အမှန်တရားဂျာနယ် အတွဲ ၁ အမှတ် ၈ Online Reading File

အမှန်တရားဂျာနယ် အတွဲ၁ အမှတ်၈ Printing File
Cac Volume1 No 8
Sunday, October 25, 2009
Saturday, October 24, 2009
Monday, October 12, 2009
သံဃာ့ အဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအဖွဲ့များနှင့် တိုင်းရင်းသားခေါင်းဆောင်များထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ
သံဃာ့အဖွဲ့ချုပ် မြန်မာနိုင်ငံက ထိုကဲသို့ အိတ်ဖွင့်ပေးစာ တစောင်ကို ထုတ်ပြန်ခဲ့သလို အထက်မြန်မာပြည် ကျောင်းသားသမဂ္ဂ မြန်မာပြည်မှ လည်းအလားတူ ထုတ်ပြန်ချက် တခုကို ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက် စာသားများမှာ တထပ်တည်း တူညီနေသဖြင့် ထုတ်ပြန်ချက်ကို သီးခြား ဖေါ်ပြမပေးတော့ပဲ။ အထက်မြန်မာပြည် ကျောင်းသားသမဂ္ဂ မြန်မာပြည်မှ တာဝန်ရှိသူတဦး၏ ပေးစာကိုသာ ဖေါ်ပြပေးလိုက်ပါသည်။
သို့
ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ ပေးပို့သော “ ငြိမ်းချမ်းရေးအဖွဲ့များ အပါအဝင် တိုင်းရင်းသား အဖွဲ့ အစည်းများ အားလုံး ထံသို့ အိတ်ဖွင့်ပေးစာ ” အား သိရှိနိုင်ပါရန် ပေးပို့အပ်ပါသည်။
အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အွန်လိုင်းမှ တဆင့် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂ အီးမေးလ် ubst.burma@gmail.com သို့ မေးမြန်း နိုင်ပါသည်။
လေးစားစွာဖြင့်
သန်းနိုင်
တွဲဖက်အထွေထွေအတွင်းရေးမှူး
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
ubst.burma@gmail.com
www.ubst.co.nr
Labels:
ထုတ်ပြန်ကြေငြာချက်
Friday, October 9, 2009
Thursday, October 1, 2009
သတိသာထားကြပေတော့၊ ကျွန်ပွဲစားတို့လာချေပြီ
တချိန်တုန်းက ကျုပ်တို့အညာမှာ အလှူလုပ်ရင် ဖိတ်စာရယ်လို့ ဝေလေ့ ကမ်းလေ့ မရှိဘူး။ ရပ်ဝေးက ဆွေမျိုးမိတ်သင်္ဂဟတွေကို လက်ဖက်ထုပ်တန်သည်၊ ဆေးပေါ့လိပ်တန်သည် ကမ်းတယ်။ အနီးချုပ်စပ်က လေးငါးဆယ်ရွာကိုတော့ သက်ဆိုင်ရာ ရွာဆော်တွေကပဲ ဗျိုးဟစ်ပြီး ရွာလုံးကျွတ် ဖိတ်လိုက်တယ်။ အားလုံး မီးခိုးတိတ် ထမင်းရေချောင်းစီးဆိုတော့ ကလေးရော၊ ခွေးရော အကုန်ပါတာပေါ့။ ဒီတော့ ဗျိုးဟစ်သံကြားရင် ကလေးတွေ မြူးကြတယ်။ ကလေးတွေကြည့်ပြီး၊ ခွေးတွေအူကြတယ်။ အလှူရက်ကို လက်ချိုးပြီး စောင့်မျှော်ကြတယ်။
ခွေးဆိုတာကလည်း သိတဲ့အတိုင်း သူ့နယ်ကိုယ့်နယ် သတ်မှတ်ပြီးနေတယ်။ တနယ်နဲ့တနယ် ကူးလေ့မရှိကြဘူး။ နယ်ကူး ရင်ကျူးရင် နယ်ခံခွေးတွေက ဝိုင်းကိုက်ကြ၊ အမဲဖျက်ကြတာပဲ။ အဲ အလှူချိန်ရောက်ပြီဆိုရင်တော့ နယ်စည်းတွေပျက်ပြီ၊ သူ့နယ်ကိုယ့်နယ် ကူးကြပေမယ့် မကိုက်ကြတော့ဘူး၊ အမဲဖျက်တာတေ၊ွ ကိုက်ခဲတာတွေ ရပ်စဲထားကြတယ်။ ခွေးငြိမ်းချမ်းရေး ပြောလည်းရတယ်။ ခွေးလွတ်ငြိမ်းချမ်းသာခွင့် ပြောလည်းရတယ်၊ အဲဒီအချိန်မှာ အစာလုကြရင်း “ဟီးကနဲ ဟန်းကနဲ” မာန်ဖီပြကြတာလောက်ပဲရှိတယ်။ အလှူနေ့ဆိုရင်တော့ အလှူအိမ်မှာ ရွာပေါင်းစုံက ခွေးအပျို၊ ခွေးထီးပျို၊ ခွေးအမေ၊ ခွေးသမီး၊ ခွေးအဖွား၊ ခွေးသား၊ ခွေးအဖိုး၊ ခွေးသူခိုး၊ ခွေးဂျပိုး၊ ခွေးကျိုး၊ ခွေးဖင်လိမ်နဲ့ ခွေးမြီးကောက်ပါမကျန် ခွေးပေါင်းစုံတို့ ညီလာခံကြတာပေါ့။ ရတတ်သမျှ အရိုးအရင်းလေးတွေ လုကြယက်ကြနဲ့ ထမင်းကျွေးရုံမှာ တညံညံတစီစီနဲ့ပေါ့။
အဲဒီမှာ အခွင့်သာတာက ရွာခံခွေးတွေပဲ။ သူတို့က စားလို့ဝလည်း ဆက်လုကြတယ်။ ရတာကို မြေထဲမြုပ်ထား ဝှက်ထားတတ်တယ်။ ရွာခံမဟုတ်တဲ့ ခွေးများကတော့ အဝစားပြီး ချီနိုင်သလောက်ချီပြီး ပြန်ကြတယ်။ အလှူပြီးလို့ လေးငါးဆယ်ရက် အထိတော့ ခွေးတွေက မြေထဲဝှက်ထားတာလေးတွေ ပြန်ဖော်ပြန်မြုံ့နဲ့ တကယ့် စည်းစိမ်ပေါ့ ၊ ဒါကြောင့် ပြောကြတယ် မဟုတ်လား၊ မတော်မတတ်သူများ (တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ) တသက်တခါ လာဘ်လာဘရွှင်ကြရင် ‘ခွေး ဘုရားပွဲ တွေ့သလို’ ပဲလို့ပြောကြတာ။
