Gender Guidelines for Mine Action Programmes, March, 2010

US Department of State (2005) The Landmine Action Smart book, 2nd edition

Thursday, October 1, 2009

သတိသာထားကြပေတော့၊ ကျွန်ပွဲစားတို့လာချေပြီ

တချိန်တုန်းက ကျုပ်တို့အညာမှာ အလှူလုပ်ရင် ဖိတ်စာရယ်လို့ ဝေလေ့ ကမ်းလေ့ မရှိဘူး။ ရပ်ဝေးက ဆွေမျိုးမိတ်သင်္ဂဟတွေကို လက်ဖက်ထုပ်တန်သည်၊ ဆေးပေါ့လိပ်တန်သည် ကမ်းတယ်။ အနီးချုပ်စပ်က လေးငါးဆယ်ရွာကိုတော့ သက်ဆိုင်ရာ ရွာဆော်တွေကပဲ ဗျိုးဟစ်ပြီး ရွာလုံးကျွတ် ဖိတ်လိုက်တယ်။ အားလုံး မီးခိုးတိတ် ထမင်းရေချောင်းစီးဆိုတော့ ကလေးရော၊ ခွေးရော အကုန်ပါတာပေါ့။ ဒီတော့ ဗျိုးဟစ်သံကြားရင် ကလေးတွေ မြူးကြတယ်။ ကလေးတွေကြည့်ပြီး၊ ခွေးတွေအူကြတယ်။ အလှူရက်ကို လက်ချိုးပြီး စောင့်မျှော်ကြတယ်။
ခွေးဆိုတာကလည်း သိတဲ့အတိုင်း သူ့နယ်ကိုယ့်နယ် သတ်မှတ်ပြီးနေတယ်။ တနယ်နဲ့တနယ် ကူးလေ့မရှိကြဘူး။ နယ်ကူး ရင်ကျူးရင် နယ်ခံခွေးတွေက ဝိုင်းကိုက်ကြ၊ အမဲဖျက်ကြတာပဲ။ အဲ အလှူချိန်ရောက်ပြီဆိုရင်တော့ နယ်စည်းတွေပျက်ပြီ၊ သူ့နယ်ကိုယ့်နယ် ကူးကြပေမယ့် မကိုက်ကြတော့ဘူး၊ အမဲဖျက်တာတေ၊ွ ကိုက်ခဲတာတွေ ရပ်စဲထားကြတယ်။ ခွေးငြိမ်းချမ်းရေး ပြောလည်းရတယ်။ ခွေးလွတ်ငြိမ်းချမ်းသာခွင့် ပြောလည်းရတယ်၊ အဲဒီအချိန်မှာ အစာလုကြရင်း “ဟီးကနဲ ဟန်းကနဲ” မာန်ဖီပြကြတာလောက်ပဲရှိတယ်။ အလှူနေ့ဆိုရင်တော့ အလှူအိမ်မှာ ရွာပေါင်းစုံက ခွေးအပျို၊ ခွေးထီးပျို၊ ခွေးအမေ၊ ခွေးသမီး၊ ခွေးအဖွား၊ ခွေးသား၊ ခွေးအဖိုး၊ ခွေးသူခိုး၊ ခွေးဂျပိုး၊ ခွေးကျိုး၊ ခွေးဖင်လိမ်နဲ့ ခွေးမြီးကောက်ပါမကျန် ခွေးပေါင်းစုံတို့ ညီလာခံကြတာပေါ့။ ရတတ်သမျှ အရိုးအရင်းလေးတွေ လုကြယက်ကြနဲ့ ထမင်းကျွေးရုံမှာ တညံညံတစီစီနဲ့ပေါ့။
အဲဒီမှာ အခွင့်သာတာက ရွာခံခွေးတွေပဲ။ သူတို့က စားလို့ဝလည်း ဆက်လုကြတယ်။ ရတာကို မြေထဲမြုပ်ထား ဝှက်ထားတတ်တယ်။ ရွာခံမဟုတ်တဲ့ ခွေးများကတော့ အဝစားပြီး ချီနိုင်သလောက်ချီပြီး ပြန်ကြတယ်။ အလှူပြီးလို့ လေးငါးဆယ်ရက် အထိတော့ ခွေးတွေက မြေထဲဝှက်ထားတာလေးတွေ ပြန်ဖော်ပြန်မြုံ့နဲ့ တကယ့် စည်းစိမ်ပေါ့ ၊ ဒါကြောင့် ပြောကြတယ် မဟုတ်လား၊ မတော်မတတ်သူများ (တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ) တသက်တခါ လာဘ်လာဘရွှင်ကြရင် ‘ခွေး ဘုရားပွဲ တွေ့သလို’ ပဲလို့ပြောကြတာ။
အခုလည်း ကျူပ်တို့ပတ်ဝန်းကျင်က အခြေအနေတွေက အဲဒီအညာက အလှူလာတဲ့ခွေးတွေကို ပြန်ပြီး မြင်ယောင် သတိရစရာတွေ ဖြစ်လာတယ်။ ခွေးဆိုတာကတော့ အိပ်စားကာမလောက်သာသိတဲ့ အဟိတ်တိရိစ္ဆာန် ဆိုတော့ လှူရင်၊ ကျွေးရင် စားမှာပဲ။ ဘယ်သူကလှူတယ်၊ ဘာကြောင့်လှူတယ်၊ ဘယ်လို လှူတယ် ဆန်းစစ်မနေဘူး။ ပြီးတော့ သူတို့က အလှူမှာ အဓိကအလှူခံပုဂ္ဂိုလ် ဖိတ်ကြားခံရသူမဟုတ်လို့ ရှက်နေစရာ၊ ဂုဏ်သိက္ခာငဲ့နေစရာ မလိုပါဘူး၊ စားကြွင်းစားကျန် အရိုးအရင်း လောက်နဲ့ကိုပဲ ကျေနပ်လှပြီ။
အခုကျုပ်တို့ ဝန်းကျင်ကတော့ လူတွေ။
လူတွေမှ ကိုယ့်ကိုကိုယ် ခေါင်းဆောင်လို့ ပညာတတ်လို့ ကြော်ညာနေတဲ့ လူတွေလေ။
တကယ်တော့ ဒီဇာတ်လမ်းတွေက ၂ဝဝ၃ ထဲက စတယ်လို့ ဆိုရမှာပါ။ ဒီပဲယင်း ယုတ်မာပတ်စက်မှုကြီးနဲ့ တံတွေးခွက် ပတ်လက်မျောနေတဲ့ စစ်အုပ်စုက ထောက်လှမ်းရေးမှူး ဗိုလ်ခင်ညွန့်ကို ဝန်ကြီးချုပ်ခန့်၊ ဘုံခုနစ်ဆင့် လမ်းပြမြေပုံပြပြီး ထွက်ပေါက်ရှာတယ်။ ဒီဘုံခုနစ်ဆင့်ကိုကြည့်ပြီး ကျုပ်တို့ ပေါချောင်ကောင်း ခေါင်းဆောင်တွေ ဇောင်းလွှတ်တဲ့မြင်းလို ခြေတကြွကြွနဲ့ အတော်အူးမြူးတက်ကြွ ခဲ့ကြသေးတာပဲ။ (BSG) ခေါင်းဆောင် ဒေါက်တာ ဇာနည် နှာခေါင်းကျည်ပွေ့တွေ့သွားမှ ခြေငြိမ်သွားကြတာ။
အခုတော့ (၂ဝ၁ဝ) ရွေးကောက်ပွဲသံ ပိုပြီးတော့ကျယ်လာ၊ နီးလာပြီးဆိုတော့ တချို့ ဣနြေ္ဒ မဆည်နိုင်ကြ တော့ဘူး။ ရတတ်သမျှ မှိုတက် အတွေးအခေါ်တွေဖုံခါ၊ မီးကျိုးမောင်းပျက် သဘောတရားတွေထုတ်ပြီး ရွေးကောက်ပွဲဝင်ရေး စိုင်းပြင်းလာကြပြန်ပြီ။ အခွင့်အရေးဆို မစွန့်ပဲစားချင်ကြတာ ဓမ္မတာမို့ ကိုယ့်စားရိတ်နဲ့ ကိုယ့်လမ်းကို ရွေးကြတာကို ဘာမှမပြောလိုပါ။ ဆိုးချက်နာတာက ကိုယ့်လမ်းကို ဖြောင့်ဖြောင့်မသွားပဲ ဟိုဆွဲဒီဖဲ့နဲ့ လူတကာကို ခေါင်းစပ်တူဝယ်ဖို့ ဆွယ်နေကြတာပဲ။ ဒေဝဒတ်က အဇာတသတ်ကလေးကို တက်သမျှ မှတ်သမျှနဲ့ ဖျားယောင်းသလိုပေါ့။ တချို့ဆို ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ရပ်နေသူတွေကိုတောင် ခေါင်းမာသလေး၊ လက်တွေ့မကျသလေး ပုတ်ခတ်လိုက်သေးတယ်။
သူတို့ဟာက ရေနှောက်ငါးရှာ (Fishing in trouble water) သလို ပတ်ဝန်းကျင်ကို အဆိပ်မှိုင်းတိုက်ပြီး ကိုယ်ကျိုးရှာတာပါပဲ။ တော်လှန်ရေးစိတ်ဓါတ်၊ အတွေးအခေါ်တွေ မျိုးကန်းသွားအောင်၊ ကျိုးပျက်သွားအောင် အဆိပ်အတောက် အယူအဆတွေကို တွင်တွင် ဖြန့်တယ်။ အတော်ကို ယုတ်ကန်းပါတယ်။ စကားတခု ကြားဖူးကြမှာပါ။ ပါးစပ်ထဲဝင်တဲ့ အဆိပ်က လူနဲနဲကိုဘဲ သတ်နိုင်တယ်။ နားထဲဝင်တဲ့ အဆိပ်ကတော့ တမျိုးလုံးကိုသတ်နိုင်တယ်။
အပြောတော့အလွန်ကောင်း၊ တကယ့် ပါးပါးလေး။
‘ဖြစ်နိုင်တာ လုပ်တာနိုင်ငံရေးတဲ့’
‘မရှိရာကနေ တခုခုရှိလာတာ ကောင်းတယ်’
‘နဝတ၊နအဖ ရဲ့ ( ဘုံခုနှစ်ဆင့် ) လမ်းကြောင်းအတိုင်းဝင်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ်’ စတဲ့ အဆင်ခြေ တွေစုံလို့ပဲ။

