Friday, April 24, 2009

ရောင်စုံထိုင်းနိုင်ငံရေး


(သုံးသပ်ချက်)
၂၁ ဧပြီ ၂၀၀၉

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အနီဝတ်များ၏ ပြီးခဲ့သည့် သင်္ကြန်ကာလ ဘန်ကောက်မြို့လယ် အကြမ်းဖက် ဆန္ဒပြမှုကို ၀န်ကြီးချုပ် အာဘီဆစ်က စစ်တပ်ဖြင့် ရှင်းလိုက်နိုင် သည်။ သို့သော် နိုင်ငံရေး တိုက်ပွဲက အပြီးမသတ်။ မြေအောက် နိုင်ငံရေး လှုပ်ရှားမှု များကို ဆက်လက်လုပ်ကိုင်သွားမည်ဟု တိမ်းရှောင်နေသူ အနီဝတ် ခေါင်းဆောင် တဦးဖြစ်သည့် ဂျာကရာပေါ့က စထရိတ်တိုင်း သတင်းစာ သို့ မကြာခင်က ပြောသည်။

ထို့အတူ အာဘီဆစ်နှင့် ထိုင်းစစ်တပ်ကြား ယုံကြည်မှုမှာလည်း ပတ္တယားမြို့ အာဆီယံ ထိပ်သီးစည်းဝေးပွဲပြီးကတည်းက ကွာဟသွား သည်။ စစ်တပ်နှင့်ရဲ ထိပ်ပိုင်းခေါင်းဆောင်တွေကို အပြောင်းအလဲ မလုပ်သေးဟု အာဘီဆစ်က ကတိပေးထား၏။ သို့သော် ဘန်ကောက် အရေးပေါ်အမိန့်ကို မရုပ်သိမ်းနိုင်သည်မှာ စစ်တပ်နှင့်ရဲကို အပြည့်အ၀ မယုံကြည်ခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းမီဒီယာအချို့က ယူဆသည်။

ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးလျော့ရဲမှု

ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးအတွက် အစီအစဉ်ကို ဒု-၀န်ကြီးချုပ် ဆူထက်က တာဝန်ယူခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် စစ်တပ်နှင့်ရဲ (၅,၀၀၀) ၀န်းကျင်ချထား သည့်အတွက် ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးမှာ အနီဝတ်ဆန္ဒပြသူတွေကို ထိန်းထားနိုင်သည့် အနေအထားမှာရှိသည်။ ထို့ကြောင့် ပတ္တယားလုံခြုံရေးကို အပြည့်အ၀မယုံဖို့ ဆရာသမား ချွမ်လိပိုင်က သတိပေးသည့်တိုင် အာဘီဆစ်က ဆူထက် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မည်ဟု ယူဆခဲ့သည်။

ပတ္တယားမှာ ဆန္ဒပြသည့် အနီဝတ်တွေ ထိုင်းလုံခြုံရေးကို ဖောက်ထွက်ပြီး အာဆီယံစည်းဝေးခန်းမကို ၀င်စီးတော့မှ မိမိကိုယ် ပစ်မှတ်ထားပြီဟု အာဘီဆစ် ရိပ်စားမိကြောင်း ဆောင်းပါးရှင် ထနုန်ခမ်းထောင်က The Nation သတင်းစာမှာ ထောက်ပြသည်။

အာဆီယံခေါင်းဆောင်တွေကို လိုက်ပို့ပြီးမကြာခင် အာဘီဆစ် ဘန်ကောက်သို့ ရဟတ်ယာဉ်ဖြင့် သုတ်ခြေတင် ပြန်လာသည်။ တပ်ထဲမှ အာဏာသိမ်းလိုသူအုပ်စုနှင့် အနီဝတ်ဆန္ဒပြသူတွေ ဟန်ချက်ညီ စည်းဝါးကိုက်ပြီး အာဘီဆစ်ကို ပထုတ်မည့်အစီအစဉ်ကြောင့် အာဘီဆစ် အာဏာလက်လွှတ်ရမည့်ကိန်းဖြစ်ခဲ့သည်ဟု ထနုန်ခမ်းထောင်က ထောက်ပြသည်။ ထိုအတောအတွင်း စစ်တပ်က သေနတ်စပစ်တာနဲ့ ထိုင်းပြန်လာပြီး လူထုတော်လှန်ရေးကြီးကို ခေါင်းဆောင်မည်ဟု တပ်ဆင်ကလည်း ဗီဒီယိုမှတဆင့် ကြိမ်းထားသည်။