အခုလည်း ကျူပ်တို့ပတ်ဝန်းကျင်က အခြေအနေတွေက အဲဒီအညာက အလှူလာတဲ့ခွေးတွေကို ပြန်ပြီး မြင်ယောင် သတိရစရာတွေ ဖြစ်လာတယ်။ ခွေးဆိုတာကတော့ အိပ်စားကာမလောက်သာသိတဲ့ အဟိတ်တိရိစ္ဆာန် ဆိုတော့ လှူရင်၊ ကျွေးရင် စားမှာပဲ။ ဘယ်သူကလှူတယ်၊ ဘာကြောင့်လှူတယ်၊ ဘယ်လို လှူတယ် ဆန်းစစ်မနေဘူး။ ပြီးတော့ သူတို့က အလှူမှာ အဓိကအလှူခံပုဂ္ဂိုလ် ဖိတ်ကြားခံရသူမဟုတ်လို့ ရှက်နေစရာ၊ ဂုဏ်သိက္ခာငဲ့နေစရာ မလိုပါဘူး၊ စားကြွင်းစားကျန် အရိုးအရင်း လောက်နဲ့ကိုပဲ ကျေနပ်လှပြီ။
အခုကျုပ်တို့ ဝန်းကျင်ကတော့ လူတွေ။
လူတွေမှ ကိုယ့်ကိုကိုယ် ခေါင်းဆောင်လို့ ပညာတတ်လို့ ကြော်ညာနေတဲ့ လူတွေလေ။
တကယ်တော့ ဒီဇာတ်လမ်းတွေက ၂ဝဝ၃ ထဲက စတယ်လို့ ဆိုရမှာပါ။ ဒီပဲယင်း ယုတ်မာပတ်စက်မှုကြီးနဲ့ တံတွေးခွက် ပတ်လက်မျောနေတဲ့ စစ်အုပ်စုက ထောက်လှမ်းရေးမှူး ဗိုလ်ခင်ညွန့်ကို ဝန်ကြီးချုပ်ခန့်၊ ဘုံခုနစ်ဆင့် လမ်းပြမြေပုံပြပြီး ထွက်ပေါက်ရှာတယ်။ ဒီဘုံခုနစ်ဆင့်ကိုကြည့်ပြီး ကျုပ်တို့ ပေါချောင်ကောင်း ခေါင်းဆောင်တွေ ဇောင်းလွှတ်တဲ့မြင်းလို ခြေတကြွကြွနဲ့ အတော်အူးမြူးတက်ကြွ ခဲ့ကြသေးတာပဲ။ (BSG) ခေါင်းဆောင် ဒေါက်တာ ဇာနည် နှာခေါင်းကျည်ပွေ့တွေ့သွားမှ ခြေငြိမ်သွားကြတာ။
အခုတော့ (၂ဝ၁ဝ) ရွေးကောက်ပွဲသံ ပိုပြီးတော့ကျယ်လာ၊ နီးလာပြီးဆိုတော့ တချို့ ဣနြေ္ဒ မဆည်နိုင်ကြ တော့ဘူး။ ရတတ်သမျှ မှိုတက် အတွေးအခေါ်တွေဖုံခါ၊ မီးကျိုးမောင်းပျက် သဘောတရားတွေထုတ်ပြီး ရွေးကောက်ပွဲဝင်ရေး စိုင်းပြင်းလာကြပြန်ပြီ။ အခွင့်အရေးဆို မစွန့်ပဲစားချင်ကြတာ ဓမ္မတာမို့ ကိုယ့်စားရိတ်နဲ့ ကိုယ့်လမ်းကို ရွေးကြတာကို ဘာမှမပြောလိုပါ။ ဆိုးချက်နာတာက ကိုယ့်လမ်းကို ဖြောင့်ဖြောင့်မသွားပဲ ဟိုဆွဲဒီဖဲ့နဲ့ လူတကာကို ခေါင်းစပ်တူဝယ်ဖို့ ဆွယ်နေကြတာပဲ။ ဒေဝဒတ်က အဇာတသတ်ကလေးကို တက်သမျှ မှတ်သမျှနဲ့ ဖျားယောင်းသလိုပေါ့။ တချို့ဆို ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ရပ်နေသူတွေကိုတောင် ခေါင်းမာသလေး၊ လက်တွေ့မကျသလေး ပုတ်ခတ်လိုက်သေးတယ်။
သူတို့ဟာက ရေနှောက်ငါးရှာ (Fishing in trouble water) သလို ပတ်ဝန်းကျင်ကို အဆိပ်မှိုင်းတိုက်ပြီး ကိုယ်ကျိုးရှာတာပါပဲ။ တော်လှန်ရေးစိတ်ဓါတ်၊ အတွေးအခေါ်တွေ မျိုးကန်းသွားအောင်၊ ကျိုးပျက်သွားအောင် အဆိပ်အတောက် အယူအဆတွေကို တွင်တွင် ဖြန့်တယ်။ အတော်ကို ယုတ်ကန်းပါတယ်။ စကားတခု ကြားဖူးကြမှာပါ။ ပါးစပ်ထဲဝင်တဲ့ အဆိပ်က လူနဲနဲကိုဘဲ သတ်နိုင်တယ်။ နားထဲဝင်တဲ့ အဆိပ်ကတော့ တမျိုးလုံးကိုသတ်နိုင်တယ်။
အပြောတော့အလွန်ကောင်း၊ တကယ့် ပါးပါးလေး။
‘ဖြစ်နိုင်တာ လုပ်တာနိုင်ငံရေးတဲ့’
‘မရှိရာကနေ တခုခုရှိလာတာ ကောင်းတယ်’
‘နဝတ၊နအဖ ရဲ့ ( ဘုံခုနှစ်ဆင့် ) လမ်းကြောင်းအတိုင်းဝင်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ်’ စတဲ့ အဆင်ခြေ တွေစုံလို့ပဲ။
အမှန်တရားအတွက် တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင်ခြေတွေ၊ အောင်နိုင်ခြေတွေ တွက်တာမရှိပါဘူး။ မြတ်စွာ ဘုရားရှင်ကိုယ်တိုင်က အဓမ္မတရားနှင့် အသက်ရှင်ခြင်းထက် ဓမ္မတရားအတွက် အသက်စွန့်တန် စွန့်ရမယ်။ ဓမ္မနဲ့ အသက်ရှင်တာမြတ်တယ်လို့ ဟောထားခဲ့တာပဲ။ အမှန်တရားဖက်က ရပ်တည်ရာ တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင်ခြေကိုပဲ တွက်ပြီးလုပ်တာ၊ အရူံးအမြတ်တွက်တာဟာ ဖဲသမားဥာဉ်နဲ့ အချောင်နှိုက် ချင်တဲ့ စိတ်ဓါတ်ပါ။ ဖြစ်နိုင်တာလုပ်မှ နိုင်ငံရေးဆိုတော့ နိုင်ငံရေးမှာ မှားမှား၊ မှန်မှန် ဖြစ်နိုင်မှလုပ်ကြ၊ မဖြစ်နိုင်ရင်မလုပ်နဲ့ ဒူးထောက် အရှုံးပေးလိုက်ကြလို့ ကိုယ်နဲ့တူအောင် အမြီးဖြတ်တာပါပဲ။
