Tuesday, January 20, 2009

စနစ်ဆိုး၏သားကောင် အဖြစ်မှ ရုန်းထွက်ကြပါစို့

အို----မြန်မာပြည်သားအပေါင်းတို့ အဘယ့်ကြောင့် အိပ်မောကျ နေကြသနည်း၊ အဘယ်ကြောင့် တွေဝေ မိန်းမောနေ ကြ သနည်း မြန်မာဆိုတာ သတ္တိမညံ့တဲ့ လူမျိုး၊အ သိဉာဏ် ပညာ ထက်မြက်တဲ့ လူမျိုးဆိုတာ ငါတို့ မျိုးဆက်တွေ ဂုဏ်ယူခဲ့ ကြတယ်လေ။ ဟော --အခုတော့ တစ်ကမ္ဘာလုံးက ငါတို့ကို စောင့်ကြည့် နေကြပြီ။ ကမ္ဘာ ပေါ်မှာ နောက် ဆုံး ကျန်ရစ် တဲ့ စစ်အာဏာရှင် နိုင်ငံအဖြစ် ဖော်ဆောင်မယ့် အရေးကို ငါတို့ဘယ် လို တော် လှန် တိုက်ဖျက် မလဲဆိုတာကိုလေ။

ငါတို့လူမျိုးဟာ သွေးမညံ့တဲ့ လူမျိုး ဆိုတာ အိမ်နီးချင်း နိုင်ငံသားတွေ သိတယ်၊ ဟိုး အနောက်ဥရောပက အင်္ဂလန် တိုင်းသားတွေ သိတယ်၊ ငါတို့နဲ့ ခပ်လှမ်းလှမ်းမှာ ရှိ နေတဲ့ နေ၀န်းနီနီ ဂျပန်တွေ လည်း သိတယ်။ အဲ့ဒီ စနစ်ဆိုးတွေ၊ ကျူးကျော် ရန်စမှုတွေ ကို ငါတို့ ညီနောင်သား ချင်းတွေ တက်ကုန်ဆွဲပြီး လက်ကုန် နွှဲခဲ့ကြ တယ်လေ၊ ငါတို့လူ မျိုးဟာ အရေးဟေ့ ဆိုရင် တံစဉ်ကိုင်တဲ့ ဦးကြီး တွေက အစ မြေဖြူကိုင်တဲ့ ဆရာ အပါအ၀င် ကလောင် ကိုင်တဲ့ ပညာရှင်အဆုံး အားလုံး အုန်းအုန်း ကြွက်ကြွက် တက်တက် ကြွကြွ ပါဝင် ထမ်းရွက် ခဲ့ကြတယ် ဆိုတာ ငါတို့သမိုင်းတွေက ပြောပြခဲ့ကြပြီလေ။

သမိုင်းမှာ အဲဒီလိုပါဝင်ဆင်နွှဲ ခဲ့ကြတာဟာ စစ်သူကြီးမျိုးနွယ်၊ စစ်သား အစဉ်အ ဆက်သက်သက်သာ ပါဝင်ခဲ့တာ မဟုတ်ဘူး ဆိုတာ သင်တို့လည်း သိတယ်။ယနေ့စစ် သားဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း သိတယ်။ဒါပေမယ့် ဒီနေ့ ပကတိ အခြေအနေကို တစ်ချက် လောက် သတိထား စောင်းငဲ့ ကြည့်ကြပါအုံး။ တိုင်းပြည်တစ်ခုလုံး ဘုရားရင်ပြင် မကျန် စစ်ဖိနပ်ရာတွေ တင်းကြန်း၊ စစ်မိန့် စစ်အာဏာတွေ ပြည့်လျှမ်းနေတဲ့ စစ် စနစ်ဆိုးကြီး ရဲ့ ဖုံးလွှမ်းခြင်းကို ခံနေ ကြရပြီလေ။