အမှန်တရားအတွက် တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင်ခြေတွေ၊ အောင်နိုင်ခြေတွေ တွက်တာမရှိပါဘူး။ မြတ်စွာ ဘုရားရှင်ကိုယ်တိုင်က အဓမ္မတရားနှင့် အသက်ရှင်ခြင်းထက် ဓမ္မတရားအတွက် အသက်စွန့်တန် စွန့်ရမယ်။ ဓမ္မနဲ့ အသက်ရှင်တာမြတ်တယ်လို့ ဟောထားခဲ့တာပဲ။ အမှန်တရားဖက်က ရပ်တည်ရာ တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင်ခြေကိုပဲ တွက်ပြီးလုပ်တာ၊ အရူံးအမြတ်တွက်တာဟာ ဖဲသမားဥာဉ်နဲ့ အချောင်နှိုက် ချင်တဲ့ စိတ်ဓါတ်ပါ။ ဖြစ်နိုင်တာလုပ်မှ နိုင်ငံရေးဆိုတော့ နိုင်ငံရေးမှာ မှားမှား၊ မှန်မှန် ဖြစ်နိုင်မှလုပ်ကြ၊ မဖြစ်နိုင်ရင်မလုပ်နဲ့ ဒူးထောက် အရှုံးပေးလိုက်ကြလို့ ကိုယ်နဲ့တူအောင် အမြီးဖြတ်တာပါပဲ။
ဒါကြောင့် ဒီစကားဟာ လူ့အဖွဲ့အစည်းတခုလုံးအတွက် မျိုးတုံး၊ မျိုးသုဉ်းသွားစေလောက်အောင် အဆိပ်သင့်တဲ့ ဖောက်ပြန်ရေး အတွေးအခေါ်ဖြစ်တယ်။ အမျိုးသားတရပ် ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တော်လှန်ဖောက်ထွက်ရဲတဲ့ အမျိုးသားဇာတိမာန်ကို ရိုက်ချိုးဖျက်ဆီးလိုက်တဲ့ အတွေးအခေါ်ဖြစ်တယ်။ ဖြစ်နိုင်ခြေတွေ လောက်ကိုသာ တွက်ချက်လုပ်ခဲ့ကြမယ်ဆိုရင် ဒီနေ့ ကျုပ်တို့လူအဖွဲ့အစည်းကြီးဟာ ကျောက်ခေတ်မှာပဲ ရှိနေအုံးမှာပဲ။ နိုင်ငံရေးဖက်က ကြည့်ရင်လည်း ကျုပ်တို့ဗမာတွေဟာ ကမ္ဘာသုဉ်းတဲ့အထိ အင်္ဂလိပ်ကျွန်ဖြစ်နေဖို့ပဲ ရှိတော့တယ်။ လက်နက်ခြင်းမမျှပဲ အင်္ဂလိပ်ကိုတော်လှန်ခဲ့ကြတဲ့ ကျုပ်တို့ရဲ့ ဘိုးဘွား ရှေးဦး တော်လှန်ရေးသမားကြီးတွေ၊ ဆရာစံနဲ့ လယ်သမားကြီးတွေကို ဘယ်လိုသမိုင်းတင်ကြမလဲ။ အချောင်သမား လမ်းစဉ်ကို မလိုက်ခဲ့ကြလို့ လူမိုက်ကြီးတွေလို့များ သမိုင်းတင်ကြအုံးမလား။
တကယ်တော့ အမျိုးသားရှင်သန်ရပ်တည်ရေးတို့ ကြီးပွားရေးတို့ လွတ်မြောက်ရေးတို့ဆိုတာဟာ ရည်မှန်းချက် တခုကို ဓိဋ္ဌာန်ပြီး မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားရတဲ့ အမျိုးသားရေးတိုက်ပွဲပဲ။ ဖြစ်စဉ်တခုပဲ။
ဒီတော့ ရှင်းပါတယ်။
သူတို့ပြောနေတဲ့ ဖြစ်နိုင်တာလုပ်တာ နိုင်ငံရေးဆိုတာ စစ်အုပ်စုလိုချင်တဲ့ ပုံစံအတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခံပြီး ဗမာတွေ ကမ္ဘာသုဉ်းတဲ့အထိ စစ်ဓားပြ ကျွန်ခံကြလို့ သွေးဆောင်ဖျားယောင်းတဲ့ ကျွန်ပွဲစားလုပ်ရပ်ပဲ ဖြစ်တယ်။
သူတို့ပြောနေတဲ့ ခိုးကြောင်ခိုးဝှက်တမျိုး၊ ခြိမ်းခြောက်ဓားပြတိုက်လို့တဖုံ ညစ်နည်းမျိုးစုံနဲ့ နာဂစ်မုန်တိုင်းကြောင့် သေကြေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ အရိုးပုံပေါ်မှာ အတည်ပြုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း ကြည့်ပါအုံး။ အဆင့်ဆင့် အုပ်ချုပ်ရေး ဌာနတွေအပြင် လွတ်တော်ထဲမှာ အမတ်လေးပုံတစ်ပုံကို ဓားပြတိုက် အပိုင်စီး ထားတယ်။ သမတက စစ်သား၊ ဒါမှမဟုတ် စစ်သားဟောင်းဖြစ်ရမယ်။ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေကို စစ်တပ်ကယူမယ်။ ဒါတောင် ဖင်မလုံနိုင်သေးတာနဲ့ လိုအပ်ရင် ဖွဲ့စည်းပုံတကျ စစ်တပ်က အာဏာ သိမ်းနိုင်တယ်။ ပြီးတော့ အဲဒီဖွဲ့စည်းပုံကြီးကို စစ်ဓားပြအမတ်တွေ အပါအဝင် လေးပုံသုံးပုံက သဘောတူမှ ပြင်ရမယ်တဲ့။
ကဲ ဘယ်မှာလဲပြည်သူတွေရဲ့ အခန်းကဏ္ဍ၊ ဘယ်မှာလဲ ဒီမိုကရေစီရဲ့ အနှစ်သာရ။
လူထုဆန္ဒဆိုတာ ဖွဲ၊ စစ်အာဏာရှင်စနစ်က တရွေးသားတောင်ပွန်းမနေဘူး။
ဒီလောက်ဖောက်ပြန်တဲ့ ဖွဲ့စည်းပုံကိုပဲ ဘာမှမရှိတာထက်စာရင် ကောင်းတာပေါ့ ဆိုပါလား။ ဗူးသီးကို ဝက်သားလို့ စာရေးပြီး ချက်စားလည်း ဗူးသီးက ဗူးသီးအရသာပဲ ထွက်မှာပဲ။ ဝက်သားအရသာ ဖြစ်မလာဘူး။ သားစဉ်မြေဆက် စစ်ကျွန်ခံကြဖို့ ဗြောင်ဆွယ်တာပါပဲ။ ဒီထက်ဖောက်ပြန်တဲ့ အတွေးအခေါ်တောင် ဒီလောက် ယုတ်ညံ့မှာ မဟုတ်ဘူး။ လောကကြီးမှာ ရှိနေပေမယ့် မကောင်းတာတွေပြည့်လို့၊ အများကြီး။ ရှိသာရှိပြီး ဘာမှသုံးမရတဲ့အပြင် လောကကြီးကို အနှောင့်အယှက်တွေ၊ ဆိုးကြိုးဒုက္ခတွေသာပေးတဲ့ စစ်အာဏာရှင်တွေ အပြင် ဒီလောက်ဖောက်ပြန်တဲ့ သဘောတရား ထုတ်ပေးသူတွေလဲ ပါတာပဲ။
ဒီသဘောတရားအတိုင်းဆိုရင် ကိုယ့်အသက်ကို ငွေနဲ့ရွေးပြီးပြန်ရလာလို့ ပြန်ပေးသမားကို ကျေးဇူးရှင်အမှတ်နဲ့ ကိုးကွယ်ရမဲ့ကိန်း၊ ဒီကျွန်ပွဲစားသဘောတရား ဆရာကြီးတွေ အသုံးမကျတာက ကန်းကုန်ရော၊ အရှိကို မရှိအောင် ဖျက်ဆီးပြီးကာမှ ဘာမဟုတ်တဲ့ အတုအယောင်ကိုပေးလာတဲ့ အဖျက်သမားကို ကျေးဇူးတင် နေတဲ့ဟန်၊ အညံ့ဖျင်းဆုံး ကျွန်ပွဲစားများပေတကား။
တကယ်ဆို ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲစနစ်နဲ့ ရွေးကောက်ခံအစိုးရ ဆိုတာ ဗမာပြည်မှာ ရှိပြီးသား။ ဒါကို ဖျက်ဆီးပြစ်ခဲ့တာ ဘယ်သူတွေလည်းဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံးသိတယ်။ မသိတာက ကိုယ့်နေရာရဘို့အရေး၊ လူရာဝင်ဖို့အရေးနဲ့ အတ္တလောဘတွေ ပိတ်ဖုံးနေတဲ့ အချောင်သမား ကျွန်ပွဲစားတွေပဲ ဖြစ်တယ်။ စစ်တပ်စစ်ဦးစီးချုပ်အပါအဝင် အချုပ်အချာအာဏာပိုင်တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းရသူတိုင်း ပြည်တောင်စုဖွဲ့စည်းအုပ်ချုပ်ပုံကို အသက်နဲ့လဲ ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကျမ်းကျိန်သစ္စာ ပြုထားကြ ရတာပဲ။ ဒီကြားကပဲ ‘ငယ်ခါဆိုးသွမ်း ကြီးခါယုတ်မာ သေသော်တိုင်းပြည်ကို စစ်အာဏာရှင်ငရဲခန်းမှာ ထားခဲ့တဲ့ ဝဲစားကြီးဗိုလ်နေဝင်း’ကစလို့ ဒီနေ့ခေတ်ထိ စစ်ခေါင်းဆောင် အဆက်ဆက်တို့ပဲ၊ ဒီကျမ်းဒီသစ္စာတွေကို ဖောက်ဖျက်ခဲ့ကြတယ်၊ ဖောက်ဖျက်နေကြတယ်။ ဒီမဟာဗာလာနံ လူမိုက်အပေါင်းရဲ့ကျေးဇူးနဲ့ပဲ မဟုတ်တာ၊ မတရားတာမှန်သမျှ ဗမာပြည်ထဲမှာ အကုန်ဖြစ်တယ်။ ဘုရားဗိုက်ဖောက်ခံရတယ်။ ကျောင်းသား၊ သံဃာတွေ လမ်းမပေါ်မှာ ရက်ရက်စက်စက် အသတ်ခံနေရတယ်၊ ယုတ်စွအဆုံး ဘုန်းကြီးရုပ်အလောင်းတောင် မီးဖုတ်စားခံ နေရတယ်။ ဒီဗိုလ်ချုပ်တွေ၊ သူတို့အပေါင်းအပါတွေ တိုင်းပြည် ဘဏ္ဍာအရင်းအမြစ်ဟူသမျှကို ဓားပြတိုက် လုယက် ချမ်းသာနေသလောက် လူထုဘဝကတော့ တကယ့်ကိုနင်းပြား၊ ဖွတ်ကျောပြာစု ခရု ဆံကျွတ်ဘဝ။ အဖြစ်ဆိုးလိုက်ပုံက သမီးမွေးတော့ ပြည့်တန်ဆာ သားမွေးတော့ သူခိုးပြာတာ၊ ကမ္ဘာ့အနှံ့မှာ ဗမာကူလီတွေ ရှိတယ်။ ဒါနဲ့များတောင် သူတို့ပါးစပ်က အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးလို့ မျက်နှာပြောင်တိုက် အော်နေတာပဲ။ ဒီလိုကျေးဇူးပြုခဲ့ကြတဲ့ လူမိုက်တသင်းကို တိုင်းပြည်နဲ့လူမျိုးအပေါ် ဆက်ပြီးအုပ်ချုပ်ခွင့်၊ အဓမ္မကျင့်ခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံကို အချောင်သမားတွေကလွဲလို့ ဘယ်သူမှလက်မခံဘူး။ ဥပဒေနည်းလမ်းတကျ စစ်ကျွန်ခံရတာ ကောင်းတယ်လို့ ယူဆတဲ့ ကျွန်ပွဲစားတွေပဲ လက်ခံတယ်။
နောက်ကျွန်ပွဲစားတွေရဲ့ ဘနဖူး သိုက်တူးမယ်ဆိုတဲ့ မတော်လောဘ အပေါ်လွင်ဆုံးက သူတို့နဲ့ပေါင်းလုပ်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ့်ဆိုတဲ့ အယူအဆဝါဒမှိုင်းပဲ။ ပူးသတ်မယ် ပြောလိုပြော၊ ပေါင်းပြီးပြောင်းမယ် ပြောလိုပြော၊ တကယ့်ကို အမြီးအမောက် မတည့်လှပါဘူး။ လက်တွေ့ကတော့ နွားသိုးဂျိုမှာ နိုညှစ်ကြစို့လို့ ပြောသလိုပါပဲ။
ဗမာပြည်နိုင်ငံရေးမှာ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အာဏာရှစ်များခေတ်၊ ခေတ်အဆက်ဆက်က လက်နက်ချ ဒူးထောက် အညံ့ခံသွားသူတိုင်း ဖန်တရာတေအောင် သုံးခဲ့ကြ၊ ပြောခဲ့ကြတဲ့စကားတွေ၊ ဆင်ခြေတွေပါ။ တကယ်ယုံ တကယ်ပြောပြီး တကယ်လုပ်ခဲ့ကြသူတွေလဲ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့ပြောသလို ဖြစ်ခဲ့တာတခုမှ မရှိခဲ့ဘူး၊ တယောက်မှပေါ်မလာဘူး။ အဲသလို ဆင်ခြေပေး အကြောင်းပြခဲ့ကြ သူအားလုံး အုပ်စိုးသူ ဖောက်ပြန်ရေးသမားတွေနဲ့ ပူးပြီးပေါင်းမိခါမှ မထွေးနိုင် မမြိုနိုင်နဲ့ အဆုံးမှာ မိုးခါးရေ ဝိုင်းသောက်ကြရင်း သစ္စာဖောက် ကိုယ်ကျိုးရှာသမားတွေအဖြစ်နဲ့ နိဂုံးချုပ် သွားကြရတာ ချည်းပဲ။ လျန်းလျန်းတောက် ခေါင်းဆောင်ကြီးတွေဖြစ်ကြတဲ့ ဘကြီးဘဖေတို့ သခင်စိုးကြီးတို့တောင် ဒီလိုပဲ ဇာတ်သိမ်း သွားရတာ။
ဒီစစ်ဒီလူညစ်တွေရဲ့ ခေတ်နဲ့စနစ်က ဟိုအရင်အာဏာရ ဖောက်ပြန်ရေးသမားတွေထက်ပိုဆိုး၊ ပိုပြီးဗြောင်ကျကျ ဖောက်ပြန် တယ်။ မရှိတာထက် ရှိလာတာကောင်းပါတယ်လို့ ကျွန်ပွဲစားကြီးတွေ မွှန်းနေတဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံက စစ်အာဏာရှင်စနစ်ကို အတိအကျပြဌာန်းထားတဲ့အပြင် ပြင်ဆင်လို့မရအောင် ယိုပေါက်မရှိပိတ်ဆို့ထားတယ်။ ဒါကြောင့် ပူးသတ်မယ် ပေါင်းပြီးပြောင်းမယ်ဆိုတဲ့ ကျွန်ပွဲစားတွေကလဲ ဟိုးအရင်ခေတ် ဖောက်ပြန်ရေး သမား တွေထက် ပိုပြီးဗြောင်ကျတယ်၊ အရှက် သိဏ္ခာမဲ့တယ်။ မတော်ရာမှာ သတ္တိထူးပါပေတယ်လို့ ချီးကျူးရမယ်။