ဒါကြောင့် ဒီစကားဟာ လူ့အဖွဲ့အစည်းတခုလုံးအတွက် မျိုးတုံး၊ မျိုးသုဉ်းသွားစေလောက်အောင် အဆိပ်သင့်တဲ့ ဖောက်ပြန်ရေး အတွေးအခေါ်ဖြစ်တယ်။ အမျိုးသားတရပ် ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တော်လှန်ဖောက်ထွက်ရဲတဲ့ အမျိုးသားဇာတိမာန်ကို ရိုက်ချိုးဖျက်ဆီးလိုက်တဲ့ အတွေးအခေါ်ဖြစ်တယ်။ ဖြစ်နိုင်ခြေတွေ လောက်ကိုသာ တွက်ချက်လုပ်ခဲ့ကြမယ်ဆိုရင် ဒီနေ့ ကျုပ်တို့လူအဖွဲ့အစည်းကြီးဟာ ကျောက်ခေတ်မှာပဲ ရှိနေအုံးမှာပဲ။ နိုင်ငံရေးဖက်က ကြည့်ရင်လည်း ကျုပ်တို့ဗမာတွေဟာ ကမ္ဘာသုဉ်းတဲ့အထိ အင်္ဂလိပ်ကျွန်ဖြစ်နေဖို့ပဲ ရှိတော့တယ်။ လက်နက်ခြင်းမမျှပဲ အင်္ဂလိပ်ကိုတော်လှန်ခဲ့ကြတဲ့ ကျုပ်တို့ရဲ့ ဘိုးဘွား ရှေးဦး တော်လှန်ရေးသမားကြီးတွေ၊ ဆရာစံနဲ့ လယ်သမားကြီးတွေကို ဘယ်လိုသမိုင်းတင်ကြမလဲ။ အချောင်သမား လမ်းစဉ်ကို မလိုက်ခဲ့ကြလို့ လူမိုက်ကြီးတွေလို့များ သမိုင်းတင်ကြအုံးမလား။
တကယ်တော့ အမျိုးသားရှင်သန်ရပ်တည်ရေးတို့ ကြီးပွားရေးတို့ လွတ်မြောက်ရေးတို့ဆိုတာဟာ ရည်မှန်းချက် တခုကို ဓိဋ္ဌာန်ပြီး မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားရတဲ့ အမျိုးသားရေးတိုက်ပွဲပဲ။ ဖြစ်စဉ်တခုပဲ။
ဒီတော့ ရှင်းပါတယ်။
သူတို့ပြောနေတဲ့ ဖြစ်နိုင်တာလုပ်တာ နိုင်ငံရေးဆိုတာ စစ်အုပ်စုလိုချင်တဲ့ ပုံစံအတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခံပြီး ဗမာတွေ ကမ္ဘာသုဉ်းတဲ့အထိ စစ်ဓားပြ ကျွန်ခံကြလို့ သွေးဆောင်ဖျားယောင်းတဲ့ ကျွန်ပွဲစားလုပ်ရပ်ပဲ ဖြစ်တယ်။
သူတို့ပြောနေတဲ့ ခိုးကြောင်ခိုးဝှက်တမျိုး၊ ခြိမ်းခြောက်ဓားပြတိုက်လို့တဖုံ ညစ်နည်းမျိုးစုံနဲ့ နာဂစ်မုန်တိုင်းကြောင့် သေကြေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ အရိုးပုံပေါ်မှာ အတည်ပြုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း ကြည့်ပါအုံး။ အဆင့်ဆင့် အုပ်ချုပ်ရေး ဌာနတွေအပြင် လွတ်တော်ထဲမှာ အမတ်လေးပုံတစ်ပုံကို ဓားပြတိုက် အပိုင်စီး ထားတယ်။ သမတက စစ်သား၊ ဒါမှမဟုတ် စစ်သားဟောင်းဖြစ်ရမယ်။ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေကို စစ်တပ်ကယူမယ်။ ဒါတောင် ဖင်မလုံနိုင်သေးတာနဲ့ လိုအပ်ရင် ဖွဲ့စည်းပုံတကျ စစ်တပ်က အာဏာ သိမ်းနိုင်တယ်။ ပြီးတော့ အဲဒီဖွဲ့စည်းပုံကြီးကို စစ်ဓားပြအမတ်တွေ အပါအဝင် လေးပုံသုံးပုံက သဘောတူမှ ပြင်ရမယ်တဲ့။
ကဲ ဘယ်မှာလဲပြည်သူတွေရဲ့ အခန်းကဏ္ဍ၊ ဘယ်မှာလဲ ဒီမိုကရေစီရဲ့ အနှစ်သာရ။
လူထုဆန္ဒဆိုတာ ဖွဲ၊ စစ်အာဏာရှင်စနစ်က တရွေးသားတောင်ပွန်းမနေဘူး။
ဒီလောက်ဖောက်ပြန်တဲ့ ဖွဲ့စည်းပုံကိုပဲ ဘာမှမရှိတာထက်စာရင် ကောင်းတာပေါ့ ဆိုပါလား။ ဗူးသီးကို ဝက်သားလို့ စာရေးပြီး ချက်စားလည်း ဗူးသီးက ဗူးသီးအရသာပဲ ထွက်မှာပဲ။ ဝက်သားအရသာ ဖြစ်မလာဘူး။ သားစဉ်မြေဆက် စစ်ကျွန်ခံကြဖို့ ဗြောင်ဆွယ်တာပါပဲ။ ဒီထက်ဖောက်ပြန်တဲ့ အတွေးအခေါ်တောင် ဒီလောက် ယုတ်ညံ့မှာ မဟုတ်ဘူး။ လောကကြီးမှာ ရှိနေပေမယ့် မကောင်းတာတွေပြည့်လို့၊ အများကြီး။ ရှိသာရှိပြီး ဘာမှသုံးမရတဲ့အပြင် လောကကြီးကို အနှောင့်အယှက်တွေ၊ ဆိုးကြိုးဒုက္ခတွေသာပေးတဲ့ စစ်အာဏာရှင်တွေ အပြင် ဒီလောက်ဖောက်ပြန်တဲ့ သဘောတရား ထုတ်ပေးသူတွေလဲ ပါတာပဲ။
ဒီသဘောတရားအတိုင်းဆိုရင် ကိုယ့်အသက်ကို ငွေနဲ့ရွေးပြီးပြန်ရလာလို့ ပြန်ပေးသမားကို ကျေးဇူးရှင်အမှတ်နဲ့ ကိုးကွယ်ရမဲ့ကိန်း၊ ဒီကျွန်ပွဲစားသဘောတရား ဆရာကြီးတွေ အသုံးမကျတာက ကန်းကုန်ရော၊ အရှိကို မရှိအောင် ဖျက်ဆီးပြီးကာမှ ဘာမဟုတ်တဲ့ အတုအယောင်ကိုပေးလာတဲ့ အဖျက်သမားကို ကျေးဇူးတင် နေတဲ့ဟန်၊ အညံ့ဖျင်းဆုံး ကျွန်ပွဲစားများပေတကား။