အဲ့ဒီ စနစ်ဆိုးကြီး ရဲ့ တူးခါး ဆိုးရွားလှတဲ့ ဒဏ်သင့် မှုတွေကနေ နောင်နှစ်ပေါင်း ဘယ်လောက်ကြာမှ လွတ်မြောက်မယ် ဆိုတာ ဘယ်အကြားအမြင်ရပုဂ္ဂိုလ်၊ဘယ်ပညာ ရှိ ပုဂ္ဂိုလ်ကမှ မပြောနိုင်သေးတဲ့ မရေရာတဲ့ အဖြစ် ရယ်လေ။ စစ်သားဆိုတာ အသက်ကို ပေးဆပ်၊ ကိုယ်ရေး ကိုယ်တာကို မတွေးတတ်ပဲ တိုင်းပြည် လူမျိုး ဘာသာ၊ သာသနာ အတွက် စောင့်ရှောက်တတ်တဲ့ အစဉ်အလာ ရှိခဲ့တယ်လို့ ငါတို့ နားလည်ခဲ့ ကြတယ်။ ငါတို့ လူမျိုးဟာ စစ်သားချစ်လူမျိုးတွေ ဖြစ်ခဲ့ကြတယ်။

ပစ္စက္ခ ယနေ့အခြေအနေမှာတော့ ငါတို့ချစ်တတ်တဲ့ စစ်သားတွေဟာ သာသနာ ကိုဖြိုဖျက်သူ ၊အမျိုးကောင်း သမီး တို့ကို ဖျက်ဆီးသူ၊ တိုင်းသားပြည်သူတို့ရဲ့ သွေးနဲ့ မျက် ရည်ကို နယ်ဖတ်ပြီး ထမင်းစားသူ၊ကမ္ဘာပေါ်မှာ မြန်မာ ဆိုတာအောက်တန်း နောက်တန်း အကျဆုံး၊ ကလိန်ကကျစ် အကျဆုံး၊ သတ္တိ အနည်းဆုံး၊ အတ္တ အကြီးဆုံး အသိဉာဏ် အမဲ့ဆုံး ၊ခန္ဓာကိုယ် အသေးကွေးဆုံး လူမျိုးအဖြစ် ဖော်ဆောင်ဖန်တီးသူတို့ ဖြစ်နေ ကြပြီလေ။

ငါတို့ မြေပေါ်ကနေ မောင်းထုတ် တော်လှန်ခဲ့တဲ့ နှာခေါင်းရှည် ဗြိတိသျှတွေ၊ အရပ်ပု ဂျပန်တွေကို ကမ္ဘာကရော ငါတို့ ကပါ ယနေ့ ပြန်လည်လေးစား အားကျ နေကြရပြီ။ ဘာ ကြောင့်လည်း သူတို့ဟာဆိုရွား လွန်းလှတဲ့ သူတို့ရဲ့ အရင်းရှင် နယ်ချဲ့စနစ် တွေ၊ ဖက်ဆစ်စနစ်တွေကို စွန့်လွှတ်ပြီး နိုင်ငံသားတို့ရဲ့အရေးကို နိုင်ငံသားတို့ကိုယ်တိုင် ဖော်ဆောင် ဖန်တည်း နိုင်ခွင့်ရှိတဲ့ စနစ်တွေနဲ့ အစားထိုးနိုင်ခဲ့ ကြလို့လေ။

ဒီတော့ ငါတို့ တစ်ချက်သတိထားစောင်းငဲ့ ကြည့်ရမှာက လူသားတို့အတွက် အန္တရာယ် ကြီးမားတဲ့ ဆိုးရွားတဲ့ လူမျိုး ဆိုတာ ကမ္ဘာပေါ်မှာ သီးသန့် ရှိမနေပဲ စနစ်ဆိုးကို ဖော်ဆောင်ပြီး အဲဒီစနစ်ဆိုးကနေ ကိုယ်ကျိုးရှာ အမြတ်ထုတ်၊ လူသားတို့ရဲ့သွေးသား တွေကို ၀ါးမြိုစုပ်ယူတတ်တဲ့ အန္တရာယ်ကောင်တွေသာ ကမ္ဘာမှာ တစ်ခါ တစ်ခါ ပေါ်လာ တတ်တယ် ဆိုတာပါပဲ၊အဲ့ဒီစစ်အာဏာရှင် စနစ်ဆိုးဟာ သင်တို့ ငါတို့ရဲ့ အိမ်တွင်းထဲ ကို ရောက်နေ ပြီလေ။