အဲဒီအထဲမှာ တော်လှန်ရေးနဲ့ သူဌေးဖြစ်နေကြတဲ့ ကျုပ်တို့ရဲ့ အဝေးရောက် ခေါင်းဆာင်ကြီးတွေလဲ ပါတာပဲ။ အမြီးပြတ်ချင်း လက်တို့ဝိုင်းထိုင်ပြီး အပေါစားမိန်းမပျက်လို ဟိုဟာလှန်ပြ ဒီဟာလှန်ပြနဲ့ ရန်သူစစ်အုပ်စုကို မျက်စပစ်တယ်၊ မြှူတယ်။ စစ်အုပ်စုက ဒေါ်စုကို မတရားအမိန့်တွေချ၊ ထောင်တွေချနေချိန်မှာပဲ စစ်အုပ်စုကို ရင်ကြားစေ့ရအောင် ဆိုပါလား။ သြချလောက်တဲ့ စိတ်ကူး။ ဒေါ်စုထမိန်ချုံလို့ ကောင်းစားနေသူတွေက ဒေါ်စု အရေး တရွေးသားတောင် ထည့်မစဉ်းဘူးဆိုတာ ဒီမှာပေါ်တာပါပဲ။ ဒီအမြင် ဒီစိတ်ဓါတ်လောက်နဲ့ ကျွန်စုတ်တဲ့ သရက်စေ့လိုဖြစ်နေတဲ့ ပြည်သူတွေကို ကယ်တင်မယ်၊ အလုပ်အကြွေးပြုမယ် ဆိုပါလား အရပ်ကတို့။
စကားရွေးပုံ ဆင်ခြေပေးပုံလေးကတော့ တိုးတက်လာသလိုပဲ။
ဘာတဲ့ မုန်လာဥပြ ဒုတ်ပြ စည်းရုံးရေးတဲ့။
ကောင်းပါတယ်၊ ပြစရာနှစ်ခုလုံး ရှိရင်ပေါ့။
ဒါပေမယ့် ဘယ်မှာလဲ ပြစရာဒုတ်၊ တုတ်နဲ့တူတာလည်း တခုမှမတွေ့။ ဒီတော့ ပြစရာမုန်လာဥဘဲ ရှိတော့မပေါ့။ မုန်လာဥပြရတာနဲ့တင် မလုံလောက်လို့၊ အားမရကြလို့ မတော် လုံချည်လှန် နောက်ခိုင်းပြကြရင်ဖြင့် အတွေးနဲ့တင် မမြင်ဝံ့စရာ။ တွေးပြီးသာ ရှက်နေရတာပါ၊ ပြတောင်ပြပြီးလား မသိနိုင်ဘူး။
တကယ်တော့ ဒီခေါင်းဆောင်ကြီးတွေပဲ တော်လှန်ရေးကို အင်ဂျီအို (NGO) တွေရဲ့ ငွေဝယ်ကျွန်ဖြစ်အောင် လုပ်ခဲ့ကြတာ။ သူတို့ဆောင်ပှဒ်က ရှင်းရှင်းလေး။ တိုင်းပြည်အတွက် တော်လှန်ရေးအတွက် အကျိုးရှိရှိ၊ မရှိရှိ အင်ဂျီအို ကြိုက်တာအကုန်လုပ်၊ အင်ဂျီအို မကြိုက်တာ အကုန်ဖြုတ်၊ ဒါပဲ။ အင်ဂျီအို တွေကြားက မှတ်ချက်တစ်ခု ကြားမိတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က အဖွဲ့ တွေက သူတို့နဲ့ကိုက်တဲ့ ပရောဂျက်မှလုပ်တာ၊ ဗမာအဖွဲ့တွေက ပိုက်ဆံပေးရင် ဘာပရောဂျက်ခိုင်းခိုင်း အကုန်လုပ်တယ်တဲ့။ ပြောလည်း ပြောလေစရာ။ ဗမာအဖွဲ့တခုကဆို ပိုက်ဆံပေးလို့ ဗွီဒေး (V Day . Virgina Day ) ဆိုလား လုပ်ဆိုပဲ။ ကျုပ်တို့လည်း ခပ်ရွတ်ရွတ် ကိုရင်ကြီးတပါးလို “ဣတ္ထိဗီဇံ အဟံ ဝန္ဒာမိ” ဆိုပြီး ဝင်ရောရမလားပဲ။
ဒါကြောင့် သူတို့အနှစ် (၂ဝ) လုပ်ခဲ့သမျှ ပြစရာ နတ္တိ။ ဇကာကုံးနဲ့ ရေခပ်တာမှ ရနိုင်စရာရှိသေးတယ်။ သတ်ပုံတောင် မမှန်တဲ့သူက ပညာရေး မူဝါဒတွေချ၊ သင်ရိုးတွေဆွဲ၊ ပုဒ်ထီးပုဒ်မ မကွဲတဲ့သူက ဖွဲ့စည်းပုံ ရေးလိုရေး။ အခုလဲ ရွေကောက်ပွဲဝင်ရေး၊ စစ်ကျွန်ခံဖို့အရေး ကျွန်ပွဲစားလုပ်နေကြပြန်ပြီ။ စေတနာကမမှန်၊ တွေးခေါ်ပုံကမဟန်၊ ဟန်ကိုက မဟန်၊ လက်လန်လောက်ပါပေရဲ့။
ကျွန်ပွဲစားတွေပြောနေတဲ့ ပေါင်းပြီးပြောင်းမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် အိန္ဒိယကို နမူနာထားကြည့်ပါ။ အိန္ဒိယ ပါလီမန် လွှတ်တော်မှာ အမတ်ဦးရေ (၅၄၇) ယောက်ရှိတယ်။ လူနည်းစုတွေအတွက် အထူးရာထားတဲ့ (၄) ယောက်ကို သမတက တိုက်ရိုက်ခန့်တာကလွဲရင် ကျန်တာအားလုံး လူထုမဲနဲ့ ရွေးကောက်တယ်။ အစိုးရ ဖွဲ့နိုင်ဖို့ ဆိုရင် အနည်းဆုံး အမတ် (၂၇၂) ယောက်ရှိဖို့လိုတယ်။ ၁၉၉ဝ ခုနှစ် နောက်ပိုင်းရွေးကောက်ပွဲတွေမှာ အမတ်အများဆုံးရတဲ့ပါတီက အမတ် (၂ဝဝ) တောင်မပြည့်ဘူး။ ဒီတော့ အတွေးအခေါ် ရပ်တည်ချက် တူတာ မတူတာ ဘေးချိတ်ပြီး ညွန့်ပေါင်းဖွဲ့ကြရတယ်။ တချို့ညွန့်ပေါင်းဝင် ပါတီအချင်းချင်းရဲ့ အတွေးအခေါ်တွေက ဆန့်ကျင်ဖက်တွေ။ ဒီတော့ညွန်းပေါင်းအစိုးရတွေဟာ တိုင်းပြည်တည်ငြိမ်ရေး၊ ဖွံဖြိုးရေးအတွက် စီမံ ဆောင်ရွက် ရတာထက် အစိုးရတည်ငြိမ်တည်မြဲဖို့ လုံးပမ်းနေရတာနဲ့ပဲ အချိန်ကုန်ရတယ်။ အရေးပါတဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့၊ ဥပဒေပြုဖို့ဆိုတာ ဝေးလာဝေးပဲ။
သိကြတဲ့တိုင်း ပါလီမန် ဒီမိုကရေစီဆိုတာက (Number Game) ကိန်းဂဏန်းတွေ ကစားကြတာပဲ၊ အမတ်ဖြစ်ဖို့ လူထုမဲ ကိန်းဂဏန်းတွေကို အခြေခံလုကြတယ်။ အစိုးရဖွဲ့ဖို့ ကိန်းဂဏန်းတွေ (အမတ်) လုကြရတယ်။ ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေပြုဖို့ ကိန်းဂဏာန်းတွေကို လုကြ၊ ကစားကြရတယ်။ ကိန်းဂဏန်းများများကို ကိုင်ထားတဲ့ သူက ကြိုက်သလို ကစားတာပဲ။ ကိန်းဂဏန်းများများကို ကစားနိုင်တဲ့သူက ကြိုက်ရာလုပ်တာပဲ။ ဒီတော့ အာဏာရအုပ်စုနဲ့ အတိုက်အခံအုပ်စုတွေက သူ့ဘက် ကိုယ့်ဘက်က အမတ်တွေ၊ ပါတီငယ်လေးတွေကို ငွေ၊ ရာထူး အခွင့်အရေးတွေနဲ့ အပြိုင်အဆိုင် ဖဲ့ထုတ်စည်းရုံးကြတာပဲ။ ထုံးစံအတိုင်း အာဏာရထားတဲ့ အုပ်စုကတော့ တပန်းသာတာပေါ့။ သို့သော် သူမှာလည်းအစိုးရ တည်ငြိမ်အောင် လုံးပမ်းနေရတာနဲ့ပဲ တခြား လုပ်ငန်းတွေကို လှည့်မကြည့်အားနိုင်တော့ဘူး၊ တိုင်းပြည်ဆုတ်ယုတ်တယ်၊ မတည်ငြိမ်ဘူး။
ကျုပ်တို့ဗမာကျောင်းသားတွေကို အိမ်ပေါ်ခေါ်တင် စောင့်ရှောင်ထားတဲ့ မစ္စတာဂျော့ဖာနန်ဒက် ဆိုတာ ဆမာတာ ( SMATA – သာတူညီမျှ ) ပါတီရဲ့ ခေါင်းဆောင်။ သူ့ရပ်တည်ချက်က ပါတီနာမည်အတိုင်း ဆိုရှယ်လစ်။ သူပါတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကဦးဆောင်ပါတီ ဟိန္နူအမျိုးသားရေး ဝါဒီ (BJP) နဲ့က ဝါဒအရ ပြဒါးတလမ်း သံတလမ်းပဲ။ ဒါပေမယ့် အစိုးရဖွဲ့ နိုင်ဖို့ သူတို့ပေါင်းကြတယ်။ သူ့ပါတီက (၅၄၇) နေရာရှိတဲ့ ပါလီမန်ထဲမှာ (၁၄) နေရာပဲရှိတာဘဲ။ ဒါပေမယ့် အစိုးရကက်ဘိနတ်ထဲမှာ နံပါတ် (၄) နေရာဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး နေရာကိုရတယ်။ ဆိုခဲ့တဲ့အတိုင်း ပါလီမန်ဒီမိုကရေစီဆိုတာက (Number Game) ဆိုတော့ လူပြည့် ဖို့အတွက် (၁၄) နေရာမျက်နှာနဲ့ လိုက်လျောရတာပဲ။ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကပါတီကလည်း သူ့လူနံပါတ် (၁) ဝန်ကြီးချုပ် ရာထူးရဖို့၊ အစိုးရဖွဲ့နိုင်ဖို့ဆိုတော့ အစွမ်းကုန်လိုက်လျောရတာပဲ။
ဒီမှာ နိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လူ (၅၄၇) ရှိတဲ့ ပါတီပါလီမန်မှာတောင် လူ (၁၄) ယောက်ပဲရှိတဲ့ လူတစု၊ ပါတီတခုက ဒီလောက် ချယ်လှယ်ကစားနိုင်ရင် လူ (၄၄ဝ) သာရှိတဲ့ လွှတ်တော်မှာ စစ်မိန့်အာဏာအောက်က စစ်ဓားပြအမတ် (၁၁ဝ) က ဘယ်လောက်ဗိုလ်ကျ လွှမ်းမိုးနေမလဲ။ တွေးတောင် မတွေးဝံ့စရာပါ။ ဒီတော့ ကျွန်ပွဲစားတွေ ပြောသလို ပေါင်းပြီးပြောင်းမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ အရှင်းကြီးပါ။ တွေးကြည့် စရာတောင် မလိုပါဘူး။ ကျွန်ပွဲစားတွေရဲ့ အသားလိုလို့ အရိုးတောင်း လူထုကိုရောင်းစားဖို့ ကြံတယ်ဆိုတာ ရှင်းပါတယ်။
နိဂုံးချုပ်အနေနဲ့ အားလုံးအတွက် လက်ဆောင် ဟိတောပဒေသ ထဲက ပုံပြင်လေးတခု ပြောချင်တယ်။ တခါမှာတော့ ဖားတကောင်ဟာ ရေအိုင်စပ်မှာ မလှုပ်မယှက်နေနေတဲ့ မြွေကြီးတကောင်ကို သွားတွေ့တယ်။ ထုံးစံအတိုင်း မြင်မြင်ချင်းတော့ ကြောက်တာပေါ့။ မြွေကြီးက မလှုပ်မယှက်ငြိမ်နေတော့ အဝေးကနေ တဖြည်းဖြည်းကပ်လာပြီး စပ်စုတယ်။ အသင်မြွေကြီး ဘာဖြစ်နေသလဲ။ ဒီတော့ မြွေကြီးက သူ့သားကို ကိုက်သတ်လိုက်လို့ ပုဏ္ဏားကြီးက ငါ့ကိုကျိန်စာတိုက်လိုက်တယ်။ ဆိုးလိုက်တဲ့ ငါကံနှယ် ဖားတွေရဲ့ စီးတာကို ခံရပါစေလို ကျိန်လိုက်တယ်။ ဒါနဲ့ အဲဒီဖားက သူတို့ရဲခေါင်းဆောင် ဖားဘုရင်ကြီးဆီကို ပြေးပြီးသတင်းပို့တယ်။ ဒီခေတ်နဲ့ ဆိုရင်တော ဖားဥက္ကဌ၊ ဖားသမတ၊ ဖားဝန်ကြီးချုပ်လို့ ဆိုရမှာပေါ့။ ဒါနဲ အဲဒီဖားခေါင်းဆောင် ဘုရင် ပြောပြော ဥက္ကဋ္ဌပြောပြော ပေါ့ မစူးမစမ်းဘဲ မြွေကြီးဆီကိုသွားပြီးတော့ စီးကြည်စမ်းမယ်ဆိုပြီး စီးတာပေါ့။ ဖားဘုရင်ကြီးလည်း အတော်သဘောကျသွားတယ်။ နှစ်ရက် သုံးရက်လောက်နေတော မြွေကြီးက သိပ်မသွား နိုင်တော့ဘူး။ ဘာဖြစ်သလဲပေါ့။ မြွေကြီးက အစာမစားရလို ပါလို့ဖြေတယ်။ ဒါနဲ ဖားဘုရင်ကြီးကလည်း သူနောက်လိုက် ဖားတွေကို အလှည့်ကျအစားခံစေလို့ အမိန့်ချလိုက်တယ်။ နောက်ဆုံးလည်းကျရော ဖားတွေကုန်သွားလို မြွေကြီးက ဖားဘုရင်ကြီးကိုစားပြီး ရေအိုင်က ခွါသွားတယ်။ အဓိပ္ပါယ်ကတော့ မြွေဆိုတာ မြွေပါဘဲ၊ ဖားဆိုရင်စားမှာဘဲ။ အဲဒီလိုဘဲ စစ်အာဏာရှင်ဆိုတာက စစ်အာဏာရှင်ဘဲ။ စိတ်ကူးယဉ်ရင် ဖားဘုရင်လို ဖြစ်သွားမယ်။
သိကြတဲ့ အတိုင်းပါပဲ။
နဝတ/နအဖ စစ်အုပ်စုက ၂ဝ၁ဝ ရွေးကောက်ပွဲ မျက်လှည့်ပွဲကြီးကိုလုပ်ဖို့ တာစူကာပဲ ရှိပါသေးတယ်။ သို့သော် ကျုပ်တို့ အညာအလှူက ခွေးတွေ၊ ကလေးတွေလို ဘင်ကြီးကို ဝင်ထုသူကထု၊ မီးရှုးမီးပန်း ဖောက်သူကဖောက်နဲ့ ကျုပ်တို့ ဝန်းကျင်မှာတော့ အတော့်ကို ရွစိညံနေကြပါပြီ။ တချို့ကလည်း ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုအရခဲဖို့ ဟန်ပြင်နေကြရဲ့။ ပတ်ဝန်းကျင်ကိုလည်း မှိုတက်သဘောတရားတွေ၊ ဂျိုကျိုးနားရွက်ပဲ့ အတွေးအခေါ်တွေနဲ့ မှိုင်းတိုက် အဆိပ်လူးပြီး သူခိုးသေပေါက် ညှိနေကြပြီ။ အတွေးမှားပြီး လမ်းရွေးမှားလို့ကတော့ ကျွန်ပွဲစားကြီး တွေနဲ့အတူ သမိုင်းအမှိုက်ပုံရဲ့ အောက်ဆုံးကိုရောက်ရမှာ မလွဲဧကန်ဘဲ။
အချိန်ကား နေဝင်ရီတရော၊ ညီအစ်ကို မသိတသိ၊ သူ့လူကိုယ့်လူ မကွဲပြား။ အခါကတော့ ပွဲလန့်နေပြီ။ အချောင်သမားတသိုက်ကလည်း သူ့အစု ကိုယ့်အစုကလေးတွေဖွဲ့၊ ဖျာလိပ်ကလေးတွေ ခေါင်းမှာရွက်လို့ အလစ်မှာ နေရာခင်းဖို့ ဟန်ပြင်နေကြပြီ။

