Thursday, April 29, 2010

လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု ဆိုင်ရာ အငြင်းပွားမှုများ

နိဒါန်း

နိုင်ငံရေးအကြမ်းဖက်မှုလေ့လာရေး သုတေသနလောကမှာ ကနဦးအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ စိတ်ထဲကို မြင်အောင်ကြည့်ပြီး၊ ဒီလို အကြမ်းဖက်မှုတွေ ကျူးလွန်လာရခြင်းရဲ့ အခြေခံ လှုံ့ဆော်မှုတွေကို ထိန်းချုပ်နိုင်မှသာ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ်လို့ အဆိုရှိကြပါတယ်။ စိတ်ပညာရှင်တဦးဖြစ်တဲ့ Kicklighter က အကြမ်းဖက်မှုဆိုတာကို လူအများက လက်မခံပေမယ့် အကြမ်းဖက်သမားတွေနဲ့ သူတို့အပေါ် ထောက်ခံသူတွေရဲ့ စိတ်ထဲမှာတော့ ကောင်းမွန်တယ်လို့ ယူဆထားချက်တွေ ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယူဆထားချက်တွေဟာ မှားယွင်းနေတယ်ဆိုတာကို အသိပညာပေးမှုတွေ မလုပ်နိုင်မချင်း အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ သူ့အဆိုကို လက်ခံပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားလာစေခြင်း၊ ထောက်ခံအားပေးလာစေခြင်းတွေကို လှုံ့ဆော်ပေးတဲ့ ယူဆချက်တွေကို ပညာရှင်အများအပြားက ထပ်မံလေ့လာခဲ့ကြပါတယ်။

နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များစွာကို လေ့လာကြည့်ကြရာမှာ တွေ့ရှိခဲ့တဲ့ အချက်တွေကတော့ အကြမ်းဖက်မှုတွေဟာ နိုင်ငံရေး အတွေးအခေါ် အစွန်းရောက်မှု၊ ဘာသာရေးယုံကြည်ချက် အစွန်းရောက်မှုနဲ့ နိုင်ငံရေးအရ ထွက်ပေါက်ပိတ်မှုတွေကြောင့် ဖြစ်ပေါ်လာရခြင်း ဆိုတာပါပဲ။ ဒီလိုအကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေထဲမှာ နိုင်ငံတော်အစိုးရတွေဖြစ်တဲ့ state-actors တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ Non-state actors တွေပါ ပါဝင်နေကြပါတယ်။ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်းမရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာ အစိုးရကိုယ်တိုင်က နိုင်ငံတော်အကြမ်းဖက်မှု (State Terrorism) ကို ကျူးလွန်တတ်မှုတွေ ရှိသလို၊ နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့ နိုင်ငံတွေမှာ တော်လှန်ရေး အဖွဲ့အစည်းတွေက လက်နက်ကိုင်တော်လှန်ရေး စည်းဘောင်ကို ကျော်လွန်ပြီး အကြမ်းဖက် လုပ်ရပ်တွေဆီကို ဦးတည်သွားတတ်တာမျိုးတွေလဲ ရှိပါတယ်။ ပြည်တွင်းရေး ပဋိပက္ခကနေ ဘောင်ကျော်ပြီး နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်မှု ခံလာရစေရေးအတွက် ကျူးလွန်တဲ့ Media Terrorism ဆိုတဲ့ အမျိုးအစားကလဲ ရှိပါသေးတယ်။

၁၉၆၈ ခုနှစ်တုန်းက E1 A1 လေကြောင်းလိုင်းတွေကို ပါလက်စတိုင်း တော်လှန်ရေးသမားတွေက ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပါလက်စတိုင်း တော်လှန်ရေးသမားတွေဘက်က ကြည့်ရင် နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်ခံရအောင်ပြုလုပ်တဲ့ နည်းလမ်းတခု ဖြစ်ပေမယ့် ဒီလိုပြန်ပေးဆွဲမှုတွေမှာ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရမှုတွေ ပါဝင်လာတဲ့အတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းက တော်လှန်ရေးသမားတွေအနေနဲ့ အသိအမှတ် မပြု ခဲ့ပဲ အကြမ်းဖက်သမားတွေအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေထဲမှာ ဘာသာရေးအစွန်းရောက်မှု၊ နိုင်ငံရေးအတွေးအခေါ် အစွန်းရောက်မှုတွေ ကနေ ထွက်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေလဲ အများအပြား ရှိပါသေးတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို နိုင်ငံတော်အစိုးရတွေကိုယ်တိုင်က နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ state-sponsored terrorism အမျိုးအစားတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့တာနဲ့ လူအများ သေကြေပျက်စီးရုံမက လူတွေအကြားမှာ အကြောက်တရားပျံ့ပွားလာတာတွေ ဖြစ်လေ့ရှိပါတယ်။ အကြမ်းဖက်မှုကို ထောက်ခံအားပေးသူတွေနဲ့ ဆန့်ကျင်သူတွေအကြား နိုင်ငံရေး လိုအပ်ချက် ဆိုတာပေါ် အခြေခံတဲ့ အငြင်းပွားမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