အဲ့ဒီ မိစ္ဆာစစ် စနစ်ဆိုး ဟာ သင်တို့ငါတို့ ရဲ့ ဘိုးဘေးတွေ အသက် သွေးချွေးတွေ ပေး ဆပ်တော်လှန်ခဲ့တဲ့ အရင်းရှင် နယ်ချဲ့စနစ်၊ ဖက်ဆစ် စနစ်တွေထက် ခါးသီးပူပြင်း လွန်းလှတာ အားလုံးအသိ၊သမိုင်း တလျှောက် ငါတို့ ဘယ်တုန်း ကမှ ဒူးမထောက်ခဲ့ဘူး တဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ငါတို့နိုင်ငံသားတွေ ဈေးအပေါဆုံး ကျွန်တွေဖြစ်၊ နိုင်ငံ မြို့ ရွာ အနှံ့ တရုတ် ဈေးဆိုင် တွေသာ ကြီးစိုးနေတဲ့ခေတ်၊လက်ဖက်ရည်ဖိုး ၊ မိုဘိုင်းဖုန်း ၊ လူစီးကား ဈေးအကြီးဆုံး စနစ်၊ သူတောင်းစား အပေါဆုံး၊ လူ့သက်တမ်း အတိုဆုံး၊ ကုန်ဈေးနှုန်း အကြီးဆုံး၊ လာဘ်အစားဆုံး အခြေကို ရောက်နေတဲ့အဖြစ်။

အရင်းရှင် နယ်ချဲ့ စနစ်တွေ၊ ဖက်ဆစ် စနစ်တွေဟာ အပြင်က လာတာဖြစ်လေ တော့ အဲဒီစနစ်တွေကို တော်လှန်ဖို့ လိုအပ်ခဲ့တာဟာ တိုက်ရဲ ခိုက်ရဲ ၊ထိုးခုတ် သတ် ဖြတ်ရဲတဲ့ လက်ရုံးရည်အဓိကတိုက်ပွဲ၊ ဒီနေ့ မိစ္ဆာစစ် စနစ်ဆိုး ဟာ ကိုယ့်အတွင်းက လာတာ ဖြစ်လေတော့ ပိုပြီးတော့ သိမ်မွေ့တယ်။ပိုပြီးတော့ ခက်ခဲ နက်နဲတယ်၊ ဒီအတွက် အဓိက လိုအပ်တာက ညီညွတ်ခြင်း၊ ခေတ် အခြေအနေကို သိမြင်ခြင်း၊ ခံနိုင်ရည် ရှိခြင်း၊ စာနာ နားလည်ခြင်း စတာတွေ ပါဝင်တဲ့“ နှလုံးရည် အဓိကတိုက်ပွဲ”။

တနည်း အားဖြင့် ကမ္ဘာသူ ကမ္ဘာသားတွေကို စစ်စနစ်ဆိုးကနေ ငါတို့ ဘယ်လို ဖန်တီးမှု နည်းနာတွေနဲ့ လွတ်မြောက်အောင် ဆောင်ရွက် နိုင်တယ် ဆိုတာ ပြသခွင့်ရ မယ့် ငါတို့ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး“ ခေတ်သစ် စိန်ခေါ်မှု တိုက်ပွဲကြီး”။

မြန်မာ ပြည်သား အပေါင်းတို့ --အာဏာရှင် စနစ်ရဲ့ သားကောင်တွေအဖြစ် ငါတို့ နဲ့ဘ၀တူတွေဖြစ်ခဲ့ကြတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ စစ်ဗိုလ်ချုပ်ကြီး မရှုမလှကျဆုံးသွား ခဲ့ရပြီ၊ ပါကစ်စတန်မှာ မူရှာရတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး အာဏာ လက်လွှတ် ဖြစ်ခဲ့ရပြီ၊ ဘင်္ဂလား ဒေ့ရှ် မှာ အရေးပေါ်အမိန့်တွေ ရုတ်သိမ်းလိုက်ပြီ၊ ကျူးဘားမှာ ထိန်းချုပ် မှုတွေ လျှော့ချ နေရပြီ။ ဇင်ဘာဘွေမှာ အာဏာ ခွဲဝေမှုတွေ လုပ်နေရပြီ၊ မြောက်ကိုးရီးယားမှာ အာဏာ ရှင်ကို သေမင်းက လက်ယပ်ခေါ်တာ ခံနေရပြီ။