နယ်တပ်တွေ ဘန်ကောက်ခေါ်ပြီ

အာဘီဆစ်သည် အရေးပေါ်အမိန့်ထုတ်ပြန်ပြီးသည်နှင့် လုပ်ပိုင်ခွင့်ကို စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာနုပေါင်လက် မလွှဲတော့ဘဲ သူကိုယ်တိုင် စီမံကွပ်ကဲ အမိန့်ပေးတော့သည်။ စိတ်ချရသည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးအချို့ကို အာဘီဆစ်က ခေါ်ပြီး တိုင်ပင်သည်။ ဗိုလ်ချုပ်ကြီး အာနုပေါင်၏ စစ်တပ်ကို သုံးမည့်အစား လော့ဘူရီ၊ ကန်ချနဘူရီနှင့် နခွန်ရချာ့ဆီမာပြည်နယ်တွေမှ စိတ်ချရသည့် တပ်တွေကို ဘန်ကောက်ကို လျှို့ဝှက်လာဖို့ အာဘီဆစ်က အမိန့်ပေး လိုက် သည်။ ဗိုလ်ချုပ်ကြီး အာနုပေါင်ပင် မသိလိုက်ဟု ဆို၏။

ထနုန်ခမ်းထောင်၏ ထောက်ပြချက်အရဆိုလျှင် ထိုအချိန်က ဆန္ဒပြ အနီဝတ်တွေက ဘန်ကောက်၏ အရေးကြီး လမ်းဆုံ (၁၅) နေရာကို နေရာယူထားသည်။ ထိုဆန္ဒပြအုပ်စုကို ပြည်ပရောက် တပ်ဆင်နှင့် ပြည်တွင်းမှာ အာဏာသိမ်းလိုသည့် အုပ်စုက ထိန်းထားသည်။ ဆန္ဒပြသူတွေကြောင့် မတည်မငြိမ်ဖြစ်ပြီဆိုလျှင် စစ်တပ်ဝင်ရမည်။ စစ်တပ်ဝင်လျှင် သွေးထွက်သံယိုဖြစ်မည်။ သွေးထွက်သံယိုဖြစ်လျှင် အာဏာသိမ်းဖို့ အခြေအနေပေးပြီဟု တွက်ခဲ့သော်လည်း နောက်ဆုံး တွက်ရေးနှင့် စက်သူဌေးမကိုက်ဖြစ်ခဲ့သည်။ ပြည်နယ် သုံးခုမှ ၀န်ကြီးချုပ် အာဘီဆစ်ခေါ်လိုက်သည့် တပ်တွေက ဘန်ကောက်အကြမ်းဖက်မှုတွေကို နိုင်နိုင်နင်းနင်း ထိန်းလိုက်နိုင်သည်။

မီးပုံကြားမှ ဘန်ကောက်

သင်္ကြန်ကာလ အကြိုနေ့နှင့် အကြတ်နေ့ ဘန်ကောက်မြို့မှာ လမ်းဆုံလမ်းခွ နေရာတိုင်းလိုလို မီးဟုန်းဟုန်း တောက်နေသည်။ အနီဝတ်ဆန္ဒပြသူများ မီးရှို့ထားသည့် ဘတ်စ်ကားများ ကားတာယာ များ၊ လမ်းတားများကြောင့် စစ်မြေပြင်လို ဖြစ်နေသည်။ မီးလောင်နေ သည်ကို ရပ်ကွက်ခံတွေက ငြိမ်းသတ်ဖို့လုပ်သည်ကို အနီဝတ်တွေက လက်မခံ။ ထိုကြောင့် နေရာအတော်များများ ရပ်ကွက်ခံတွေနှင့် အနီဝတ်တွေ တဖက်နှင့်တဖက် ခဲများ၊ တုတ်များနှင့် ပစ်ပေါက်နေ ကြသည်။ ဈေးဆိုင်တွေ ကုန်တိုက်တွေ ပိတ်ကုန်သည်။ စည်ကားလှ သည့် ဘန်ကောက်မြို့ကြီးမှာ မီးခိုးလုံးတွေနှင့် ပြည့်နေသည်။

ယင်းသို့ ဘန်ကောက်နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဧပြီလ (၈) ရက်နေ့မှာ လူထုတော်လှန်ရေးဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်သူ မှာ အသက် (၄၂) နှစ်ရှိ အနီဝတ်ဆန္ဒပြခေါင်းဆောင် ဂျကရာပေါ့ဖြစ်သည်ဟု Asia Times အွန်လိုင်းမှာ ဆောင်းပါးရှင် ရှောင်ခရစ်စ်ပင်းက ထောက်ပြသည်။ ဂျကရာပေါ့သည် အမေရိကန်မှာ ပညာသင်ခဲ့သူဖြစ်ပြီး တပ်ဆင်လက်ထက်က အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြီးခဲ့သည့် အရေးအခင်းမှာ တပ်ဆင်ကို ဘုရင့်အတိုင်ပင်ခံကောင်စီဝင်အချို့အား ဝေဖန်တိုက်ခိုက်ရန် ဂျကရာပေါ့က ကြိုးကိုင်ခဲ့သည်ဟု ရှောင်ခရစ်စ်ပင်းက ဆက်လက် ဝေဖန်ထားသည်။