လူတယောက်တည်းမှာတင် အသက် သုံးနှစ်အရွယ် ကလေးတယောက်ရဲ့ မီးဆိုတာ ပူတယ်၊ မကိုင်ရဘူး ဆိုတဲ့ အသိနဲ့ အသက် သုံးဆယ်အရွယ် လူတယောက်ရဲ့ မီးဆိုတာ ဘယ်လို အသုံးချရမယ်၊ မီးဘေးအန္တရာယ် မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်၊ မီးဘေးသင့်လာရင် ဘယ်လို စီမံဆောင်ရွက်ရမယ် ဆိုတဲ့ အသိတရားတွေ မတူပါဘူး။ ဒီတော့ အတွေးအခေါ်ရေချိန်၊ အယူအဆရေချိန်၊ ပညာအရည်အချင်းရေချိန်၊ အလုပ်အကိုင် နဲ့ တာဝန်ယူမှု ရေချိန်၊ ဘ၀ဖြတ်သန်းမှု ရေချိန်တွေမှာ အမျိုးမျိုး ကွဲပြားခြားနားနေတဲ့ လူတွေအတွင်းမှာ အငြင်းပွားမှုတွေ ဖြစ်တတ်ကြတာ ထုံးစံတခုပါပဲ။ အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး ပါလီမန်တွေ၊ တက္ကသိုလ်ကျောင်းတွေကနေ လမ်းဘေး အရပ်သားစကားဝိုင်းတွေအထိ အငြင်းပွားမှုတွေ ရှိတတ်ပါတယ်။

အငြင်းပွားမှုများ

အငြင်းပွားမှုတွေထဲမှာ လက်နက်ကိုင်တော်လှန်ရေး (Armed Struggles) ဆိုတာနဲ့ အကြမ်းဖက်မှု (Terrorism) ကို ကွဲကွဲပြားပြား နားမလည်သူတွေက ဒီနှစ်ခုကို ရောထွေးပြီး ငြင်းခုန်လေ့ရှိပါတယ်။ ဒီလိုရောထွေးပြောဆိုမှုတွေဟာ တော်လှန်ရေးတရပ်ရဲ့ လူထုစည်းရုံးရေး လုပ်ငန်းစဉ်ကို သွေဖည်ရာ ရောက်သလို လူထုထောက်ခံမှု စွမ်းအား ကျဆင်းလာအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ကမ္ဘာတ၀ှမ်းလုံးက ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုတွေကို ရှုမြင်ပုံတွေ လုံးဝ မတူညီပါဘူး။

လက်နက်ကိုင်တော်လှန်ရေးဆိုတာကို မြို့ပြပျောက်ကျားစစ်အနေနဲ့ ဆင်နွှဲတာပဲ ဖြစ်ဖြစ်၊ ကျေးရွာအခြေခံပြီး မြို့ကို သိမ်းတာပဲ ဖြစ်ဖြစ် ဘယ်လိုပုံသဏ္ဍာန်နဲ့ ဆင်နွှဲသည်ဖြစ်စေ တရားသော တော်လှန်ရေးဖြစ်ရင် လူထုက ထောက်ခံပါတယ်။ နိုင်ငံတကာကလဲ ထောက်ခံပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုဆိုတာကိုတော့ ပြည်သူလူုထုက မထောက်ခံပါဘူး။ နိုင်ငံတကာကလဲ မထောက်ခံပါဘူး။ ဒီလိုအခြေအနေတွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်မဟာမိတ် အဖွဲ့ အစည်းတွေ အနေနဲ့ သေသေချာချာ သဘောပေါက် နားလည်ဖို့ လိုပါတယ်။

လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုအကြားမှာ ခြားထားတဲ့ စည်းဘောင်ဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ ချီတက်လာတဲ့ စစ်ကြောင်းတခုကို မိုင်းဆွဲတိုက်ခိုက်မှု၊ မြို့ပြမှာ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံကို ဗုံးခွဲမှုဆိုရင် ဒါဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပြည်သူလူထုအကြားမှာ ပစ်မှတ်ကို တိုက်ခိုက်မှုဆိုတာကျတော့ indiscriminate killings ဖြစ်သွားပါတယ်။ ဒါကို အမှန်တရားပါလို့ ဘယ်လိုပဲ Justification လုပ်လုပ် အကြမ်းဖက်မှုဖြစ်သွားပါတယ်။ တော်လှန်ရေးတခုရဲ့ စည်းဘောင်ကို ကျော်သွားပြီး တော်လှန်ရေးသမားတယောက် ထားရှိရမယ့် ကျင့်ဝတ်ကို ချိုးဖောက်လိုက်တာနဲ့ အကြမ်းဖက်သမား တယောက်ဖြစ်သွားပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို တော်လှန်ရေး အသိုင်းအ၀ိုင်းကလဲ ပြတ်ပြတ် သားသား ဆန့်ကျင်ကန့်ကွက်ကြရမှာဖြစ်ပါတယ်။

Justification လိုက်လုပ်ပေးရင် လုပ်သူတွေကို အကြမ်းဖက်မှုကို ထောက်ခံအားပေးသူတွေ ဖြစ်သွားပါတယ်။ ဒီထက် ပိုဆိုးတာက တော်လှန်ရေးလှေကို ပင်လယ်ပြင်မှာ ၀မ်းဗိုက်ဖောက်လိုက်တာနဲ့ အတူတူပါပဲ။ လှေမှောက်တတ်ပါတယ်။ ကမ္ဘာပေါ်မှာ တော်လှန်ရေးစည်းဘောင်ကို ကျော်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်လိုက်လို့ အမှန်က အမှားဖြစ်ပြီး ရစရာမရှိအောင် ကြေမွကျဆုံးသွားခဲ့ရတဲ့ တော်လှန်ရေးတွေ အများကြီးပါပဲ။

ကမ္ဘာတ၀ှမ်းလုံးမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ရောထွေး ပြောဆိုတတ်သူ လူနှစ်မျိုး ရှိပါတယ်။ တမျိုးက ကွဲပြားခြားနားမှုကို နားမလည်သူတွေဖြစ်ပါတယ်။ တမျိုးကတော့ နိုင်ငံရေးအစွန်းရောက် အတွေးအခေါ်တွေကြောင့် အကြမ်းဖက်မှုမှန်း သိပါလျက်နဲ့ ဒါကိုထောက်ခံ အားပေးပြီး Terrorist Propaganda of Justification ကို လုပ်ဆောင်နေသူတွေပါ။

ပထမအမျိုးအစားကိုတော့ ကွဲပြားခြားနားမှုကို ရှင်းလင်းပြောဆို အသိပညာပေးရပါမယ်။ ဒုတိယ အမျိုးအစားကိုတော့ သူတို့ Justification လုပ်နေတဲ့ အယူအဆတွေဟာ မှားယွင်းကြောင်း အသိပညာပေးခြင်းနဲ့ လိုအပ်လာရင် နှိမ်နင်းအရေးယူခြင်းတွေ ပြုလုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်မှုကို ထောက်ခံတဲ့ သဘောတရားတွေ ပျံ့နှံ့သွားပြီး၊ လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security) ကို ထိခိုက်စေပါတယ်။ အာဏာရှင်နိုင်ငံတွေရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ တော်လှန်ရေးသဘောတရားတွေ ပျံ့နှံ့သွားရင် အောင်ပွဲကို ဦးတည်စေ ပါတယ်။ အကြမ်းဖက်မှု သဘောတရားတွေ ပျံ့နှံ့သွားရင်တော့ ကျရှုံးခြင်းကို ဦးတည်စေတဲ့အပြင်၊ အာဏာရှင်စနစ် ကျဆုံးပြီး နောက်ပိုင်းကာလတွေရဲ့ တိုင်းပြည် တည်ဆောက်ရေး ကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ တခါတရံမှာ conflict escalation ဖြစ်ပြီး ကမ္ဘာတ၀ှမ်းလုံးကိုပါ ပျံ့သွားတတ်ပါသေးတယ်။