ကိုင်း ငါတို့ရော ဘာလုပ်ကြမှာလဲ၊ ဘာလုပ်ကြမှာလဲ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ အာဏာရှင် တွေကို တိုက်စား ၀ါးမြိုတတ်တဲ့ ရေစီးကြောင်းမုန်တိုင်း ကြီးတစ် ခုဆိုတာ သက်သေ တွေပြခဲ့ ကြပြီလေ။ အဲ့ဒီ မုန်တိုင်း ကြီးရဲ့ ပါဝါစွမ်းအားတွေဟာ သင်တို့ ငါတို့ရဲ့ လက်ထဲ မှာရှိနေပြီဆိုတော့ အာဏာရှင်စနစ်ကို စုပေါင်း ညီညွတ်စွာ တိုက်ဖျက်ဖို့ပဲလိုတော့တယ် ဆိုတာ သင်တို့ မေ့လျော့ မနေကြပါနဲ့။

အို့ မြန်မာပြည်သူ အပေါင်းတို့ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင် ဆန်းစုကြည်နှင့်တကွ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ရှစ်ဆယ့်ရှစ် ခေါင်းဆောင်တွေ၊ကိုဇာဂနာ ကိုဇော်သက်ထွေး တို့လို ပြည်သူ ချစ်ပုဂ္ဂိုလ်တွေ၊ ဆရာတော် ဦးဣန္ဒက၊ ဆရာတော်ဦးဂမ္ဘီရတို့လို ရဟန်း သံဃာတွေ၊ ကိုထင်ကျော်၊ ဦးအုန်းသန်း၊ မစုစုနွေး၊ မဖြူဖြူသင်း တို့လို ကိုယ်ကျိုးစွန့်သူတွေ၊စသည် ဖြင့် ဘ၀ကို ပေးဆပ်ပြီး တိုင်းပြည်လွပ်မြောက်ရေးဆောင်ရွက်နေကြတဲ့ အမည် ထင်ရှား၊ မထင်ရှား ပုဂ္ဂိုလ်များဟာ ပျော်စရာ ကောင်းတဲ့ ကစားပွဲကို ကစားနေတယ်လို့များ ထင်နေကြပါသလား၊

ထမင်းစားစရာ မရှိလို့ အခကြေးငွေ ယူပြီး လုပ်ကိုင် ဆောင်ရွက်နေကြ တယ်လို့များ ထင်နေ ကြပါသလား၊ ဒီမိုကရေစီ ရလျှင် အာဏာ ပါဝါတွေ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆောင်ရွက်နေတယ် လို့များ ထင်နေ ကြပါလား၊ ကိုယ့်ထမင်းကိုယ် ကောင်းကောင်း မစား မဆိုင်တာ ၀င်ရှုပ်နေတယ် လို့များ ထင်နေ ကြပါသလား၊ အဲ့ဒီလို ထင်နေ ရင်တော့ သင်တို့ တက်တက်စင်အောင် လွဲမှားနေပါပြီ။ သူတို့ဟာလည်း လူထဲကလူ သားတွေ ဖြစ်လေတော့ သင်တို့လိုပဲ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ နေချင်ရှာကြလိမ့်မယ်။ လတ်ဆတ်တဲ့ လေကို တ၀ကြီး ရှူရှိုက်ပြီး လောကရဲ့ အလှတွေကို တ၀ကြီး ခံစားချင် ရှာကြလိမ့်မယ်။