တကယ်ဆို ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲစနစ်နဲ့ ရွေးကောက်ခံအစိုးရ ဆိုတာ ဗမာပြည်မှာ ရှိပြီးသား။ ဒါကို ဖျက်ဆီးပြစ်ခဲ့တာ ဘယ်သူတွေလည်းဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံးသိတယ်။ မသိတာက ကိုယ့်နေရာရဘို့အရေး၊ လူရာဝင်ဖို့အရေးနဲ့ အတ္တလောဘတွေ ပိတ်ဖုံးနေတဲ့ အချောင်သမား ကျွန်ပွဲစားတွေပဲ ဖြစ်တယ်။ စစ်တပ်စစ်ဦးစီးချုပ်အပါအဝင် အချုပ်အချာအာဏာပိုင်တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းရသူတိုင်း ပြည်တောင်စုဖွဲ့စည်းအုပ်ချုပ်ပုံကို အသက်နဲ့လဲ ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကျမ်းကျိန်သစ္စာ ပြုထားကြ ရတာပဲ။ ဒီကြားကပဲ ‘ငယ်ခါဆိုးသွမ်း ကြီးခါယုတ်မာ သေသော်တိုင်းပြည်ကို စစ်အာဏာရှင်ငရဲခန်းမှာ ထားခဲ့တဲ့ ဝဲစားကြီးဗိုလ်နေဝင်း’ကစလို့ ဒီနေ့ခေတ်ထိ စစ်ခေါင်းဆောင် အဆက်ဆက်တို့ပဲ၊ ဒီကျမ်းဒီသစ္စာတွေကို ဖောက်ဖျက်ခဲ့ကြတယ်၊ ဖောက်ဖျက်နေကြတယ်။ ဒီမဟာဗာလာနံ လူမိုက်အပေါင်းရဲ့ကျေးဇူးနဲ့ပဲ မဟုတ်တာ၊ မတရားတာမှန်သမျှ ဗမာပြည်ထဲမှာ အကုန်ဖြစ်တယ်။ ဘုရားဗိုက်ဖောက်ခံရတယ်။ ကျောင်းသား၊ သံဃာတွေ လမ်းမပေါ်မှာ ရက်ရက်စက်စက် အသတ်ခံနေရတယ်၊ ယုတ်စွအဆုံး ဘုန်းကြီးရုပ်အလောင်းတောင် မီးဖုတ်စားခံ နေရတယ်။ ဒီဗိုလ်ချုပ်တွေ၊ သူတို့အပေါင်းအပါတွေ တိုင်းပြည် ဘဏ္ဍာအရင်းအမြစ်ဟူသမျှကို ဓားပြတိုက် လုယက် ချမ်းသာနေသလောက် လူထုဘဝကတော့ တကယ့်ကိုနင်းပြား၊ ဖွတ်ကျောပြာစု ခရု ဆံကျွတ်ဘဝ။ အဖြစ်ဆိုးလိုက်ပုံက သမီးမွေးတော့ ပြည့်တန်ဆာ သားမွေးတော့ သူခိုးပြာတာ၊ ကမ္ဘာ့အနှံ့မှာ ဗမာကူလီတွေ ရှိတယ်။ ဒါနဲ့များတောင် သူတို့ပါးစပ်က အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးလို့ မျက်နှာပြောင်တိုက် အော်နေတာပဲ။ ဒီလိုကျေးဇူးပြုခဲ့ကြတဲ့ လူမိုက်တသင်းကို တိုင်းပြည်နဲ့လူမျိုးအပေါ် ဆက်ပြီးအုပ်ချုပ်ခွင့်၊ အဓမ္မကျင့်ခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံကို အချောင်သမားတွေကလွဲလို့ ဘယ်သူမှလက်မခံဘူး။ ဥပဒေနည်းလမ်းတကျ စစ်ကျွန်ခံရတာ ကောင်းတယ်လို့ ယူဆတဲ့ ကျွန်ပွဲစားတွေပဲ လက်ခံတယ်။
နောက်ကျွန်ပွဲစားတွေရဲ့ ဘနဖူး သိုက်တူးမယ်ဆိုတဲ့ မတော်လောဘ အပေါ်လွင်ဆုံးက သူတို့နဲ့ပေါင်းလုပ်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ့်ဆိုတဲ့ အယူအဆဝါဒမှိုင်းပဲ။ ပူးသတ်မယ် ပြောလိုပြော၊ ပေါင်းပြီးပြောင်းမယ် ပြောလိုပြော၊ တကယ့်ကို အမြီးအမောက် မတည့်လှပါဘူး။ လက်တွေ့ကတော့ နွားသိုးဂျိုမှာ နိုညှစ်ကြစို့လို့ ပြောသလိုပါပဲ။
ဗမာပြည်နိုင်ငံရေးမှာ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အာဏာရှစ်များခေတ်၊ ခေတ်အဆက်ဆက်က လက်နက်ချ ဒူးထောက် အညံ့ခံသွားသူတိုင်း ဖန်တရာတေအောင် သုံးခဲ့ကြ၊ ပြောခဲ့ကြတဲ့စကားတွေ၊ ဆင်ခြေတွေပါ။ တကယ်ယုံ တကယ်ပြောပြီး တကယ်လုပ်ခဲ့ကြသူတွေလဲ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့ပြောသလို ဖြစ်ခဲ့တာတခုမှ မရှိခဲ့ဘူး၊ တယောက်မှပေါ်မလာဘူး။ အဲသလို ဆင်ခြေပေး အကြောင်းပြခဲ့ကြ သူအားလုံး အုပ်စိုးသူ ဖောက်ပြန်ရေးသမားတွေနဲ့ ပူးပြီးပေါင်းမိခါမှ မထွေးနိုင် မမြိုနိုင်နဲ့ အဆုံးမှာ မိုးခါးရေ ဝိုင်းသောက်ကြရင်း သစ္စာဖောက် ကိုယ်ကျိုးရှာသမားတွေအဖြစ်နဲ့ နိဂုံးချုပ် သွားကြရတာ ချည်းပဲ။ လျန်းလျန်းတောက် ခေါင်းဆောင်ကြီးတွေဖြစ်ကြတဲ့ ဘကြီးဘဖေတို့ သခင်စိုးကြီးတို့တောင် ဒီလိုပဲ ဇာတ်သိမ်း သွားရတာ။
ဒီစစ်ဒီလူညစ်တွေရဲ့ ခေတ်နဲ့စနစ်က ဟိုအရင်အာဏာရ ဖောက်ပြန်ရေးသမားတွေထက်ပိုဆိုး၊ ပိုပြီးဗြောင်ကျကျ ဖောက်ပြန် တယ်။ မရှိတာထက် ရှိလာတာကောင်းပါတယ်လို့ ကျွန်ပွဲစားကြီးတွေ မွှန်းနေတဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံက စစ်အာဏာရှင်စနစ်ကို အတိအကျပြဌာန်းထားတဲ့အပြင် ပြင်ဆင်လို့မရအောင် ယိုပေါက်မရှိပိတ်ဆို့ထားတယ်။ ဒါကြောင့် ပူးသတ်မယ် ပေါင်းပြီးပြောင်းမယ်ဆိုတဲ့ ကျွန်ပွဲစားတွေကလဲ ဟိုးအရင်ခေတ် ဖောက်ပြန်ရေး သမား တွေထက် ပိုပြီးဗြောင်ကျတယ်၊ အရှက် သိဏ္ခာမဲ့တယ်။ မတော်ရာမှာ သတ္တိထူးပါပေတယ်လို့ ချီးကျူးရမယ်။