တကယ်တော့ Global Terrorism ထွက်ပေါ်လာရခြင်းရဲ့ အခြေခံ source ဟာ intra-state conflicts တွေပဲ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံတော်အစိုးရတွေက state-terrorism ကျူးလွန်မှုတွေ ရှိလာလို့ နိုင်ငံတကာက ၀င်ရောက်ဖြေရှင်းပေးဖို့ ကြိုးပမ်းနေရမှုတွေ ရှိနေသလို၊ တပြိုင်နက်တည်းမှာပဲ Non-State actors တွေဖြစ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက political frustration ဖြစ်ပြီး အကြမ်းဖက်မှုတွေ မလုပ်လာအောင်ကိုလဲ စောင့်ကြည့်အကဲခတ်မှုတွေ၊ အသိပညာပေးမှုတွေ လုပ်လာကြရပြန်ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စာရင်းတွေကို နိုင်ငံတကာ ပညာရှင်တွေက ရှာဖွေပြုစုပြီး၊ ဒီအဖွဲ့အစည်းတွေကို တော်လှန်ရေး အဖွဲ့အစည်းတွေကနေ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်အောင် တွန်းအားပေး လှုံ့ဆော်လိုက်တဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုတွေကို လေ့လာဆန်းစစ်နေကြပါတယ်။

အကြမ်းဖက် အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တွေ တော်လှန်ရေးခေါင်းဆောင်တွေ ဖြစ်လာရင် အလွန်အန္တရာယ် ကြီးမားတဲ့အတွက် ဒီခေါင်းဆောင်တွေကို စုံစမ်းရှာဖွေ ဖော်ထုတ်ပြီး ၄င်းတို့ရဲ့ ငွေကြေးအလွှဲအယူများကို လေ့လာစောင့်ကြည့်ရေး၊ ၄င်းတို့ ဦးဆောင်တဲ့ အဖွဲ့အစည်းများရဲ့ တော်လှန်ရေးလမ်းစဉ်ကို ဆန်းစစ်လေ့လာရေး၊ နောက်လိုက် အဖွဲ့ဝင်များအတွင်းမှ အကြမ်းဖက်မှုကို ထောက်ခံအားပေးနိုင်ဖွယ် ရှိသူများကို ဖော်ထုတ်ရေး စတဲ့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ဖို့ ကိုလဲ နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများက ကြိုးပမ်း ဆောင်ရွက် နေကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ အကြမ်းဖက် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အမည်တွေဟာ တိုးပွားလာတာသာ ရှိပြီး၊ လျော့နည်းသွားတာ မရှိတဲ့အတွက် အကြမ်းဖက်မှုကို လက်နက်တခုအဖြစ် အသုံးချလိုက်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ တိုင်းဟာ အောင်ပွဲနဲ့ ဝေးကွာသွားခဲ့ကြတယ် ဆိုတာပါပဲ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုဆိုတာကို ကွဲကွဲပြားပြား နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု

လက်နက်ကိုင်တော်လှန်ရေး (A/S)၊ တော်လှန်ရေးစစ်ပွဲ Guerrillas Warfare (GW)၊ သူပုန်ထမှု Insurgency၊ တော်လှန်ရေး (Revolution) အမျိုးသားလွတ်မြောက်ရေး (National Liberation) စတာတွေအားလုံးဟာ Political Violence အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Political Violence ဆိုတာက လူသားသမိုင်းနဲ့ အတူမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ မတရားမှုတွေက ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဆိုတာ လူ့တာဝန်တရပ် ဖြစ်လာပါတယ်။ ဒီတာဝန်ကို ကမ္ဘာတ၀ှမ်းလုံးက ပြည်သူ လူထုကြီးက အသက်နဲ့ရင်းပြီး ထမ်းဆောင်ခဲ့ကြပါတယ်။ မတရားတဲ့ အာဏာရှင် အစိုးရများစွာဟာ လူထုကြီးရဲ့ Political Violence တွေကြောင့် အာဏာကို စွန့်လွှတ်ခဲ့ကြရပါတယ်။ Political Violence တွေကြောင့် အမေရိကန်တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပါတယ်။ Thomas Jefferson က တော်လှန်ပုန်ကန်မှုဆိုတာ အစိုးရတရပ်ရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအတွက် လိုအပ်တဲ့ ဆေးဝါး ဖြစ်တယ်လို့ ဆိုထားခဲ့ဖူးပါတယ်။