အဲ့ဒီ လွပ်လပ်မှု ခံစားမှုတွေကို ဆုံးရှုံး ၊ဘ၀ကိုစတေး၊မိသားစုကို စွန့်လွှတ် အသက်သွေး ချွေး တွေကို အရင်း ပြုပြီး သင်တို့ငါတို့ တတွေ လွတ်မြောက်ရေးအတွက် ဆောင်ရွက် နေကြတာလေ။ တိုင်းပြည်တစ်ခုလုံး စစ်မီးတောက်၊ စစ်အာဏာ၊ စစ်ဖိနပ်ဖုံး လွှမ်း စေမယ့် စစ်မိစ္ဆာ စနစ်ဆိုးကနေ သင်တို့ ငါတို့ လွတ်မြောက်ဖို့ ဆောင်ရွက်နေ ကြတာလေ။ဘာသာရေး ၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အရေးကိစ္စအားလုံး ချွတ်ခြုံ ကျ ခြစား နေတဲ့ စနစ်ကြီးကနေ တိုးတက်ကောင်းမွန်၊ပွင့်လင်းမြင်သာတဲ့ စနစ်ဖြစ်ပေါ် လာဖို့ ပေးဆပ် နေကြ တာလေ။

အဲဒါကို သင်တို့ ငါတို့ အသိအမှတ်ပြု ကြရမယ်၊ သူတို့ဟာ ငါတို့အတွက် စံနမူနာ တွေပေးနေတဲ့ ငါတို့ရဲ့ ခေတ်သစ် စံပြ သူရဲကောင်း အာဇာနည်တွေအဖြစ် ငါတို့ခံယူကြ ရမယ်၊သူတို့ တတွေဟာ သူတို့ လုပ်နိုင် သမျှသော နည်းလမ်း တွေနဲ့ အကောင်းဆုံး ပေး ဆပ် လုပ်ဆောင်ခဲ့ကြ လုပ်ဆောင် နေကြလျှက် ရှိပြီ၊ သန်းငါးဆယ်ကျော် ရှိတဲ့ ငါတို့ရဲ့ တိုင်းပြည်မှာ မိစ္ဆာ စစ် စနစ်ဆိုးကို တော်လှန် နေတဲ့ လူအရေအတွက်ဟာ လက်ချိုးရေ လို့ ရတဲ့ အဆင့်မှာပဲ ရှိနေတယ် ဆိုရင် ငါတို့ရဲ့ သမိုင်းစာအုပ်တွေကို မီးပုံရှို့သင့်လှပြီ၊ ငါတို့ရဲ့ ဘိုးဘေး အုတ်ဂူတွေ ရှေ့ သွားရောက်ပြီး ကိုယ့်ကိုကိုယ် သတ်သေ သင့်လှပြီ။

အို့  မြန်မာပြည်သူ ပြည်သားအပေါင်းတို့် အချို့ သွေးကြောင်တဲ့သူတွေ ထင်နေသလို အနှစ် လေးဆယ်ကျော် ငါတို့ ဖိနှိပ်ခံ ခဲ့ရတဲ့ ကာလမှာ ငါတို့ ရခဲ့တာဟာ အကြောက်တရား မဟုတ်ဘူးဟေ့၊ အဲ့ဒီ အကြောက်တရားကို ဘယ်လို တွန်းလှန် ရမလဲ ဆိုတာ သိမြင် လိုက်တဲ့ အတွေ့အကြုံ တည်းဟူသော ခွန်အားပဲဟေ့။

အင်အားကြီးတိုင်း အနိုင်မရနိုင်ဘူးဆိုတာ နေမ၀င်အင်ပါယာကြီး ငါတို့နိုင်ငံမှာ ဇာတ်သိမ်းသွားတာ သက်သေ ပဲဟေ့၊ ရက်စက် ကြမ်းကြုတ် တတ်တဲ့ ပုဂ္ဂိုလ်များကို အညံ့ခံ အရှုံးမပေးဘူးဆိုတဲ့ သက်သေအတွက် ဖက်ဆစ်တွေ ငါတို့ မြေပေါ်က မောင်း ထုတ်နိုင် ခဲ့တာ ပုံပြင်မဟုတ်ဘူးဟေ့။