အဲဒီအထဲမှာ တော်လှန်ရေးနဲ့ သူဌေးဖြစ်နေကြတဲ့ ကျုပ်တို့ရဲ့ အဝေးရောက် ခေါင်းဆာင်ကြီးတွေလဲ ပါတာပဲ။ အမြီးပြတ်ချင်း လက်တို့ဝိုင်းထိုင်ပြီး အပေါစားမိန်းမပျက်လို ဟိုဟာလှန်ပြ ဒီဟာလှန်ပြနဲ့ ရန်သူစစ်အုပ်စုကို မျက်စပစ်တယ်၊ မြှူတယ်။ စစ်အုပ်စုက ဒေါ်စုကို မတရားအမိန့်တွေချ၊ ထောင်တွေချနေချိန်မှာပဲ စစ်အုပ်စုကို ရင်ကြားစေ့ရအောင် ဆိုပါလား။ သြချလောက်တဲ့ စိတ်ကူး။ ဒေါ်စုထမိန်ချုံလို့ ကောင်းစားနေသူတွေက ဒေါ်စု အရေး တရွေးသားတောင် ထည့်မစဉ်းဘူးဆိုတာ ဒီမှာပေါ်တာပါပဲ။ ဒီအမြင် ဒီစိတ်ဓါတ်လောက်နဲ့ ကျွန်စုတ်တဲ့ သရက်စေ့လိုဖြစ်နေတဲ့ ပြည်သူတွေကို ကယ်တင်မယ်၊ အလုပ်အကြွေးပြုမယ် ဆိုပါလား အရပ်ကတို့။
စကားရွေးပုံ ဆင်ခြေပေးပုံလေးကတော့ တိုးတက်လာသလိုပဲ။
ဘာတဲ့ မုန်လာဥပြ ဒုတ်ပြ စည်းရုံးရေးတဲ့။
ကောင်းပါတယ်၊ ပြစရာနှစ်ခုလုံး ရှိရင်ပေါ့။
ဒါပေမယ့် ဘယ်မှာလဲ ပြစရာဒုတ်၊ တုတ်နဲ့တူတာလည်း တခုမှမတွေ့။ ဒီတော့ ပြစရာမုန်လာဥဘဲ ရှိတော့မပေါ့။ မုန်လာဥပြရတာနဲ့တင် မလုံလောက်လို့၊ အားမရကြလို့ မတော် လုံချည်လှန် နောက်ခိုင်းပြကြရင်ဖြင့် အတွေးနဲ့တင် မမြင်ဝံ့စရာ။ တွေးပြီးသာ ရှက်နေရတာပါ၊ ပြတောင်ပြပြီးလား မသိနိုင်ဘူး။
တကယ်တော့ ဒီခေါင်းဆောင်ကြီးတွေပဲ တော်လှန်ရေးကို အင်ဂျီအို (NGO) တွေရဲ့ ငွေဝယ်ကျွန်ဖြစ်အောင် လုပ်ခဲ့ကြတာ။ သူတို့ဆောင်ပှဒ်က ရှင်းရှင်းလေး။ တိုင်းပြည်အတွက် တော်လှန်ရေးအတွက် အကျိုးရှိရှိ၊ မရှိရှိ အင်ဂျီအို ကြိုက်တာအကုန်လုပ်၊ အင်ဂျီအို မကြိုက်တာ အကုန်ဖြုတ်၊ ဒါပဲ။ အင်ဂျီအို တွေကြားက မှတ်ချက်တစ်ခု ကြားမိတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က အဖွဲ့ တွေက သူတို့နဲ့ကိုက်တဲ့ ပရောဂျက်မှလုပ်တာ၊ ဗမာအဖွဲ့တွေက ပိုက်ဆံပေးရင် ဘာပရောဂျက်ခိုင်းခိုင်း အကုန်လုပ်တယ်တဲ့။ ပြောလည်း ပြောလေစရာ။ ဗမာအဖွဲ့တခုကဆို ပိုက်ဆံပေးလို့ ဗွီဒေး (V Day . Virgina Day ) ဆိုလား လုပ်ဆိုပဲ။ ကျုပ်တို့လည်း ခပ်ရွတ်ရွတ် ကိုရင်ကြီးတပါးလို “ဣတ္ထိဗီဇံ အဟံ ဝန္ဒာမိ” ဆိုပြီး ဝင်ရောရမလားပဲ။
ဒါကြောင့် သူတို့အနှစ် (၂ဝ) လုပ်ခဲ့သမျှ ပြစရာ နတ္တိ။ ဇကာကုံးနဲ့ ရေခပ်တာမှ ရနိုင်စရာရှိသေးတယ်။ သတ်ပုံတောင် မမှန်တဲ့သူက ပညာရေး မူဝါဒတွေချ၊ သင်ရိုးတွေဆွဲ၊ ပုဒ်ထီးပုဒ်မ မကွဲတဲ့သူက ဖွဲ့စည်းပုံ ရေးလိုရေး။ အခုလဲ ရွေကောက်ပွဲဝင်ရေး၊ စစ်ကျွန်ခံဖို့အရေး ကျွန်ပွဲစားလုပ်နေကြပြန်ပြီ။ စေတနာကမမှန်၊ တွေးခေါ်ပုံကမဟန်၊ ဟန်ကိုက မဟန်၊ လက်လန်လောက်ပါပေရဲ့။
ကျွန်ပွဲစားတွေပြောနေတဲ့ ပေါင်းပြီးပြောင်းမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် အိန္ဒိယကို နမူနာထားကြည့်ပါ။ အိန္ဒိယ ပါလီမန် လွှတ်တော်မှာ အမတ်ဦးရေ (၅၄၇) ယောက်ရှိတယ်။ လူနည်းစုတွေအတွက် အထူးရာထားတဲ့ (၄) ယောက်ကို သမတက တိုက်ရိုက်ခန့်တာကလွဲရင် ကျန်တာအားလုံး လူထုမဲနဲ့ ရွေးကောက်တယ်။ အစိုးရ ဖွဲ့နိုင်ဖို့ ဆိုရင် အနည်းဆုံး အမတ် (၂၇၂) ယောက်ရှိဖို့လိုတယ်။ ၁၉၉ဝ ခုနှစ် နောက်ပိုင်းရွေးကောက်ပွဲတွေမှာ အမတ်အများဆုံးရတဲ့ပါတီက အမတ် (၂ဝဝ) တောင်မပြည့်ဘူး။ ဒီတော့ အတွေးအခေါ် ရပ်တည်ချက် တူတာ မတူတာ ဘေးချိတ်ပြီး ညွန့်ပေါင်းဖွဲ့ကြရတယ်။ တချို့ညွန့်ပေါင်းဝင် ပါတီအချင်းချင်းရဲ့ အတွေးအခေါ်တွေက ဆန့်ကျင်ဖက်တွေ။ ဒီတော့ညွန်းပေါင်းအစိုးရတွေဟာ တိုင်းပြည်တည်ငြိမ်ရေး၊ ဖွံဖြိုးရေးအတွက် စီမံ ဆောင်ရွက် ရတာထက် အစိုးရတည်ငြိမ်တည်မြဲဖို့ လုံးပမ်းနေရတာနဲ့ပဲ အချိန်ကုန်ရတယ်။ အရေးပါတဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့၊ ဥပဒေပြုဖို့ဆိုတာ ဝေးလာဝေးပဲ။