utilitarianism နဲ့ ပတ်သက်ရင် ဆရာတဆူဖြစ်တဲ့ John Stuart Mill ကလဲ political violence ဆိုတာကို ဖြစ်ပေါ်လာတဲ့ အခြေအနေတရပ်မှာ ကျင့်ဝတ်အားဖြင့် ဘယ်လောက်မှန်ကန်တယ်ဆိုတဲ့ balance of reason ပေါ်မှာ မူတည်ပြီး justify လုပ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ တကယ်လို့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်နေပြီဆိုရင်၊ လူထုရဲ့ အမြင်နဲ့ သဘောထားတွေကို လျစ်လျူပြုနေပြီဆိုရင် ဒီလို အခြေအနေမျိုးမှာ လူထုအနေနဲ့ political violence ကို အသုံးပြုပြီး တော်လှန်ရမှာဖြစ်တယ်ဆိုတဲ့ သဘောတရားကို ပေါ်လွင်အောင် ရေးသားထားခဲ့ပါတယ်။ Political Violence ကို အသုံးပြုရာမှာ တရားမျှတမှုရှိမရှိ ဆိုတဲ့ အချက်နဲ့ အောင်ပွဲအတွက် ဖြစ်နိုင်ချေရှိမှု နှစ်ခုကို ကြည့်ပြီး justify လုပ်ဖို့ ဆိုထားခဲ့ပါတယ်။

Commentator Robert Audi ကတော့ တခြားငြိမ်းချမ်းရေးနည်းလမ်းများကို ဘယ်လိုမှ အသုံးပြုလို့ မရနိုင်တော့တဲ့အဆုံးမှာ Political Violence ကို နောက်ဆုံးနည်းလမ်းအနေနဲ့ အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူက နိုင်ငံရေးအဖွဲ့အစည်းတခုဟာ တောင်းဆိုမှု၊ အသနားခံမှုတွေ ဘာမှကို ထပ်လုပ်လို့ မရနိုင်တော့တဲ့ အခြေအနေ၊ တောင်းဆိုချက်မှန်သမျှကို လျစ်လျူရှုခံနေရတဲ့ အခြေအနေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခံလိုက်ရတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ၊ ပုန်ကန်တော်လှန်မှုတွေ ပြုလုပ်တဲ့ တော်လှန်ရေး လမ်းကြောင်းတခုပေါ်ကို တက်ရောက်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုထားခဲ့ပါတယ်။ အာဏာရှင် အစိုးရတွေကို သံတမန်နည်းလမ်း၊ သာမန် တောင်းဆိုချက် နိုင်ငံရေးနည်းလမ်းတွေနဲ့တော့ အောင်မြင်အောင် ဆန့်ကျင်နိုင်မှာ မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုတွေးခေါ်ပညာရှင်တွေအပါအ၀င် ကမ္ဘာ့ပြည်သူလူထုဟာ Political Violence အမျိုးအစားတွေဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ သူပုန်ထမှုတွေ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်တဲ့ အာဏာရှင်တွေကို ပုန်ကန်မှုတွေအနေနဲ့ တခဲနက် ထောက်ခံအားပေးခဲ့ကြပါတယ်။ အဖိနှိပ်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်တဲ့ Non-State actors တော်လှန်ရေးအဖွဲ့အစည်းတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ နိုင်ငံရေးအမြော်အမြင် မရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်း တချို့ဟာ မကျူးလွန်သင့်တဲ့ ရာဇ၀တ်မှုတွေကို စတင် ပြုလုပ်လာကြပါတော့တယ်။ မိမိတို့ သက်ဆိုင်ရာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ထိပါးစေတဲ့ ဗုံးဖောက်ခွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ စစ်ပွဲမှာတောင် ရှောင်ရှားရမယ့် ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်းစတာတွေကို စီးနင်းမှုတွေ၊ အများပြည်သူ အသုံးပြုတဲ့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပါတယ်။