ကဲ ရဲဘော်တို့ -

သတိသာ ထားကြပေတော့၊ ကျွန်ပွဲစားတွေ လာချေပြီ။

ရဲဘော် ကျော်သန်း
၃ဝ၊ ၉၊ ၂ဝဝ၉
အီးမေးမှ ရရှိပါသည်။


Wednesday, July 22, 2009

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က သူ၏ မြန်မာပြည် ခရီးစဉ် အဆုံးသတ်တွင် "ကျနော် အတော့်ကို စိတ်ပျက်မိပါတယ်။ ဒါဟာဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မယ့် နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးနဲ့ သင့်မြတ်ရေးအတွက် တစိုက် မတ်မတ် လုပ်နေပါတယ် ဆိုတာနဲ့ ပတ်သက်လို့ သူတို့ဘက်က ပြသနိုင်မယ့် အခွင့်အလမ်းတခု ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။" ဟုပြောကြား သွားခဲ့သည်။ စစ်အုပ်စုတို့သည် အာဏာကို ဆက်လက်ဆုတ် ကိုင်ရေး လမ်းပြမြေပုံကိုသာ စွဲကိုင်၍ မြန်မာပြည်သူအားလုံးနှင့် တကမ္ဘာလုံး၏ မျှော်လင့်ချက်များ ကို ပြက်ရယ်ပြုခဲ့လေပြီ။

