Thursday, October 1, 2009

၂ဝ၁ဝ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင် စီစဉ်ခြင်းနှင့် ပတ်သက်၍ JAC-Japan မှ ထုတ်ပြန်ကြေညာချက်

Joint Action Committee of Burmese Community in Japan


၂ဝ၁ဝ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင် စီစဉ်ခြင်းနှင့် ပတ်သက်၍ JAC-Japan မှ ထုတ်ပြန်ကြေညာချက်

ရက်စွဲ - ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်

တိုကျို၊ ဂျပန်

မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင် စီစဉ်နေခြင်းများအပေါ် လူထုအကျိုးပြု ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသဖြင့် JAC-Japan မှ ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

နအဖ စစ်ခေါင်းဆောင်တို့က ၎င်းတို့အာဏာတည်မြဲရေးအတွက် ၎င်းတို့ပင် စိတ်ကြိုက်ရေးဆွဲ၍ ၂ဝဝ၈ ခုနှစ် မေလတွင် လူထုဆန္ဒကို မတရားရယူကာ အတည်ပြုခဲ့သော နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေသည်။ ယင်းမှာ လူထုအကျိုးစီးပွားအတွက် ရည်ရွယ်ခြင်း မရှိသကဲ့သို့ ဒီမိုကရေစီ စံနှုန်းများနှင့်လည်း လုံးဝကိုက်ညီခြင်း မရှိပါ။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းအုပ်စုသည် (ထိုစဉ်က နဝတ အမည်ဖြင့်) ပါတီစုံ ဒီမိုကရေစီစနစ်တရပ် ထူထောင်ရန် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း အဆိုပါ ရွေးကောက်ပွဲတွင် မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပြည်သူ့လွှတ်တော် ခေါ်ယူခွင့်ပြုခြင်း၊ တရားဝင် အာဏာလွှဲပြောင်းခြင်းများ မရှိခဲ့ပါ။ နဝတ-နအဖဟု အမည်ပြောင်းလဲကာ အုပ်ချုပ်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ ပါတီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ မင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီ ရရှိရေး တက်ကြွလှုပ်ရှားသူများအား ၁၉၈၈ ခုနှစ် အာဏာသိမ်းသည်မှစ၍ ယနေ့တိုင် ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီး နှိပ်စက် အကျဉ်းချထားခြင်း၊ လူ့အခွင့်အရေးများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှု များကို ပိတ်ပင် ဖြိုခွဲခြင်းများ ပြုလုပ်လျက် ရှိသည်။

လူထုအကျိုးအတွက် ကိုယ်စားပြု ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးလိုအပ်ချက် ဖြစ်သည်။ သို့သော် နအဖ စစ်ဗိုလ်ချုပ်ကြီးတို့သည် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တာဝန်အား လစ်လျူရှုနေရုံမက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးပမ်းနေသူတို့အား ဖမ်းဆီး နှိပ်ကွပ်နေပြန်သဖြင့် မြန်မာ့ နိုင်ငံရေး ပြဿနာများမှာ ပိုမို၍သာ ဆိုးဝါးလာနေခဲ့သည်။ နိုင်ငံရေးပြဿနာများနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ တရားမျှတရေး အစရှိသည့် လူထုရေးရာကဏ္ဍ အဘက်ဘက်တွင်လည်း နိုင်ငံတကာ၌ အောက်ဆုံးအဆင့်သို့ ထိုးဆင်းနေခဲ့ရသည်။

လူထုအကျိုးစီးပွားကို လစ်လျူရှုလျက် အာဏာပိုင်စိုးထားသော နအဖတို့က စီစဉ်သည့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဖြင့် အထက်ဖော်ပြပါ အဘက်ဘက်မှ ကြုံတွေ့နေရသော ပြဿနာများကို လူထုအလိုကျ ဖြေရှင်း ပေးနိုင်မည် မဟုတ်ပေ။

ဤအချက်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဝင်မည့်သူများ အထူးသဖြင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် စစ်အာဏာရှင် နအဖတို့အကြား ရပ်တည်နေကြသော ကြားနေအဖွဲ့များ (ဝါ) တတိယအင်အားစု-အုပ်စုဟု ကင်ပွန်းတပ် ခေါ်ဝေါ်နေကြသူတို့က သတိပြုရန် လိုအပ်သည်။ လူထုဆန္ဒဖြင့် အတည်ပြုထားသည်ဆိုသော ၂ဝဝ၈ ခုနှစ် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအား ဒီမိုကရေစီ စံနှုန်းများ ပါရှိနေအောင် ပြန်လည် မပြင်ဆင်နိုင်လျှင်၊ မတရား ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေး အကျဉ်းသမားများ ချွင်းချက်မရှိ ပြန်လည် လွတ်မြောက်ခြင်း မရှိလျှင် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်၊ အားပေး ထောက်ခံခြင်း မပြုရန်နှင့် ဆန့်ကျင်ကန့်ကွက်ကြရန် လိုအပ်သည်။ ထိုသို့မဟုတ်ပဲ နအဖ အလိုကျ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်မည် ဆိုသော် အနာဂတ် မြန်မာ့နိုင်ငံရေး၌ ဆိုးကျိုးများ ဖြစ်လာခြင်းအတွက် နအဖတို့ကဲ့သို့ပင် တာဝန်ယူရလိမ့်မည်ဟု အသိပေး ကြေညာအပ်သည်။

ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ လိုလားသည့် မြန်မာနိုင်ငံသားများ

ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ဂျပန်)

JAC-Japan

1. Arakan League for Democracy ALD (Exile-JP)
2. Burma Democratic Action Group (BDA Group)
3. Chin National Community (CNC-JP)
4. Democratic Federation of Burma (DFB)
5. Federation of Workers’ Union of the Burmese Citizen in Japan (FWUBC)
6. Kachin National Organization, Japan (KNO-JP)
7. Kachin State National Congress for Democracy (Liberated Area-Japan Branch) KNCD (LA-JP)
8. Karen National League (KNL-JP)
9. Karen National Union-Japan (KNU-J)
10. League for Democracy in Burma (LDB)
11. Naga National Society (NNS)
12. National Democratic Front (Burma) (NDF-B) Representative for Japan
13. Palaun National Society (PNS)
14. Punnyagari Mon National Society (PMNS)
15. Shan Nationalities for Democracy-Japan (SND- JP)
16. Shan State Nationalities for Democracy-Japan (SSND- JP)
17. Confederation of National Youth for Burma (Japan Branch) (CNYB-JB)
18. Save Burma
19. Peaceful Burma

No comments:

Post a Comment