ဒီလို လုပ်ဆောင်လာမှုတွေမှာ Political Frustration ကြောင့် ပေါ်ထွက်သွားတဲ့ တိုက်ခိုက်မှုတွေသာမက အဖွဲ့အစည်းရဲ့ အမည်ကို လူသိထင်ရှားဖြစ်စေလိုမှု၊ ခေါင်းဆောင်အမည် နာမည်ကျော်ကြားလိုမှုနဲ့ ဒီလို မတည်မငြိမ်ဖြစ်မှုတွေကနေ အုပ်ချုပ်ရေးယန္တရားကို ပျက်ယွင်းစေလိုမှု စတဲ့ ရည်ရွယ်ချက်တွေပါ ပါဝင်လာကြပါတယ်။ ဒါတွေဟာ (၁၉၇၀) နှောင်းပိုင်း ကာလတွေမှာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေ၊ လက်နက်ကိုင်တော်လှန်ရေး ရေချိန် နိမ့်တုန်မြင့်တုန် ဖြစ်ကုန်မှုတွေနဲ့ တော်လှန်ရေးလမ်းစဉ်တွေကို လူထုက အပြည့်အ၀ ထောက်ခံ ပါဝင်မှု လျော့ပါးလာမှုတွေရဲ့ နိဒါန်း အစပါပဲ။ တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ဝေေ၀၀ါးဝါး နဲ့ နားလည်မှုတွေ ရှုပ်ထွေးကုန်ကြပါတယ်။ တော်လှန်ရေးသမားတွေကို အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ် ချေမှုန်းနိုင်ခွင့်ကို အာဏာရှင်တွေကို သွားပေးလိုက်သလို ဖြစ်ကုန်ပြီး၊ အာဏာရှင်တွေက ဦးဆောင်ပြုလုပ်တဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) တွေ သက်ဆိုးရှည်ရေးအတွက် အထောက်အကူ ပေးလိုက်သလိုတွေ ဖြစ်ကုန်ပါတော့တယ်။

တချို့တော်လှန်ရေးအဖွဲ့အစည်းတွေကျတော့ Media attention ရအောင်ဆိုပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေက လေယာဉ်တွေကို ပြန်ပေးဆွဲတာတွေ၊ သံရုံးတွေကို ၀င်ရောက်စီးနင်းမှုတွေ၊ တိုက်ခိုက်မှုတွေကိုပါ ပြုလုပ်လာကြပြန်ပါတော့တယ်။ ဒီလုပ်ရပ်တွေဟာ တော်လှန်ရေးတရပ်ရဲ့ ခြေလှမ်းတွေကို တခါတည်း တုံ့ဆွဲလိုက်သလို ဖြစ်သွားပါတယ်။ အိမ်တအိမ်မှာ အဖေက အရက်မူးပြီး သောင်းကျန်းနှိပ်စက်တဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ခံနေရတဲ့ အမေကို လူတွေက ကိုယ်ချင်းစာ သနားကြစမြဲပါပဲ။ ဒါပေမယ့် ဒီအမေက အဖေ့ဒေါသအောက်မှာ ပြားပြားဝပ်နေတဲ့ မျက်စိသူငယ်၊ နားသူငယ် ကလေးလေးကို မဆီမဆိုင် သွားရိုက်တဲ့အခါ ဒီဖြစ်ရပ်အပေါ်မှာ ရှုမြင်သူ နှစ်မျိုးပေါ်ထွက်လာပါတယ်။ ဒါကို အမေ့ရဲ့ အမှားလို့ တွက်သူက တွက်ပြီး၊ အမေက ဘယ်လောက်ခံစားနေရလဲ ဆိုတာကိုကော နားမလည်ပေးနိုင်ဘူးလားလို့ ယူဆသူတွေက ယူဆတာမျိုးပါ။ အမေ့ရဲ့ ဒုက္ခကို လူတွေက ခံစားနားလည်ပေးပြီး အဖေဖြစ်သူရဲ့ အမှားလို့သာ လူတွေက တွက်ဆနေချိန်မှာ အမေဖြစ်သူရဲ့ တာဝန်က အဖေ့ဒေါသ စက်ကွင်း ကလေးငယ်လေးဆီ မကျရောက်အောင် တတ်နိုင်သမျှလေး ကာကွယ်ပေးရမယ့် အခြေအနေမျိုးပါ။