၁၉၆၂ ခုနှစ် စတင် အာဏာသိမ်းယူစဉ်ကတည်းက ကျောင်းသားပြည်သူလူထုများ၏ အသက်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ရုံမကပဲ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက် အအုံကြီးကို မိုင်းခွဲ ဖျက်ဆီးပြီး ပြည်သူလူထု များကို ဒုတ်ဒုတ်ချင်း ဒါးဒါးချင်းဟု စိန်ခေါ်ခဲ့သည် စစ်အာဏာရှုးတို့သည် လူသာပြောင်းခဲ့၍ မူကတော့ ဘယ် တော့မှ ပြောင်းလဲမလာခဲ့။

ကျောင်းသား၊ပြည်သူ၊ ရဟန်းရှင်လူများ၏ အသက်သွေးများကို ခြေဆေး၍ သူတို့၏ အာဏာသက် ရှည်ရေးကို သာ အစဉ်တစိုက် ရှေးရှုခဲ့သည်။ အတိုက်အခံ ပြုသူဟူသမျှကို ထောင်သွင်း အကျဉ်း ချရုံမျှမက အောက်လမ်း နည်းမျိုးစုံသုံး၍ အကြံပက်စက်စွာ နှိမ်နင်းသည်။လိုအပ်လျှင် သတ်ဖြတ်သည်။ တိုင်းရင်းသား အချင်းချင်းလည်း သွေးခွဲ၍ သတ်ဖြတ်စေသည်။ ပြည်သူများ အပေါ် ဖိနှိပ်ရုံမက သဘာဝ ဘေးဒဏ် ခံစားနေရချိန်တွင်ပင် လူမ ဆန်စွာ အမြတ်ထုတ်သည်။

ယခုနောက်ဆုံး အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်အေးချမ်းသာယာရေးအတွက် ကုလသမဂ္ဂမှ ကမ်း ပေးလာသော လက်ကိုပင် ပုတ်ထုတ်၍ အာဏာရှင်သရုပ်ကို တကမ္ဘာ လုံးသို့ ဖေါ်ထုတ်ပြခဲ့လေပြီ။

ထိုမျှမကသေးပဲ နျူကလီးယား အားကိုးဖြင့် တံခါးပိတ်ကာ စွာနေသော မြောက်ကိုရီးယား လမ်းစဉ်အတိုင်း နျူကလီးယား ပါဝါ ကိုရရှိရန် ကြိုးစားနေမှုများသည်လဲ ဘူးပေါ်သလို ပေါ်ထွက်လာခဲ့သည်။ မိမိနိုင်ငံသူ နိုင်ငံ သားများကို လက်နက်အားကိုးဖြင့် အမျိုးမျိုး သတ်ဖြတ် ဖိနှိပ်အနိုင်ကျင့် နှိပ်စက်ရုံမျှကမ အရှေ့တောင်အာရှ ဒေသ နိုင်ငံများနှင့် ကမ္ဘာ့ နိုင်ငံအားလုံးကိုပါ ခြိမ်းခြောက်နိုင်ရန် ဆက်လက်ကြိုးစားနေသည်။

စစ်အင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်လာစေရေးကို အရှုးအမှုးကြိုးစားရင်း ဒေသလုံခြုံရေးကို ခြိမ်းခြောက်လာ သည်ကို ထင်ရှားစွာ တွေ့နေရပြီဖြစ်သော်လည်း အာစီယံခေါ် အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီးက သူတို့၏ မအောင်မြင်သည့် အပြုသဘော ဆောင်သော ချော့မော့ဖြောင်းဖျရေး လုပ်ငန်းစဉ်ကြီးကို လက်လွှတ် ရန် ဝန်လေးနေသည်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူတာတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် မကျင့် သုံးသင့်ဘူးလို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) က ပြောခဲ့၏ ထို့အတူ ဒဏ်ခတ် အရေးယူမှုက ပြဿနာ မဖြေရှင်းနိုင်ရင် ASEAN အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့က ချမှတ်ကျင့်သုံးနေတဲ့ အပြုသဘောဆောင် ဆက်ဆံရေး ကနေ မြန်မာနိုင်ငံ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင် သင့်တယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က တုံ့ပြန်ပြောခဲ့၏

ပိတ်ဆို့အရေးယူထားတာတောင်မှ စစ်လက်နက်အင်အား များစွာဖြည့်တင်းခဲ့ပြီး နျူကလီးယား ပါဝါကို ပိုင်ဆိုင်ရန် ကြိုးစားနေသေးသည်ကို သေချာစွာ သုံးသပ်ကြည့်သင့်သည်။ တကယ်တော့ ထိုမျှ စစ်လက်နက် အင်အားများ တောင့်တင်းအောင် ထိုင်းနိုင်ငံက ဝယ်ယူနေတဲ့ ဒေါ်လာ ဘီလျှံချီနေတဲ့ ဂက်(စ်)ရောင်းရ ငွေတွေက အထောက်အပံ့ ပေးနေခြင်းဖြစ်သည်။ ထိုရောင်းရငွေများနှင့် စစ်အုပ်စုက လက်နက်များ လှိမ့်ဝယ်နေချိန်တွင် မြန်မာနိုင်ငံသားများမှာ မြို့ပျက်ကြီးများကဲ့သို့ မီးမှောင်မဲနေသော နိုင်ငံ တဝှမ်းလုံးရှိ မြို့ပြကြိးများတွင် အကြပ်အတည်း မျိုးစုံတွေနဲ့ ဖိနှိပ်ခံနေရခြင်းဖြစ်သည်။ အဲဒီ အကျပ်အတည်းတွေဟာ တို့ခံစားရတာ မဟုတ်လို့ ထည့်စဉ်းစားစရာ မလိုဘူးလို့ တွေးကြတယ်ဆိုရင်တော့ နောင်အနာဂတ်မှာ နျူကလီးယား လက်နက် တယမ်းယမ်းနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဒေသ လုံခြုံရေးကို နှောင့်ယှက်လာသည့် နအဖကို တွေ့ရမည်မှာ မလွဲမသွေပင် ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် စစ်အုပ်စု သံအမတ်က အချက်၃ချက် ပြောဆိုခဲ့သည်။ ထိုအချက်များသည် အပြောင်းအလဲ လုပ်ဆောင်မည်ဟု ကိုးကားလောက်စရာ အကြောင်းမရှိခဲ့။ ၄င်းက အကျဉ်းသားများ လွှတ်ပေး ဦးမည်ဟု ဆိုသည်။ ယခင်ကလည်း လွှတ်ပေးခဲ့ပြီး ဖြစ်ရာ ထိုထောင်နှင့်ချီ လွှတ်ပေးခဲ့သော အကျဉ်းသားများတွင် နိုင်ငံရေး အကျဉ်းသားများက ရာဂဏန်းပင် မရှိခဲ့။ ထိုသို့ ရာဇဝတ်အကျဉ်းသားများ လွှတ်ပေးခြင်းတွင်ပင် ရိုးသား ဖြောင့်မတ်မှု ရှိခဲ့သည်မဟုတ်။ ဥပမာ ကလေးထောင်တွင် လူ ၂၀၀ကျော် လွှတ်ပေးသည်ဟု စာရင်း ထွက်ခဲ့သော်လည်း တကယ် အလွှတ်စာရင်းပြသူများမှာ ရဲဘက်စခန်းများနှင့် ရှေ့တန်းဒေသများတွင် ပေါ်တာအဖြစ် အသုံးပြုခံရပြီး သေဆုံးခဲ့ရသူများကို အလွှတ်စာရင်းပြခဲ့ ခြင်းသာ ဖြစ်သည်။

နောက်တဖန် ၂၀၁၀ ရွေးကောက်ပွဲကို အားလုံးပါဝင်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ လက်တွေ့တွင် ရွေးကောက်ပွဲ ဥပဒေကို ယခုအချိန်အထိ ထုတ်ပြန်ခြင်း မရှိသေး သလို ပါတီများ အတွက်မဲဆွယ်စည်းရုံး လှုပ်ရှားခွင့် မရှိသေး။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ထောင်ချရန် ကြိုးပမ်းနေဆဲ ဖြစ်ပြီး၊ နိုင်ငံရေး လှုပ်ရှားသူ ၂၀၀၀ ကျော်ကို မတရားနှစ်ရှည်ထောင် ဒဏ်များချ၍ ဖမ်းဆီးထားဆဲပင်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် နည်းပညာ အကူအညီများ လိုခဲ့လျှင် ကုလသမဂ္ဂ၏ အကူအညီ ယူပါမည်ဟုဆို သည်။ မလိုလျှင် မယူဟု ပြောခြင်းသာဖြစ်သည်။ နိုင်ငံတကာ အကဲခတ်များ ပါဝင်စောင့်ကြည့်ခွင့်ရရန် စိုးစဉ်းမျှ မဟ။

စစ်အုပ်စု၏ ရှေ့ဆက်သွားမည့် လမ်းစဉ်များတွင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတည်း ဟူသော မြန်မာနိုင်ငံသား အားလုံးနှင့် တကမ္ဘာလုံးက မျှော်လင့်နေသော အချက်အလက်များ လုံးဝပါမလာခဲ့။

ထိုသို့ဆိုလျှင် တရားမျှတမှု မခံစားရပဲ သေဆုံးခဲ့ကြရသူများ၊ ငရဲလှောင်အိမ်ထဲတွင် ယုံကြည်ချက် အတွက် အကျဉ်းကျ နေရသူများ၊ နစ်နာခံစားနေရသောပြည်သူများ၊ အသက်ဘေးကြောင့် ထွက်ပြေးနေရသော တိုင်းရင်းသားများ၊ အငတ်ဘေးကြောင့် ကျွန်သဘောက်ဘဝ ရောက်နေရသော လူထုများ၊ များစွာသော အရာအားလုံး အတွက် တုန့်ပြန်ရန်၊ ထိုက်သင့်သော ပြစ်ဒဏ်ခတ်ရန် အသက်ရှင်သန်နေသူများ၏ တာဝန် ဝတ္တရား ဖြစ်သည်မှာ အမှန်တရား ပင်ဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံသားများသည် နှစ်ပေါင်းမြောက်များစွာ စစ်ဘေးစစ်ဒဏ် အမျိုးမျိုးကို ခါးစည်း ခံခဲ့ကြရသည်။ လွတ်လပ်ရေးရပြီး နောက်တွင်လည်း ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ကို ခံစားခဲ့ရသည်။့ ငြိမ်းချမ်း သော ဘဝကို လူတိုင်းပိုင်ဆိုင် လိုကြသည်။