သိကြတဲ့တိုင်း ပါလီမန် ဒီမိုကရေစီဆိုတာက (Number Game) ကိန်းဂဏန်းတွေ ကစားကြတာပဲ၊ အမတ်ဖြစ်ဖို့ လူထုမဲ ကိန်းဂဏန်းတွေကို အခြေခံလုကြတယ်။ အစိုးရဖွဲ့ဖို့ ကိန်းဂဏန်းတွေ (အမတ်) လုကြရတယ်။ ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေပြုဖို့ ကိန်းဂဏာန်းတွေကို လုကြ၊ ကစားကြရတယ်။ ကိန်းဂဏန်းများများကို ကိုင်ထားတဲ့ သူက ကြိုက်သလို ကစားတာပဲ။ ကိန်းဂဏန်းများများကို ကစားနိုင်တဲ့သူက ကြိုက်ရာလုပ်တာပဲ။ ဒီတော့ အာဏာရအုပ်စုနဲ့ အတိုက်အခံအုပ်စုတွေက သူ့ဘက် ကိုယ့်ဘက်က အမတ်တွေ၊ ပါတီငယ်လေးတွေကို ငွေ၊ ရာထူး အခွင့်အရေးတွေနဲ့ အပြိုင်အဆိုင် ဖဲ့ထုတ်စည်းရုံးကြတာပဲ။ ထုံးစံအတိုင်း အာဏာရထားတဲ့ အုပ်စုကတော့ တပန်းသာတာပေါ့။ သို့သော် သူမှာလည်းအစိုးရ တည်ငြိမ်အောင် လုံးပမ်းနေရတာနဲ့ပဲ တခြား လုပ်ငန်းတွေကို လှည့်မကြည့်အားနိုင်တော့ဘူး၊ တိုင်းပြည်ဆုတ်ယုတ်တယ်၊ မတည်ငြိမ်ဘူး။
ကျုပ်တို့ဗမာကျောင်းသားတွေကို အိမ်ပေါ်ခေါ်တင် စောင့်ရှောင်ထားတဲ့ မစ္စတာဂျော့ဖာနန်ဒက် ဆိုတာ ဆမာတာ ( SMATA – သာတူညီမျှ ) ပါတီရဲ့ ခေါင်းဆောင်။ သူ့ရပ်တည်ချက်က ပါတီနာမည်အတိုင်း ဆိုရှယ်လစ်။ သူပါတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကဦးဆောင်ပါတီ ဟိန္နူအမျိုးသားရေး ဝါဒီ (BJP) နဲ့က ဝါဒအရ ပြဒါးတလမ်း သံတလမ်းပဲ။ ဒါပေမယ့် အစိုးရဖွဲ့ နိုင်ဖို့ သူတို့ပေါင်းကြတယ်။ သူ့ပါတီက (၅၄၇) နေရာရှိတဲ့ ပါလီမန်ထဲမှာ (၁၄) နေရာပဲရှိတာဘဲ။ ဒါပေမယ့် အစိုးရကက်ဘိနတ်ထဲမှာ နံပါတ် (၄) နေရာဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး နေရာကိုရတယ်။ ဆိုခဲ့တဲ့အတိုင်း ပါလီမန်ဒီမိုကရေစီဆိုတာက (Number Game) ဆိုတော့ လူပြည့် ဖို့အတွက် (၁၄) နေရာမျက်နှာနဲ့ လိုက်လျောရတာပဲ။ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကပါတီကလည်း သူ့လူနံပါတ် (၁) ဝန်ကြီးချုပ် ရာထူးရဖို့၊ အစိုးရဖွဲ့နိုင်ဖို့ဆိုတော့ အစွမ်းကုန်လိုက်လျောရတာပဲ။
ဒီမှာ နိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လူ (၅၄၇) ရှိတဲ့ ပါတီပါလီမန်မှာတောင် လူ (၁၄) ယောက်ပဲရှိတဲ့ လူတစု၊ ပါတီတခုက ဒီလောက် ချယ်လှယ်ကစားနိုင်ရင် လူ (၄၄ဝ) သာရှိတဲ့ လွှတ်တော်မှာ စစ်မိန့်အာဏာအောက်က စစ်ဓားပြအမတ် (၁၁ဝ) က ဘယ်လောက်ဗိုလ်ကျ လွှမ်းမိုးနေမလဲ။ တွေးတောင် မတွေးဝံ့စရာပါ။ ဒီတော့ ကျွန်ပွဲစားတွေ ပြောသလို ပေါင်းပြီးပြောင်းမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ အရှင်းကြီးပါ။ တွေးကြည့် စရာတောင် မလိုပါဘူး။ ကျွန်ပွဲစားတွေရဲ့ အသားလိုလို့ အရိုးတောင်း လူထုကိုရောင်းစားဖို့ ကြံတယ်ဆိုတာ ရှင်းပါတယ်။
နိဂုံးချုပ်အနေနဲ့ အားလုံးအတွက် လက်ဆောင် ဟိတောပဒေသ ထဲက ပုံပြင်လေးတခု ပြောချင်တယ်။ တခါမှာတော့ ဖားတကောင်ဟာ ရေအိုင်စပ်မှာ မလှုပ်မယှက်နေနေတဲ့ မြွေကြီးတကောင်ကို သွားတွေ့တယ်။ ထုံးစံအတိုင်း မြင်မြင်ချင်းတော့ ကြောက်တာပေါ့။ မြွေကြီးက မလှုပ်မယှက်ငြိမ်နေတော့ အဝေးကနေ တဖြည်းဖြည်းကပ်လာပြီး စပ်စုတယ်။ အသင်မြွေကြီး ဘာဖြစ်နေသလဲ။ ဒီတော့ မြွေကြီးက သူ့သားကို ကိုက်သတ်လိုက်လို့ ပုဏ္ဏားကြီးက ငါ့ကိုကျိန်စာတိုက်လိုက်တယ်။ ဆိုးလိုက်တဲ့ ငါကံနှယ် ဖားတွေရဲ့ စီးတာကို ခံရပါစေလို ကျိန်လိုက်တယ်။ ဒါနဲ့ အဲဒီဖားက သူတို့ရဲခေါင်းဆောင် ဖားဘုရင်ကြီးဆီကို ပြေးပြီးသတင်းပို့တယ်။ ဒီခေတ်နဲ့ ဆိုရင်တော ဖားဥက္ကဌ၊ ဖားသမတ၊ ဖားဝန်ကြီးချုပ်လို့ ဆိုရမှာပေါ့။ ဒါနဲ အဲဒီဖားခေါင်းဆောင် ဘုရင် ပြောပြော ဥက္ကဋ္ဌပြောပြော ပေါ့ မစူးမစမ်းဘဲ မြွေကြီးဆီကိုသွားပြီးတော့ စီးကြည်စမ်းမယ်ဆိုပြီး စီးတာပေါ့။ ဖားဘုရင်ကြီးလည်း အတော်သဘောကျသွားတယ်။ နှစ်ရက် သုံးရက်လောက်နေတော မြွေကြီးက သိပ်မသွား နိုင်တော့ဘူး။ ဘာဖြစ်သလဲပေါ့။ မြွေကြီးက အစာမစားရလို ပါလို့ဖြေတယ်။ ဒါနဲ ဖားဘုရင်ကြီးကလည်း သူနောက်လိုက် ဖားတွေကို အလှည့်ကျအစားခံစေလို့ အမိန့်ချလိုက်တယ်။ နောက်ဆုံးလည်းကျရော ဖားတွေကုန်သွားလို မြွေကြီးက ဖားဘုရင်ကြီးကိုစားပြီး ရေအိုင်က ခွါသွားတယ်။ အဓိပ္ပါယ်ကတော့ မြွေဆိုတာ မြွေပါဘဲ၊ ဖားဆိုရင်စားမှာဘဲ။ အဲဒီလိုဘဲ စစ်အာဏာရှင်ဆိုတာက စစ်အာဏာရှင်ဘဲ။ စိတ်ကူးယဉ်ရင် ဖားဘုရင်လို ဖြစ်သွားမယ်။
