Sunday, June 20, 2010

ညဘက်မှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့်မွေးနေ့ပွဲ

၁၉ ဇွန် ၊ မဲဆောက်။
နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့ပွဲကို ကမ္ဘာတဝှမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူများက ကျင်းပပြုလုပ်ခဲ့ကြရာတွင် မဲဆောက်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူ အချို့က ညဘက်တွင် မဲဆောက်မြို့လယ်ရှိ စားသောက်ဆိုင်တခုတွင် ပြုလုပ်ခဲ့ကြရာ မြန်မာများ သာမက နိုင်ငံခြားသားများပါ တက်ကြွစွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။
မဲဆောက်မြို့လယ်ရှိ AIYA စားသောက်ဆိုင်တွင် ယနေ့ည ၈ နာရီက ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ၏ နောက်ထပ် ထူးခြားချက်မှာ မည်သည့်အဖွဲ့အစည်းကမှ ဦးစီးကျင်းပခဲ့ခြင်း မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူများက မိမိတို့ ကိုယ်ပိုင်ငွေကြေးများဖြင့် စုစည်းကောက်ခံပြီး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ထိုမွေးနေ့ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသူ စာနာစိတ်ရှိ မည်သူမဆို တက်ရောက်ရန် ဖိတ်ကြား ထားသဖြင့် အနီးပါတ်ဝန်းကျင်မှ စိတ်ပါဝင်စားသူ နိုင်ငံခြားသားများ အများ အပြား ပါဝင်တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်းပေးခဲ့ကြပါသည်။
အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် အေဘီအက်စ်ဒီအက်ဖ် အဖွဲဝင်ဟောင်း ကိုမြတ်သူမှ ဆောင်ရွက် ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ကျော်နိုင်၊ ဂျပန်နိုင်ငံသူ ဒေါက်တာအိုင်ယာ ၊ ဂျာမန်နိုင်ငံသား မစ္စတာ မားကတ်စ်တို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတ်သက်ပြီး မိမိတို့ သိရှိသမျှ အမှတ်တရ စကားများနှင့် မွေးနေ့ဆုတောင်း စကားများကို ပြောကြား ခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတ်သက်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မန်ဒဲလား ရေးခဲ့သည့် စာသားများကို သံစဉ်ထည့်ပြီး အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်း ကိုဝင်းချိုမှ ဂီတာဖြင့် တီးခတ် သီဆိုခဲ့ရာ တက်ရောက်သူ ပရိတ်သတ်များမှ တခဲနက် အားပေးခဲ့ကြပါသည်။ ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားဟောင်းများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မျိုးဆက်သစ်လူငယ်များက ကမ္ဘာမကြေ ဘူး သီချင်းကို သံပြိုင်သီဆိုခြင်း၊ ဖယောင်းတိုင်များထွန်းညှိကာ ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ဆုတောင်း သီချင်းကို အခမ်းအနားတက်ရောက်လာသူများ အားလုံးက သီဆိုခြင်းများ ပြုလုပ်ပြီး FREE FREE DAW AUNG SAN SU KYI ဟု သုံးကြိမ်သံပြိုင် ကြွေးကြော်ခဲ့ကြပါသည်။
ထို့နောက် မျိုးဆက်သစ် ကယန်းအမျိုးသမီးငယ်များက ကယန်းရိုးရာ အကဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဖြစ်စဉ် ဗီဒီယို အခွေကို ပြသပေးခဲ့ကာ အခမ်းအနား တက်ရောက်လာသူ များက ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေးသီချင်းများ သီဆိုပေးကြပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။
ယခု အခမ်းအနားကို ဦးဆောင်ဆောင်ရွက်ခဲ့ကြသူ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရား တရားစွဲဆိုမှုကို ကန်ကွက်သည့် အနေဖြင့် မနှစ်က မဲဆောက်-မြန်မာ ချစ်ကြည်ရေး တံတားရှေ့နှင့် ယူအန်ရုံးရှေ့တို့တွင် ဆန္ဒပြပွဲနှင့် ဆုတောင်းပွဲများကို ပြုလုပ်ခဲ့ကြသော ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ (CAC Burma) http://www.cacburma.blogspot.com နှင့် ပူးးပေါင်းလှုပ်ရှားမှု ကော်မတီ (JAC ) တို့၏ ဦးဆောင်လှုပ်ရှားသူများ အများစုပါဝင်ခဲ့ကြသော်လည်း၊ မည်သည့် အဖွဲ့အစည်း၏ အမည်ကိုမှ အသုံးမပြုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သူအားလုံး ပါဝင်ရေးကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့သည်ဟု အခမ်း အနား ဖြစ်မြောက်ရေးကို ဦးဆောင်ပါဝင် စီစဉ်ခဲ့သူ တဦးကပြောပါသည်။ ယခုကဲ့သို့ ညဘက်မွေးနေ့ပွဲ ပြုလုပ်သည့် အစီအစဉ်ကို မနှစ်ကလည်း ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မနှစ်ကထက် လူဦးရေ နှစ်ဆခန့် ပိုများပြားစွာ ပူးပေါင်းပါဝင်လာကြသည်ဟု ဆိုပါသည်။

No comments:

Post a Comment