ထို့ကြောင့် ပင်လျှင် အသက်ပေါင်းမြောက်များစွာ သတ်ဖြတ်ခဲ့သော၊ ဘဝပေါင်းများစွာကို ဖျက်ဆီးခဲ့သော၊ နိုင်ငံ၏ သယံဇာတ အရင်းအမြစ်များကို အာဏာတည်မြဲရေး အတွက်နှင့် ကိုယ်ကျိုးစီးပွါး အတွက် အသုံးချခဲ့ သူများကိုပင် ခွင့်လွှတ်၍ တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကို ရွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးကို ရှေးရှု၍ သင်ပုန်းချေပေးရန် ကြိုးစားခဲ့ကြသည်။ ထိုသည်ကိုပင် ကြောက်သည်ဟု ထင်မှတ် မှားနေသည်လား မသိ။ ပြည်သူတို့၏ ဆန္ဒကို ငြင်းပယ်ခဲ့လေပြီ။ ထိုမျှမက အထက်တွင် ကျွန်တော်ဆိုခဲ့သလို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ကိုယ်တိုင် လာရောက်ကမ်းသော လက်ကိုပင် မောက်မာစွာ ပုတ်ချခဲ့ လေပြီ။

ကျွန်တော်တို့သည် ငြိမ်းချမ်းရေးကို လိုလားစွာ လက်ကမ်းနေသော်လည်း ကျွဲပါး စောင်းတီး သလို ဖြစ်ခဲ့လေပြီ။ ထိုသို့ဆိုလျှင် မည်သို့ဆက်လက် ဆောင်ရွက်ရပါမည်လဲ။ လက်ရှိ အချက်အလက် အခြေအနေများ၏ ညွှန်ပြ ချက်များအရ နအဖ တို့သည် သူတို့ကိုယ်တိုင် အခက်အခဲ အကြပ်အတည်းများကို မကြုံတွေ့ရသမျှ စေ့စပ် ညှိနိုင်းရေး ဆိုသော တံခါးကို ဘယ်တော့မှ ခေါက်လေမည် မဟုတ်။

ငြိမ်းချမ်းရေးသည် တေးဆိုပြနေရုံဖြင့်မရ။ လိုအပ်ပါက တိုက်ပွဲဝင် ရယူကြရသည်။လက်ရှိ အခြေအနေအရ သူကိုယ့်သူ အသာစီးရနေသည်ဟုထင်နေသော နအဖ စစ်အာဏာရှင်များအား ပကတိ အခြေနေမှန်ကို ခေါင်းခေါက်၍ ထောက်ပြရန်သာ ရှိတော့သည်။ ဒီမိုကရေစီ အင်အားစုများက တွေ့ဆုံညှိနိုင်း အဖြေရှာရေးအတွက် တံခါးဖွင့်ထားခြင်း၊ တောင်းဆိုနေခြင်းအပေါ် သူတို့အသာစီးရနေသည်ဟု ထင်နေသူများ အတွက် ပကတိ အမှန်တရားကို မြင်အောင်ပြပေးရုံ မှတပါး အခြားမရှိတော့။

စစ်အင်အားများစွာ ဖြည့်တင်းထားသော အာဏာရှင်တို့က ထိုအတွက် မာန်တက်ဝင့်ဝါနေသည်။ အမှန်မှာ သန်း၅၀ကျော်သော ပြည်သူလူထုများက စစ်အာဏာရှင် စနစ်ကိုခါးသည်းစွာ ပြောင်းလဲလိုနေကြပြီ။ သူတို့ အားကိုးနေသော သိန်းဂဏန်း ပမာဏရှိ တပ်မတော်သားများသည်လည်း ထိုပြည်သူလူထု များကြားမှ ပေါက်ပွားလာ သူများသာ ဖြစ်သည်။ ထို့အတူ သူတို့အုပ်ချုပ်ရေး ယန္တယားကြီးကို မောင်းနှင်ပေးနေ သူများမှာလည်း ပြည်သူလူထုကြားမှ ပေါက်ပွားလာသော ဝန်ထမ်းများသာဖြစ်သည်။ သူတို့အတွက် အခွန်ထမ်း နေသူများမှာလည်း ထိုပြည်သူများသာ ဖြစ်သည်။ ထိုမျှမက ကျွန်တ်ာတို့ဘက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြတ်နိုးတန်ဘိုးထားကြသော ကမ္ဘာ့ပြည်သူများရှိသည်။ ထိုလက်နက်များကို စနစ်တကျ တပ်ဆင်၍ ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ရုံ မှတပါး အခြားမရှိတော့ပြီဟု တင်ပြလိုက်ရပါသည်။

D-Wave


အမှန်တရားဂျာနယ် အတွဲ၁။ အမှတ်၅တွင် ရေးသားခဲ့သော အယ်ဒီတာ့ အာဘော်ကို

အချက်အလက်များ ထပ်မံ ဖြည့်စွက်၍ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

Saturday, July 18, 2009

အာဇာနည်နေ့ အမှတ်တရ ဆောင်းပါး

“အာဇာနည်မျိုးသေရိုးမရှိ”
၆၂နှစ်မြောက် အာဇာနည်နေ့


martyr-day


အာဇာနည်မျိုးဆက်များ


အစားထိုးမရသောဆုံးရှုံးမှုကြီး

၁၉၄၇ ၊ ဇူလိုင်လ၁၉ရက်၊ စနေနေ့၊ မနက် ၁၀နာရီကျော်

“စနေမိုးပေမို့ မစဲလေသလား၊ မကြာမီဖြစ်လာတော့မည့် အစားထိုးမရနိုင်သည့် ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုကြီး အတွက် ကြိုတင်၍ပင် ငိုကြွေးနေလေသလားပင်မသိ။

ကောင်းကင်ပြင် တခုလုံး ညိုမှိုင်း၍ မိုးက တအိအိတဖွဲဖွဲ ရွာသွန်းနေလေသည်။ မိုးကြောင့် လမ်းများတွင် လူသွား လူလာ မရှိသလောက်ပင်။ ထိုအချိန်တွင် ဝန်ကြီးများရုံး အဆောက်အအုံရှေ့သို့ အစိမ်းပုပ်ရောင် ဂျစ်ကား တစီး ဆိုက်ရောက်လာပြီး ဘရင်းဂန်းများ ကိုင်ဆောင်ထားကြသော လူတစုသည် ကားပေါ်မှ ခုန်ဆင်း ရုံးအပေါ်ထပ်သို့ လျှင်မြန်စွာ ပြေးတက်သွားကြသည်။ သူတို့ဦးတည်ရာ အရပ်ကား အစည်းအဝေး ခန်းမဆီသို့………

အစည်းဝေး ခန်းမထဲတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေသည်။ လက်တကမ်းသာ လိုတော့သည့် မြန်မာ့လွတ်လပ်ရေး ကိစ္စနှင့် ရှေ့အနာဂတ် အလားအလာ များအတွက် စိတ်အားထက်သန်စွာ ဆွေးနွေးနေမှုက စစ်ဖိနပ်သံများနှင့်အတူ အခန်းဝတွင် ပေါ်ပေါက်လာသည့် လက်နက်စွဲကိုင်သူ လူတစုကြောင့် ရပ်တန့်သွားသည်။ သွေးဆာနေသည့် လူသတ်သမားတို့က သေနတ်များဖြင့် ချိန်လိုက်စဉ်ဗိုလ်ချုပ်အောင်ဆန်းက တခုခုပြောရန် လက်တဖက်ကို မြှောက်၍ တားလိုက်သည်။ သို့သော် ဆူညံသော သေနတ်သံများနှင့်အတူ အခန်းတခုလုံး ယမ်းငွေ့တို့ဖြင့် မှောင်ပိန်း သွား လေတော့သည်။

ယမ်းငွေ့များ ပြယ်စပြုချိန်တွင် အခန်းထဲ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်ကြီးများ သွေးအိုင် ထဲတွင် အတုန်းအရုံး လဲပြိုကျလျက်ရှိနေပါတော့သည်။ ထိုအဖြစ်ဆိုးကို သိသည့်အလား မိုးက အငြိုးတကြီးဖြင့် တိုး၍ရွာချလိုက်သည်။ ထိုသတင်း ထွက်ပေါ်လာသည်နှင့် တပြည်လုံး ယူကြုံးမရ ငိုကြွေးကြပါတော့သည်။ မြန်မာပြည် အနာဂတ်သည်လည်း မိုးနှင့်အတူ ရေစုန် မျောရပေတော့မည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ သခင်မြ၊ အတွင်းဝန်ဦးအုန်းမောင် အစရှိသော နိုင်ငံရေးခေါင်းဆောင်များနှင့် အခန်းပြင်ရှိ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ပါ ထိုသွေးစွန်းသော စနေနေ့ မနက်၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကြေကွဲဖွယ်ရာ ကျဆုံးခဲ့ရ ပါတော့သည်။”

ဤကား ကျွန်တော်ကြားခဲ့၊ မှတ်ခဲ့၊ ဖတ်ခဲ့ရဘူးသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျဆုံးခဲ့ရမှု ရုပ်ပုံကားချပ်ပင်။ ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ(၆၂)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ တခေတ်တွင် တယောက်ပင် ပေါ်ထွက်ခဲသော နိုင်ငံခေါင်းဆောင်၊ မြန်မာတမျိုးသားလုံး အမျိုးသားခေါင်းဆောင်၊ တိုင်းရင်းသားလူမျိုးများ၏ ချစ်ခင်လေးစားမှုကိုရသူ၊ အတိုက်အခံများကပင် လေးစားရသူ၊ တပ်မတော်ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကိုယ်ကျိုး မဖက် ဆောင်ရွက်ခဲ့ကြသော ထိုခေါင်းဆောင်များကို ဆုံးရှုံးမှုက တိုင်းပြည်အတွက် တန်ဘိုးအနဂ္ဂတွက် ချက်မ ရအောင် နစ်နာခဲ့ပါတော့သည်။