သိကြတဲ့ အတိုင်းပါပဲ။
နဝတ/နအဖ စစ်အုပ်စုက ၂ဝ၁ဝ ရွေးကောက်ပွဲ မျက်လှည့်ပွဲကြီးကိုလုပ်ဖို့ တာစူကာပဲ ရှိပါသေးတယ်။ သို့သော် ကျုပ်တို့ အညာအလှူက ခွေးတွေ၊ ကလေးတွေလို ဘင်ကြီးကို ဝင်ထုသူကထု၊ မီးရှုးမီးပန်း ဖောက်သူကဖောက်နဲ့ ကျုပ်တို့ ဝန်းကျင်မှာတော့ အတော့်ကို ရွစိညံနေကြပါပြီ။ တချို့ကလည်း ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုအရခဲဖို့ ဟန်ပြင်နေကြရဲ့။ ပတ်ဝန်းကျင်ကိုလည်း မှိုတက်သဘောတရားတွေ၊ ဂျိုကျိုးနားရွက်ပဲ့ အတွေးအခေါ်တွေနဲ့ မှိုင်းတိုက် အဆိပ်လူးပြီး သူခိုးသေပေါက် ညှိနေကြပြီ။ အတွေးမှားပြီး လမ်းရွေးမှားလို့ကတော့ ကျွန်ပွဲစားကြီး တွေနဲ့အတူ သမိုင်းအမှိုက်ပုံရဲ့ အောက်ဆုံးကိုရောက်ရမှာ မလွဲဧကန်ဘဲ။
အချိန်ကား နေဝင်ရီတရော၊ ညီအစ်ကို မသိတသိ၊ သူ့လူကိုယ့်လူ မကွဲပြား။ အခါကတော့ ပွဲလန့်နေပြီ။ အချောင်သမားတသိုက်ကလည်း သူ့အစု ကိုယ့်အစုကလေးတွေဖွဲ့၊ ဖျာလိပ်ကလေးတွေ ခေါင်းမှာရွက်လို့ အလစ်မှာ နေရာခင်းဖို့ ဟန်ပြင်နေကြပြီ။

ကဲ ရဲဘော်တို့ -
သတိသာ ထားကြပေတော့၊ ကျွန်ပွဲစားတွေ လာချေပြီ။
ရဲဘော် ကျော်သန်း
၃ဝ၊ ၉၊ ၂ဝဝ၉
အီးမေးမှ ရရှိပါသည်။

ဆောင်းပါး
၂ဝ၁ဝ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင် စီစဉ်ခြင်းနှင့် ပတ်သက်၍ JAC-Japan မှ ထုတ်ပြန်ကြေညာချက်
Joint Action Committee of Burmese Community in Japan
၂ဝ၁ဝ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင် စီစဉ်ခြင်းနှင့် ပတ်သက်၍ JAC-Japan မှ ထုတ်ပြန်ကြေညာချက်
ရက်စွဲ - ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်
တိုကျို၊ ဂျပန်
တိုကျို၊ ဂျပန်
မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင် စီစဉ်နေခြင်းများအပေါ် လူထုအကျိုးပြု ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသဖြင့် JAC-Japan မှ ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
နအဖ စစ်ခေါင်းဆောင်တို့က ၎င်းတို့အာဏာတည်မြဲရေးအတွက် ၎င်းတို့ပင် စိတ်ကြိုက်ရေးဆွဲ၍ ၂ဝဝ၈ ခုနှစ် မေလတွင် လူထုဆန္ဒကို မတရားရယူကာ အတည်ပြုခဲ့သော နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေသည်။ ယင်းမှာ လူထုအကျိုးစီးပွားအတွက် ရည်ရွယ်ခြင်း မရှိသကဲ့သို့ ဒီမိုကရေစီ စံနှုန်းများနှင့်လည်း လုံးဝကိုက်ညီခြင်း မရှိပါ။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းအုပ်စုသည် (ထိုစဉ်က နဝတ အမည်ဖြင့်) ပါတီစုံ ဒီမိုကရေစီစနစ်တရပ် ထူထောင်ရန် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း အဆိုပါ ရွေးကောက်ပွဲတွင် မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပြည်သူ့လွှတ်တော် ခေါ်ယူခွင့်ပြုခြင်း၊ တရားဝင် အာဏာလွှဲပြောင်းခြင်းများ မရှိခဲ့ပါ။ နဝတ-နအဖဟု အမည်ပြောင်းလဲကာ အုပ်ချုပ်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ ပါတီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ မင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီ ရရှိရေး တက်ကြွလှုပ်ရှားသူများအား ၁၉၈၈ ခုနှစ် အာဏာသိမ်းသည်မှစ၍ ယနေ့တိုင် ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီး နှိပ်စက် အကျဉ်းချထားခြင်း၊ လူ့အခွင့်အရေးများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှု များကို ပိတ်ပင် ဖြိုခွဲခြင်းများ ပြုလုပ်လျက် ရှိသည်။