အို့ ချစ်စွာသော မြန်မာပြည်သား အပေါင်းတို့ စစ်မိစ္ဆာကောင်များက ခေါင်းဆေင် လို့ သူတို့ထင်ရတဲ့ ပုဂ္ဂိုလ် တွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချလိုက်တာဟာ သင်တို့ တတွေကို ကြီးစွာသော အခွင့်အရေးကြီး ပေးအပ် လိုက်တာပဲ။ အဲဒါဟာ သူတို့ရဲ့ မိစ္ဆာစနစ် ကိုတော်လှန်နေတဲ့ခေါင်းဆောင်များ ဟာ သူတို့ထင်သလို အရေ အတွက် အနည်းငယ် မျှသာ မဟုတ်ဘူး။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တနိုင်ငံလုံးမှာ တကမ္ဘာလုံး မှာ ရှိနေကြတဲ့ သင်တို့ မြန်မာပြည်သူ အားလုံးဟာ စစ်မိစ္ဆာ စနစ်ဆိုးကို စက်ဆုပ်မုန်းတီး စွာ တော်လှန်ဖြစ်ကြဖို့ ခေါင်းဆောင်ခွင့် ပေးလိုက်တာပဲ ဖြစ်တယ်။

သင်တို့ဟာ ခေါင်းဆောင်တွေဖြစ်တယ်၊ သင်တို့ဟာ အင်အားကြီးသူတွေ ဖြစ်တယ်၊ စစ်စနစ်ဆိုးကို နားလည် နေသရွေ့ သင်တို့ဟာ ခေါင်းဆောင်တွေ ၊ အမှန်တရားကိုမြတ်နိုး နေသ၍ သင်တို့ဟာ အင်အား ကြီးသူတွေ ဖြစ်တယ်။ နိုင်ငံရေး လုပ်တယ်လို့ ဆိုချင်ဆို၊ မဆိုချင်နေ စစ်စနစ်ဆိုးကိုဖယ်ရှားဖို့ ငါတို့ လိုအပ် နေတယ်၊ သမိုင်းက တောင်းဆိုလာတဲ့ တာဝန်ကို ငါတို့ ကျေပွန်ရမယ်။ ငါတို့ကိုယ်တိုင်နဲ့ ငါတို့ရဲ့ အနာဂါတ် မျိုးဆက် သစ်တွေ လွတ်မြောက်ဖို့ မဖြစ်မနေ ဆောင်ရွက်ရမယ်။

အို့  မြန်မာပြည်သူ ပြည်သားအပေါင်းတို့ အိပ်ရာမှ နိုးထကြပါလော့ ၊ တွေ ဝေ မိန်းမောခြင်းမှ လွတ်မြောက် ကြပါလော့၊ (၈၈)မှာ ခေါင်းဆောင်တွေ မညီညွတ်ခဲ့ကြတာ၊ ညီညွတ်ခွင့် မပေးခဲ့ကြတဲ့ သင်ခန်းစာ၊ ရွှေဝါရောင်မှာ ကျေးလက် ပြည်သူ များစွာနှင့် အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ တုန့်နှေး တွေဝေ နေတဲ့ သင်ခန်းစာ၊ စတဲ့ သင်ခန်းစာ တွေကို အတွေ့အကြုံ အဖြစ် ဖန်တီး၊ ကိုယ်တိုင်လည်း ပါဝင် ၊ ပတ်ဝန်းကျင် ပုဂ္ဂိုလ်များကိုလည်း ပါအောင် ဆွဲဆောင် အားလုံး လမ်းပေါ်ကို ပြန်ထွက် ကြရမည်။

တနိုင်ငံလုံး ကန့်ကွက် ဆန္ဒပြကြရမည်။ ခေါင်းဆောင်များ ညီညွတ်စွာ အသင့်ပြင် ထားကြရမည်။ စစ်အာဏာရှင် စနစ် လုံးဝ ဖျက်သိမ်းရေး ၊ ကြားဖြတ်အစိုးရ အမြန်ဆုံးဖွဲ့စည်း ပေါ်ပေါက်ရေး နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ချင်း ပြန်လွှတ်ရေး၊ ရေဒီယို၊ သတင်းစာ ၊ ဂျာနယ်၊ အင်တာနက် မီဒီယာ ပေါင်းစုံကနေ တနိုင်ငံလုံး တပြိုင်နက် ညီညွတ်စွာ လှုပ်ရှုားမည့် နေ့ရက်ကို အချိန်ကိုက် ကြေငြာ ပေးရမည်။