မည်သူမျှနိုင်သည့် ပွဲမဟုတ်

မည်သို့ပင်ဆိုစေ ဘန်ကောက်သင်္ကြန်အရေးအခင်းမှာ အနီဝတ်ဆန္ဒပြသူတွေ မနိုင်သကဲ့သို့ ၀န်ကြီးချုပ် အာဘီဆစ် လည်း မနိုင်ခဲ့ဟု ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်က ယူဆသည်။ ထိုင်းနိုင်ငံရေးမှာ အနီနှင့် အ၀ါ နှစ်ခြမ်း ကွဲသွားသည့် ကိစ္စမှာ ဆင်းရဲသားနှင့် လူချမ်းသာကြားပြဿနာ၊ ကျေးလက်နှင့် မြို့ပြကြားပြဿနာ သက်သက်မျှ မဟုတ်။ ထို့ထက် နက်နည်းသည်ဟု ဂျွန်နသန်ဟက်က သုံးသပ်သည်။

သို့သော် ထိုင်းနိုင်ငံရေးပြဿနာမှာ ဂျွန်နသန်ဟက်ပြောသကဲ့သို့ အနီအ၀ါသက်သက် အကွဲအပြဲကို ကြည့်ရုံဖြင့် အပြည့်အစုံ မမြင်နိုင်။ နောက်ကွယ်မှာ အာဏာလွန်ဆွဲနေသူတွေရှိနေသည်ဟု ဆောင်းပါးရှင် ဆူပါလက် ဂျနတ်ခွန်ဒီးက ဧပြီ (၂၁) ရက်ထုတ် The Nation သတင်းစာမှာ ထောက်ပြသည်။

ရောင်စုံနိုင်ငံရေး

အနီအ၀ါဇာတ်လမ်းအစကိုကြည့်လျှင် တပ်ဆင်နှင့် အပေါင်းအပါတွေ ဖြုတ်ချဖို့အတွက် ပီအေဒီအဖွဲ့သည် တချိန်က အ၀ါရောင်ဝတ်ပြီး လမ်းပေါ်စထွက်ခဲ့သည်။ တပ်ဆင်သည် ဘုရင့်အပေါ် သစ္စာမရှိဆိုသည့် အမြင်ကို ဘုရင့်အတိုင်ပင်ခံတွေ ယူဆလာအောင် ဆော်သြခဲ့သည်ဟု ဆူပါလက်က ပြောသည်။ မကြာခင် စစ်တပ်က ပီအေဒီဘက်လိုက်ပြီး ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းပြီး တပ်ဆင်ကို ဖြုတ်ခဲ့သည်။ အာဏာသိမ်းပြီးမကြာခင် တပ်ဆင်ထောက်ခံသူအချို့နှင့် နိုင်ငံရေးလှုပ်ရှားသူတွေ အနီဝတ်ပြီး စစ်အစိုးရကို ဆန္ဒပြခဲ့သည်။ ဘုရင့် အတိုင်ပင် ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်အား အာဏာသိမ်းမှုကို ကြိုးကိုင်သူအဖြစ် တိုက်ခိုက်ပြောဆို ခဲ့သည်။

အ၀ါဝတ်အဖွဲ့၏ နိုင်ငံရေးဦးတည်ချက်ကို ပြန်ကြည့်လျှင် အနောက်တိုင်း ဒီမိုကရေစီစနစ်ကြောင့် ထိုင်းအစိုးရ အဆက်ဆက် အဂတိလိုက်စားမှုများလွန်းသည်။ ထို့ကြောင့် အနာဂတ်ပါလီမန် လွှတ်တော်ကိုယ်စားလှယ် ဦးရေ၏ (၃၀) ရာနှုန်းကိုသာ အရွေးကောက်ခံများကို ပေးပြီး ကျန် (၇၀) ရာနှုန်းကို ခေါင်းခေါက်ခန့်သည့် ကိုယ်စားလှယ် များနှင့်ဖွဲ့ရမည့် နိုင်ငံရေးသစ်ကို တောင်းဆို၏။ အနီဝတ်များကမူ ရွေးကောက်ခံ ကိုယ်စားလှယ် များဖြင့် အုပ်ချုပ် သည့် ဒီမိုကရေစီကို လိုလား၏။ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် အနီဝတ်က အနိုင်ရပြီး ပီအေဒီ နှင့် ဒီမိုကရက်ပါတီ အရေးနိမ့်၏။ ဤတွင် အ၀ါဝတ်တွေ လမ်းပေါ်ထွက်ပြီး တပ်ဆင် ကျောထောက်နောက်ခံ ပေးထားသည့် စမတ်အစိုးရနှင့် ဆွန်ချိုင်းအစိုးရကို ဖြုတ်ချခဲ့သည်။