လူထုအကျိုးအတွက် ကိုယ်စားပြု ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးလိုအပ်ချက် ဖြစ်သည်။ သို့သော် နအဖ စစ်ဗိုလ်ချုပ်ကြီးတို့သည် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တာဝန်အား လစ်လျူရှုနေရုံမက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးပမ်းနေသူတို့အား ဖမ်းဆီး နှိပ်ကွပ်နေပြန်သဖြင့် မြန်မာ့ နိုင်ငံရေး ပြဿနာများမှာ ပိုမို၍သာ ဆိုးဝါးလာနေခဲ့သည်။ နိုင်ငံရေးပြဿနာများနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ တရားမျှတရေး အစရှိသည့် လူထုရေးရာကဏ္ဍ အဘက်ဘက်တွင်လည်း နိုင်ငံတကာ၌ အောက်ဆုံးအဆင့်သို့ ထိုးဆင်းနေခဲ့ရသည်။
လူထုအကျိုးစီးပွားကို လစ်လျူရှုလျက် အာဏာပိုင်စိုးထားသော နအဖတို့က စီစဉ်သည့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဖြင့် အထက်ဖော်ပြပါ အဘက်ဘက်မှ ကြုံတွေ့နေရသော ပြဿနာများကို လူထုအလိုကျ ဖြေရှင်း ပေးနိုင်မည် မဟုတ်ပေ။
ဤအချက်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဝင်မည့်သူများ အထူးသဖြင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် စစ်အာဏာရှင် နအဖတို့အကြား ရပ်တည်နေကြသော ကြားနေအဖွဲ့များ (ဝါ) တတိယအင်အားစု-အုပ်စုဟု ကင်ပွန်းတပ် ခေါ်ဝေါ်နေကြသူတို့က သတိပြုရန် လိုအပ်သည်။ လူထုဆန္ဒဖြင့် အတည်ပြုထားသည်ဆိုသော ၂ဝဝ၈ ခုနှစ် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအား ဒီမိုကရေစီ စံနှုန်းများ ပါရှိနေအောင် ပြန်လည် မပြင်ဆင်နိုင်လျှင်၊ မတရား ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေး အကျဉ်းသမားများ ချွင်းချက်မရှိ ပြန်လည် လွတ်မြောက်ခြင်း မရှိလျှင် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်၊ အားပေး ထောက်ခံခြင်း မပြုရန်နှင့် ဆန့်ကျင်ကန့်ကွက်ကြရန် လိုအပ်သည်။ ထိုသို့မဟုတ်ပဲ နအဖ အလိုကျ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်မည် ဆိုသော် အနာဂတ် မြန်မာ့နိုင်ငံရေး၌ ဆိုးကျိုးများ ဖြစ်လာခြင်းအတွက် နအဖတို့ကဲ့သို့ပင် တာဝန်ယူရလိမ့်မည်ဟု အသိပေး ကြေညာအပ်သည်။

ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ လိုလားသည့် မြန်မာနိုင်ငံသားများ
ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ဂျပန်)
ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ဂျပန်)
JAC-Japan
1. Arakan League for Democracy ALD (Exile-JP)
2. Burma Democratic Action Group (BDA Group)
3. Chin National Community (CNC-JP)
4. Democratic Federation of Burma (DFB)
5. Federation of Workers’ Union of the Burmese Citizen in Japan (FWUBC)
6. Kachin National Organization, Japan (KNO-JP)
7. Kachin State National Congress for Democracy (Liberated Area-Japan Branch) KNCD (LA-JP)
8. Karen National League (KNL-JP)
9. Karen National Union-Japan (KNU-J)
10. League for Democracy in Burma (LDB)
11. Naga National Society (NNS)
12. National Democratic Front (Burma) (NDF-B) Representative for Japan
13. Palaun National Society (PNS)
14. Punnyagari Mon National Society (PMNS)
15. Shan Nationalities for Democracy-Japan (SND- JP)
16. Shan State Nationalities for Democracy-Japan (SSND- JP)
17. Confederation of National Youth for Burma (Japan Branch) (CNYB-JB)
18. Save Burma
19. Peaceful Burma
Labels:
ထုတ်ပြန်ကြေငြာချက်
Subscribe to:
Posts (Atom)