တိုင်းပြည်အတွက်နစ်နာဆုံးရှုံးရခဲ့မှူများ

ယခုမျက်မှောက် ဖြစ်ပေါ်နေသော အခြေအနေများကိုပင် သက်သေပြရပါတော့မည်။ ဗိုလ်ချုပ်ဖောက်ခဲ့သော လမ်းကို ဆက်လျောက်၍ လွတ်လပ်ရေး ပန်းတိုင်ဆီကိုတော့ ရောက်ခဲ့ရပါသည်။ ဆက်ခံသူ နိုင်ငံရေး ခေါင်းဆောင်များ၏ လက်ထက်တွင် နိုင်ငံရေးအယူအဆ ဂိုဏ်းဂဏ ကွဲပြားမှုများ၊ တိုင်းရင်းသား လူမျိုးများ အရေးအရာကိစ္စ မပြေလည်မှုများကြောင့် မြန်မာနိုင်ငံ အတွင်းတွင် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရ ပါတော့သည်။

အသွေးအရောင် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် မြေဇာပင်ကတော့ တိုင်းရင်းသား ပြည်သူလူထု များပင်။ ပြည်တွင်းစစ်ကြောင့် စစ်အင်အားအပေါ်ကို မှီခိုရသည်။ နိုင်ငံရေးအယူအဆ ကွဲပြားမှုကြောင့် စစ်တပ်ကို ကြားခံမဏ္ဍိုင်ပြုရသည်။ နိုင်ငံရေးအရရော စစ်ရေးအရပါ ဩဇာအာဏာ ကြီးမားသော ဗိုလ်ချုပ်မရှိတော့သည့် အခါတွင် ထိုအခြေအနေများကြောင့် ဗိုလ်နေဝင်းဆိုသော အာဏာရူး အတွက် ဘီလူးအစွယ်ပေါက်ရန် ဖြစ်လာတော့သည်။

အလိုလိုက် အကြိုက်ခစားသည့် ဗိုလ်အောင်ကြီးတို့လို လူစားတွေကြောင့် ပို၍ သွေးနားထင်ရောက်လာသည့် ဗိုလ်နေဝင်း၏ စစ်အာဏာသိမ်းခြင်းကို ခံရပါတော့သည်။ ထိုအချိန်မှစပြီး ဆိုရှယ်လစ်အနံ့ပေး၍ သွေးခွဲလိုက်၊ ငြိမ်းချမ်းရေးအသံပေး၍ ဘေးတီးလိုက်နှင့် အမျိုးမျိုးသော ဇာတ်ရုပ်ကိုက မြန်မာပြည်တွင် စစ်မျိုးဆက် အုပ်ချုပ်ရေး အသက်ရှည်ရေးနှင့် စစ်ကျွန်ဇာတ်သွင်းရေးကို စနစ်တကျဖော်ဆောင်ခြင်း ခံခဲ့ရသည်မှာ ယခု ဗိုလ်သန်းရွှေတို့ လက်ထက်တိုင်ပင် ဖြစ်ပါသည်။

နှမြောစရာ အကောင်းဆုံး အချက်မှာ B.I.A ၊ B.D.Aမှစ၍ အစဉ်အလာကြီးမားခဲ့သည်ြ့ပည်သူလူထုကြားမှ ပေါက်ဖွား လာခဲ့သည့် မြန်မာ့ တပ်မတော်ကြီးသည် ယနေ့အချိန်တွင် အာဏာရူး လက်တဆုပ်စာတို့ အတွက် လက်ကိုင်တုတ်အဖြစ် ယုတ်နိမ့်သော ကြေးစားစစ်တပ် ဖြစ်ခဲ့ရခြင်းပင်။ အမျိုးကို အမှန်တကယ်ချစ်သော၊ တိုင်းပြည်ကို တကယ် မြတ်နိုးသော တပ်မတော်သားများ လေးနက်စွာ စဉ်းစားသုံးသပ်သင့်သော အချက်ဖြစ် ပါသည်။

ထိုကာလမှ ယနေ့အထိ ဆုံးရှုံးခဲ့ရသော ပြည်သူလူထုပေါင်း များစွာ၏ အသက်အိုးအိမ် စည်းစိမ်များ၊ အာဏာရူး များ၏ ကိုယ်ကျိုးရှာမှုကြောင့် တိုင်းပြည်ချွတ်ခြုံကျခဲ့ရမှုများကိုပါ ထည့်တွက်လျှင် တန်ဘိုးမည်မျှဟု ဘယ်ကဲ့သို့ တွက်ချက်နိုင်ပါမည်နည်း။ အလွန်အင်မတန် ကြီးမားလှသော ဆုံးရှုံးမှုကြီးဟုသာ ဆိုနိုင်ပါတော့သည်။

အာဇာနည်နေ့တို့မမေ့

ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်အလေးထား ဂုဏ်ပြုကျင်းပခြင်းသည် တိုင်းပြည်က တတ်နိုင်သမျှ ကျေးဇူးတုန့်ပြန်ခြင်း၊ အသိမှတ်ပြုခြင်းပင် ဖြစ်သည်။ ထိုမျှမက ဂုဏ်ပြုသင့်ပါသည် ဟုဆိုလျှင်လည်း ကျွန်တော် ငြင်းဆန်ရန် အကြောင်းမရှိပါ။

သို့ရာတွင် ၁၉၈၈ခုနှစ်စစ်တပ်မှ အာဏာသိမ်းပြီး ချိန်မှစ၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပ မှုများကို မကောင်းတတ်၍သာ အဖြစ်သဘော လုပ်ဆောင်ကြသည်ကို ထင်ရှား စွာတွေ့ရပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန် ဇူလိုင်လ ၁၉ ရက် နံနက်၁၀နာရီ ၃၇မိနစ်တွင် မြန်မာ့အသံနှင့် နိုင်ငံတဝှမ်းလုံးရှိ စက်ရုံများမှ ဆွေးဆွေးမြေ့မြေ့ ဥဩဆွဲသံ ထွက်ပေါ် လာသည့်အခါ စိတ်မခိုင်သူများ မျက်ရည် ပေါက်ပေါက်ကျသည် အထိပင် ဖြစ်ခဲ့ ကြရဘူးပါသည်။

ထိုဥဩသံကိုပင် မဆွဲခိုင်းသည်အထိ ယခု ဗိုလ်ချုပ်ကြီးများဟု အမည်ခံသူများက ကျေးဇူးကန်းဝံ့ကြပါသည်။ တပ်မတော်၏ ဖခင်ကြီးကို ဦးညွတ်အလေးပြုရန် တပ်မတော် ခေါင်းဆောင်များဟု အမည်ခံသူများက ရှောင်လွှဲ ၍ သေးသိမ်စေကြသည်။ သို့သော် ပြည်သူလူထုများ ရင်ထဲ နှလုံးသားများထဲမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစားကြည်ညိုသည့် စိတ်ကိုတော့ ဖြောက်ဖျက်မပစ်နိုင်ပါ။ ထို့ကြောင့် ပင်လျှင် ပြည်သူများက နှစ်စဉ်မပျက်မကွက် အာဇာနည်ကုန်းရှိရာသို့ သွားရောက်ပန်းခွေချခြင်း၊ ဦးညွတ် အလေးပြုခြင်းများ လုပ်ဆောင်နေကြခြင်းပင် ဖြစ်သည်။ ထိုသည်ကိုပင် မလိုတမာစိတ်ဖြင့် တားဆီး ပိတ်ပင်မှု အမျိုးမျိုး ပြုလုပ်နေကြပါသေးသည်။ မည်ကဲ့သို့ ပိတ်ပင် တားဆီးစေကာမူ အာဇာနည်နေ့ကို ကျွန်တော်တို့မမေ့ကြပါ။

အာဇာနည်မျိုးသေရိုးမရှိ

ပြည်သူလူထု အားလုံးသည် ဗိုလ်ချုပ်သာရှိခဲ့လျှင် ငါတို့တိုင်းပြည် အခုလိုမဖြစ်ဘူးဟု ဆိုကာ ယနေ့တိုင် တသ တိရ နေရဆဲပင်။ ယခုလို အဖမဲ့သားရေနည်းငါး ဖြစ်နေကြရချိန်တွင် ပိုလို့ပင် တမ်းတကြပါသည်။ တကယ် တော့ သတိရနေရုံနှင့်မပြီးသေးပါ။

ဗိုလ်ချုပ် ရည်မှန်းခဲ့သည့် ဒီမိုကရေစီပန်းတိုင် ရောက်အောင် ဆက်လက်လျှောက်လှမ်းရန် တာဝန်များ ကျန်နေ ပါသေးသည်။ သို့မှသာ အာဇာနည်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သည်။

ဗိုလ်ချုပ်၏ ရုပ်ခန္ဓာကိုယ်သည် ယခု၆၂ နှစ်မျှကြာသည့် အချိန်တွင် ဆွေးမြေ့ ပျောက်ကွယ်လောက်ပါပြီ။ သို့သော် ဗိုလ်ချုပ်၏ပုံရိပ်များ၊ ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ ဗိုလ်ချုပ်ပြုမူကျင့်ကြံ နေထိုင်ခဲ့ပုံများ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများ စသည် တို့သည် ပြည်သူလူထုများ၏ နှလုံးသားများထဲတွင် အမှတ်ရနေဆဲ ဖြစ်ပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများသည် ပြည်သူလူထု ရင်ထဲတွင် ဆက်လက် ရှင်သန်နေပါ သေးသည်။ ပြည်သူလူထုများဒီမိုကရေစီတပ်ဦး အောင်လံရှေ့မှ ဗိုလ်ချုပ် ဦးဆောင်မှုပေးနေသည် ဆိုသည့် ယုံကြည်စိတ်ဖြင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး အတွက် တခဲနက် ဆက်လက်တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။

“အာဇာနည်မျိုးသေရိုးမရှိပါ။”

ရွက်စိမ်း

Monday, May 4, 2009

အထူးအစည်းအဝေးရဲ့ ထူးခြားချက်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထူး အစည်းအဝေး ကတော့ ပြီးသွားပါပြီ။ ပြည်သူ တွေဟာ သူတို့မဲတွေ သွန်ပေးခဲ့တဲ့ အဖွဲ့ချုပ်မို့ ဒီအစည်းအဝေးကို အာရုံထား စောင့်ကြည့်ခဲ့ ပါတယ်။ အထူးသဖြင့် ဒီကာလဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ကြီးမားတဲ့ အခက်အခဲ၊ ကြီးမားတဲ့စမ်းသပ်မှုနဲ့ တွေ့ကြုံရမှာ သေချာနေတဲ့ အတွက် ပြည်တွင်းပြည်ပက ပိုပြီး အာရုံစိုက်ခဲ့ ကြပါတယ်။