မကြာခင် တချိန်က တပ်ဆင်ကို ထောက်ခံခဲ့သူ နိုင်ငံရေးသမား နေ၀င်းချစ်ချော့က သူကိုင်ထားသည့် အမတ် (၂၈) ဦးကို ဒီမိုကရက်ပါတီအာဏာရအောင် ခြံခုန်ပြီးနောက်ပိုင်း အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် နေ၀င်းချစ်ချော့ကို အာဏာရ ဒီမိုကရက်ပါတီဘက် ဘယ်လိုပါလာကြောင်း အာဘီဆစ်ရှင်းမပြနိုင် သရွေ့ ၎င်း၏ အစိုးရကို ဒီမိုကရေစီအစိုးရဟု မပြောနိုင်ဟု ဆူပါလက်က ယူဆသည်။

ပတ္တယား အာဆီယံအစည်းအဝေးကို အနီဝတ်တွေ ဆန္ဒပြချိန်တွင် နေ၀င်းချစ်ချော့က သူ့ထောက်ခံသူ အပြာ ၀တ်တွေ ပွဲထုတ်ပြီးနောက် အခြေအနေ ပိုရှုပ်ထွေးသွားပြန်သည်။ ဆန္ဒပြအရေးအခင်း ထိန်းမနိုင်ဖြစ်ပြီး ၀န်ကြီးချုပ် အာဘီဆစ်က ကြားဖြတ်ရွေးကောက်ပွဲ အရေးပေါ်ခေါ်ရမည်ဆိုလျှင် ဒီမိုကရက်ပါတီမှာ အရေးအခင်းကြောင့် သေချာပေါက် အပြစ်တင်ခံရမှာဖြစ်သည့်အတွက် နေ၀င်းချစ်ချော့ထောင်ထားသည့် ဘွန်ကျိုင်ထိုင်းပါတီက အမြတ်ထွက်သွားနိုင်သည်ဟု ထောက်ပြသည်။

ပီအေဒီကလည်း လနှင့်ချီသည့် အ၀ါဆန္ဒပြပွဲကြောင့် အာဘီဆစ်အစိုးရဖွဲ့နိုင်သဖြင့် အာဘီဆစ်အစိုးရအပေါ် သြဇာလွှမ်းဖို့ ကြိုးစား၏။ နောက်ဆုံး ပီအေဒီခေါင်းဆောင် ဆွန်ထိ သေနတ်ပစ်ခံရပြီး မကြာခင် စစ်တပ်အကြီး အကဲ ရဲချုပ်နှင့် ဒု-၀န်ကြီးချုပ် ဆူထက်ကိုပါ ရာထူးကဖယ်ရှားပေးဖို့ အာဘီဆစ်အစိုးရကို တောင်းဆိုသည်။

စစ်တပ်ကလည်း ထိုင်းနိုင်ငံရေးဂိုဏ်းဂဏတွေကြား အရေးပါသည့် အခန်းကို ယူထားပြန်သည်။ လက်နက်ကိုင် ထားသည့်အဖွဲ့ ဖြစ်သည့်အတွက် အဖြေရှာပေးရေးထက် ပြဿနာဖန်တီးနိုင်သည်။ စစ်တပ်ကို နိုင်အောင် မကိုင်နိုင် လျှင် အာဘီဆစ်ကို စစ်တပ်က အာဏာသိမ်းနိုင်သည်ဟု ဆူပါလက်က ယူဆသည်။ သို့သော် စစ်တပ် က အာဘီဆစ်ကို အာဏာသိမ်းဖို့ကြိုးပမ်းလျှင် တိုင်းပြည်လည်း ငါးပါးမှောက်မည်၊ စစ်တပ်လည်း ကြမ္မာငင် မည်ဟု ဆောင်းပါးရှင် ဆူပွန်အန်ဂါရာက ထောက်ပြသည်။

အာဘီဆစ်ကိုကြည့်လျှင်လည်း အရေးအခင်းကိုင်တွယ်မှုကြောင့် နိုင်ငံတကာမှာ သိက္ခာတက်သွားသော်လည်း ပြည်တွင်းမှာ အရေးပေါ်အမိန့်ကို မရုပ်သိမ်းရဲ ဖြစ်နေသည်။

No comments:

Post a Comment