အို့ မြန်မာပြည်သူအပေါင်းတို့ လွတ်မြောက်မှုအတွက် သင်တို့ လိုက်နာရ မှာက အချက် နှစ်ချက်ထဲ ရယ်ပါ၊

၁။ စည်းလုံးညီညွတ်မှု

၂။ အကြောက်တရားဖယ် ရှားမှု

ဤအရာနှစ်ခုသည် အောင်ပွဲ၏ သော့ချက်ပင်ဖြစ်သည်။ စွန့်စားလွန်းသည်ဟု မထင်ပါနှင့် တော်လှန်ရေး တစ်ရပ် အောင်ပွဲ ရဖို့ တစ်စုံတရာ ပေးဆပ်ရမှာက သဘာဝ ပင်ဖြစ်သည်။ မတော်လှန်လည်း ပေးဆပ်နေသည့် အတူ အောင်ပွဲကို ရှေးရှု၍ တော်လှန် ပေးဆပ်ခြင်းက လွန်စွာ ပြုလုပ်ထိုက်သည် မဟုတ်ပါလော။

တော်လှန်ရေး လုပ်နေစဉ်အတွင်း အချို့ဝါဒဖြန့်ချီသူများ၊ မသိနားလည်သူများက ၎င်းတို့၏ လယ်ယာလုပ်ငန်း ၊ စီးပွါး ကုန်သွယ်မှု လုပ်ငန်း ၊ ပညာရေးလုပ်ငန်း စသည်တို့ ၌ အနှောက်အယှက် ဖြစ်သည်ဟု ဝေဖန်သွေးထိုး ပြောဆို ကြလိမ့်မည်။ ထိုအခါ ၎င်းပုဂ္ဂိုလ် များကိုပါ ပါဝင်လာအောင် စည်းရုံးရမည်။ ၎င်း တို့ လက်ရှိ ဆောင်ရွက် နေသော လုပ်ငန်း များ ရေရှည် အောင်မြင်ရန်နှင့် လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန် အတွက်၊ လက်ရှိ ဆောင် ရွက်နေသည် တို့ကို ခေတ္တ ထားခဲ့စေပြီး တော်လှန်ရေးသည် ပထမ၊ တော်လှန်ရေးသည် ဒုတိယ ဟူသော တော်လှန်ရေး၏ အရေးကြီးပုံကို နားလည်အောင် ပြောဆို စည်းရုံးသင့် ပေသည်။

ရွှေဝါရောင် အရေးအခင်းမှာ နေရာကွက်ကွက်လေး လှုပ်ရှားခဲ့တာတောင် အာဏာရှင် လက်ပါးစေတွေ ကြောက်ဒူး တုန်ခဲ့တာ၊ အာဏာရှင်ကြီးတွေ အပြင်မထွက်ရဲပဲ အမြှီးကုတ်နေကြတာ အားလုံး သိကြမှာပါ။ သူတို့ တတွေလည်း စနစ်ဆိုးရဲ့ သားကောင် တွေပါပဲ ၊ သားကောင် အဖြစ်ကနေ သင်တို့ရော၊ ငါတို့ရော၊ သူတို့ပါ လွတ်မြောက်ဖို့ ငါတို့ တိုက်ပွဲ ဖော်ဆောင်ကြစို့၊ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ကြစို့၊ နှလုံးရည် အဓိကတိုက်ပွဲ ဆင်နွှဲ ကြစို့၊ ခေတ်သစ် စိန်ခေါ်မှု တိုက်ပွဲကြီးကို ပါဝင်ကြစို့၊ သမိုင်းမော်ကွန်း သစ်တရပ်ကို ရေးထိုး ကြပါစို့။

ဖိုးလမင်း

မှတ်ချက်။ ။ ငါဟူသော နာမ်စားအတွက် ရိုင်းစိုင်းသည့် အသုံးအနှုံး ဖြစ်သွားလျှင် စာဖတ်သူများအား တောင်းပန် အပ်ပါသည်။
စာရေးသူ
ယခု စာရေးသူသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလက ရခိုင် သံဃာ့ ခေါင်းဆောင် တဦး ဖြစ်ပါသည်။
CAC(BURMA)

No comments:

Post a Comment