အစည်းဝေးပြီးလို့ ရွှေဂုံတိုင် ကြေညာစာတမ်း ထွက်လာတော့ ပြည်သူတွေ သက်ပြင်းချနိုင်ကြပါတယ်။ တကွေ့တော့ ကျော်သွားပြီပေါ့။ ဒါပေမယ့် နအဖက မုချမကျေနပ်မှာကို စဉ်းစားမိပြီးတော့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် စိုးရိမ်မှုတွေ မပေါ်ဘဲ မနေနိုင်ကြပါဘူး။ တကယ်တော့ အခက်အခဲ တွေက အခုမှအစပဲ ရှိပါသေးတယ်။ ရွေးကောက်ပွဲနဲ့ နီးလာလေ နအဖက ပေးလာ နိုင်တဲ့ အန္တရာယ်ဂယက်ဟာ ကြီးလာလေဖြစ်မှာပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “ရွေးကောက်ပွဲဝင်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို ပြန်ပြင် ပေးရမယ်၊ နိုင်ငံတကာကြီးကြပ်မှုနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရမယ်” ဆိုတဲ့ နအဖကလိုက်လျောရမယ့် အချက်သုံးချက် တင်လိုက်တာကို အာဏာရှင်ဗိုလ်ချုပ်တွေ မုချပဲ ဒေါပွကြမှာပါ။ အာဏာရှင် တွေဟာ သူတို့ ကသာ အထက်စီးကနေ သူများတွေအပေါ် တင်ကြို သတ်မှတ်ချက် တွေနဲ့ တောင်းဆို ချင်ကြ တာပါ။ ထောင်ကလွှတ်ရင်တောင် အချက်အလက်တွေ လက်မှတ်ထိုးခိုင်း တတ်တယ် မဟုတ် ပါလား။ ဒါပေမယ့် သူများက သူတို့အပေါ် ဒီလိုတောင်းဆိုတာကိုတော့ နည်းနည်းမှ သည်းမခံ နိုင်ပါဘူး။ ဒီတော့နအဖ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ စောင့်ကြည့်ရပါမယ်။ ပြောင်ကြီး၊ တိုက်ရိုက် တုံ့ပြန်တာတော့ လုပ်ကောင်းမှ လုပ်ပါ လိမ့်မယ်။ ဒါပေမယ့် ငြိမ်နေမှာတော့မဟုတ်ပါဘူး။

ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီတောင်းဆိုချက်တွေကို မလိုက်လျောဘဲ နေလိုက် ရင် ပြီးရော မဟုတ်လားလို့ မေးစရာရှိပါတယ်။ မပြီးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီအစည်းအဝေးဟာ နအဖ အတွက် ကြည့်နေလို့ မဖြစ်တဲ့ကိစ္စလို့ သဘောထားမှာ သေချာ ပါတယ်။ နောက်ပြီး ဒီလိုကြေညာချက် ထွက်လာတာကို လက်ပိုက်ကြည့်နေတယ်ဆိုတဲ့ အဖြစ်မျိုး လည်း ဗိုလ်ချုပ်တွေက အရောက်ခံမှာမဟုတ်ပါဘူး။

တကယ်တော့ နဂါးမျက်စောင်း အကြောင်းသုံးပါး မရွေးဘူးဆိုတာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ မသိတာ မဟုတ်ပါဘူး။ အထူးသဖြင့် ဗိုလ်သန်းရွှေ ပါးစပ်ကထွက်သမျှ ဥပဒေဖြစ်နေတဲ့ ဒီကာလကြီးမှာ သူတို့အနေနဲ့ အဆိုးဆုံးအတွက် ပြင်ဆင် ထားပါမှ တော်ရုံရှိမှာပါ။ နအဖစစ်အစိုးရတွေဟာ နောက်ဆုံးမှာ ကျားပွဲကိုမနိုင်ရင် ကျားခုံကို မှောက်ပစ်တယ် ဆိုတာလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ ညစ်ညစ် ပတ်ပတ် လုပ်လာ နိုင်တယ်ဆိုတာအထိ တွက်ထားပြင်ဆင်ထားကြရမှာပါ။

ဒီတခါ အထူးအစည်းအဝေး ကျင်းပ နိုင်လိုက်တဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီကနေ့ နောက်ဆုံး အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး လမ်းစဉ် တရပ် ရသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်တုန်း က ဘယ်လိုပြောခဲ့တယ်လို့ အဟောင်းကို ပြန်ကိုးကားပြီး လုပ်နေရတာထက် ပိုမိုတိကျတဲ့ လုပ်ငန်း လမ်းညွှန်တရပ် ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပထမခြေလှမ်းပဲဖြစ်ရပါမယ်။ ဒါကိုထုတ်ပြန်လိုက်တာနဲ့ တို့တာဝန် ကျေသွားပြီလို့ ဆိုနေလို့ မဖြစ်ပါဘူး။ လမ်းစဉ်တရပ်၊ လုပ်ငန်းစဉ် တရပ်ဟာ ဘယ်လောက်ပဲမှန်မှန်၊ အကောင်အထည် ဖော်မယ့်လူ မရှိရင် စာရွက်ပေါ်မှာပဲ တင်ကျန်ရစ်မှာပါ။ လူတွေက အကောင်အထည်ဖော် တော့မှ အင်အားကြီး တရပ်ဖြစ်လာ ပါမယ်။ ဒါကြောင့် နောက်တလှမ်းဟာ လက်တွေ့ပိုင်း ဖြစ်ပါတယ်။ စစ်အစိုးရက တကယ့် အမြောက်တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထုနေချိန် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သင်္ကြန်အမြောက် လောက်နဲ့ တုံ့ပြန်ဖို့ မစဉ်းစားဘူးလို့ ယုံကြည်ပါတယ်။

ဆိုလိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီတည်ဆောက်ရေး လုပ်ငန်း၊ ပါတီတွင်း စည်းရုံးရေး လုပ်ငန်းကို သေချာလုပ်ရပါတော့မယ်။ ဒီရွှေဂုံတိုင်ကြေညာစာတမ်းကို လူထုဆီကို သယ်သွားမယ်၊ လက်တွေ့ အကောင်အထည် ဖော်မယ့်တပ်ဖွဲ့ကို ပြင်ဆင်ရပါတော့မယ်။ ပြင်ဆင်တယ် ဆိုရာမှာ ကိုယ့်တပ်ဖွဲ့ကို ဖြစ်နိုင်တဲ့အခြေအနေ အဆင့်ဆင့် အတွက် သေသေ ချာချာ စဉ်းစားပြီး ပြင်ဆင်ရပါမယ်။ “ခဲ့သော်” ၊ “ ခဲ့သော်” တွေအတွက်ပါ ပြင်ရမယ်။ တဗိုလ်ကျ တဗိုလ်တက် ဆိုတာအထိ စဉ်းစားပြီး ပြင်ဆင်သင့် ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ နအဖအစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေ အဆက်ဖြတ်ထားတာကြာပါပြီ။ ခေါင်းပိုင်းကို ထောင်ထဲ၊ အိမ်ချုပ်ထဲထည့်ထားပြီး ဒုတိယအဆင့်ခေါင်းဆောင်ပိုင်း ကိုလည်း အမျိုးမျိုး ခြိမ်းခြောက်ထားတာပါ။ ဒါကြောင့် အဖွဲ့ချုပ် အတွင်းမှာ အမြင်မကြည်လင်မှုတွေ ရှင်းရခက်နေ တယ်ဆိုတာကို သတိထားမိပါတယ်။ ဒါတွေကို ကျော်လွှားဖို့ တခုတည်းသောနည်းကတော့ လူထုနဲ့လက်တွဲ၊ လက်တွေ့ လုပ်ငန်းထဲမှာ ဝင်ပါရင်း အပြန်အလှန်နားလည်မှုတွေ တည်ဆောက်ကြရမှာဖြစ်ပါတယ်။

နအဖက အဆက်ဖြတ်ဖို့ ကြိုးစားတဲ့ နောက်တဆင့်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူလူထုနဲ့ မဆက်မိအောင် လုပ်တာပါပဲ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ချည်းလှုပ်ရှားတဲ့ လုပ်ငန်းဆိုရင် သူတို့က သိပ်မပြောပေမယ့် လူထုနဲ့တွဲလုပ်တဲ့ လုပ်ငန်း ဆိုရင်တော့ နည်းနည်းမှ သည်းမခံပါတူး။ အခု ဒီကြေညာစာတမ်း ထွက်ပြီးပြီဆိုတော့ လူထု လက်ထဲ ဘယ်လိုပို့မလဲ၊ လူထုကို ဘယ်လိုအကောင်အထည်ဖော်စေမလဲ ဆိုတာတွေ စဉ်းစား ပြင်ဆင် ရပါတော့မယ်။ နအဖဟာ ဆုံးဖြတ်ချက် ချတာထက် ကြေညာချက်ထုတ်တာကို ပိုမကြိုက်ပါဘူး။ ဒါ့အပြင် ကြေညာချက် ထုတ်တာထက် လက်တွေ့အကောင်အထည်ဖော်တာကို ပိုမကြိုက်ဘူးဆိုတာ အားလုံး သိထားပြီးသားပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီအထူးအစည်းအဝေးကျင်းပတာနဲ့ တနေ့ တည်းမှာ နအဖက ငြိမ်းအဖွဲ့တွေကို တဖွဲ့ချင်းခေါ်တွေ့ခဲ့တာကို သတိထား မိကြပါမယ်။ ဒါဟာ ရွေးကောက်ပွဲ မတိုင်မီအထိ ငြိမ်းအဖွဲ့တွေရဲ့ အနေအထား ကို သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ငြိမ်းအဖွဲ့ တွေရဲ့ကိစ္စကို ယာယီ ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလှည့် ရောက်ပြီ ဆိုတဲ့ အဓိပ္ပာယ်လား တွေးစရာဖြစ်လာပါပြီ။ ဘာပဲပြောပြော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နအဖဖိအားပေးတိုင်း အလျှော့ပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကို ဒီတပွဲမှာ တွေ့လိုက်ကြရပါပြီ။

ဗမာပြည်ရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ အုပ်စိုးတဲ့လူက ပေါ်စေဆိုရင် ပေါ်လာပြီး ပျောက်စေ ဆိုရင် ပျောက်သွားတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ တကယ်ပဲမနည်းပါဘူး။ (လာမယ့် ရွေးကောက်ပွဲ အတွက် တာစူနေတဲ့ ပါတီတွေအထဲ မှာ အဲဒီလိုပါတီ ဘယ်နှခုပါမယ်ဆိုတာ စောင့်ကြည့် ရပါမယ်။) တကယ်တော့ နိုင်ငံရေးပါတီဆိုတာဟာ ဆရာဗန်းမော် တင်အောင် ပြောသလိုပဲ သူ့ခေတ်၊ သူ့ပြည်သူကပေးတဲ့ တာဝန်ကို ကျေပွန်ရပါမယ်။ အဲဒီလိုတာဝန်ကို မကျေပွန်ဘဲ၊ မပြီးမြောက်ဘဲ ပါတီ ပျောက်ကွယ်သွားတယ် ဆိုရင် စစ်တိုက်နေတုန်း တပ်ပြေးတဲ့ သဘောမျိုး ဖြစ်သွားမှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လို ပြည်သူလူထုတရပ်လုံးက ယုံကြည် အားကိုးစွာနဲ့ မဲတွေ ပုံအောပေးခံထားရတဲ့ အဖွဲ့အစည်းဆိုရင် လူထုကပိုပြီး မြင့်မြင့်မားမား တောင် တောင်းဆိုပါတယ်။ ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့တာဝန်ဟာ ကြီးမားလှ ပါတယ်။