ဒါကို အမေမပီသပဲ မိမိရဲ့ ဒုက္ခကို ကလေးဆီကိုပါ ထပ်မျှဝေပေးလိုက်တာကတော့ အမေ့အမှား ဖြစ်သွားပါပြီ။ ဒါကြောင့် အဖေ့လုပ်ရပ်ကိုလဲ ဆန့်ကျင်သလို အမေ့အမှားကိုလဲ ကန့်ကွက်ရှုတ်ချရမှာပဲ ဖြစ်ပါတယ်။ ဒီကြားထဲ အမေဖြစ်သူက သူ့ရဲ့ ဒုက္ခတွေကို လူအများသိစေဖို့ လမ်းမပေါ်ထွက်ပြီး တုတ်တချောင်းနဲ့ တွေ့သမျှကလေး လိုက်ရိုက်နေရင်တော့ ရပ်ကွက်အနေနဲ့က အဖေ့လုပ်ရပ်တွေ ဆန့်ကျင်ရေးထက် အမေ့ကို နှိမ်နင်းထိန်းချုပ်ရေးကိုပဲ ဦးစားပေးလာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ အကြမ်းဖက်မှုနှိမ်နင်း တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ငန်းဆောင်တာ အဖြစ် ထည့်သွင်းလာကြတာဟာ ဒီသဘောပါပဲ။ ဒါကြောင့် အမှန်ကနေ အမှားမဖြစ်သွားစေဖို့ တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေအပါအ၀င် တော်လှန်ရေး သမားတိုင်းမှာ တာဝန်ရှိပါတယ်။

တော်လှန်ရေးသမားတယောက်ဟာ အရပ်သား ပြည်သူလူထုကို တိုက်ခိုက်ပြီဆိုတာနဲ့ အကြမ်းဖက်သမား ဖြစ်သွားပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တရပ်ဟာ ပြည်သူလူထုကို ပစ်မှတ်အဖြစ် ထားပြီး တိုက်ခိုက်တာတွေ၊ ရန်သူချေမှုန်းရေးမှာ ပြည်သူအများ သေကြေပျက်စီးစေနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုတာနဲ့ ဒီတော်လှန်ရေးအဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပါတယ်။ ဒီလိုပါပဲ။ အစိုးရတရပ်ဟာလဲ ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်တာ၊ လူထုတိုက်ပွဲတွေကို အကြမ်းဖက် နှိမ်နင်းတာနဲ့ ဒီအစိုးရဟာ နိုင်ငံတော်အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ အကြမ်းဖက် အစိုးရဖြစ်သွားပါတယ်။ ဒီလို အကြမ်းဖက် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အကြမ်းဖက် နိုင်ငံတော်အစိုးရတွေကို စစ်မှန်တဲ့ တော်လှန်ရေးသမားတွေ အပါအ၀င် ပြည်သူလူထု တရပ်လုံးက ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး Terrorist Propaganda of Justification အကြောင်းကို ဆက်လက် တင်ပြပါမယ်။

Terrorist Propaganda of Justification

နိုင်ငံရေးပညာရှင် ဒေါက်တာ မောရစ်တာ့ခ်ဝဲလ် ဆိုသူက ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေ သုံးလေ့ရှိတဲ့ ၀ါဒဖြန့်ချိရေးတွေကို လေ့လာကြည့်ရာမှာ အကြမ်းဖက်လုပ်ရပ်တွေအပေါ် justification လုပ်ပြတဲ့ အချက်သုံးချက်ကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအချက် သုံးချက်ကတော့

*တို့တတွေဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ ပြည်သူလူထုရဲ့ လွတ်မြောက်ရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့ ပြည်သူ့ရန်သူတွေကို နှိမ်နင်းနေတာဖြစ်တယ်။ ဒီအတွက် တော်လှန်ရေး လှုပ်ရှားမှုကာလမှာ ပြည်သူ့ရန်သူတွေကို ချေမှုန်းတဲ့ ဘယ်လို လုပ်ငန်းစဉ်မျိုးကို မဆို လူထုက ထောက်ခံရမှာ ဖြစ်တယ်။
*တို့တတွေဟာ ပြည်သူ့ရန်သူနဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒီလို တော်လှန်ရေးမှာ လူထုတရပ်လုံးက ပူးပေါင်းပါဝင်ရမယ်။ ရန်သူတွေကို ပေါင်းသင်းဆက်ဆံရေး မလုပ်ရဘူး။ ရန်သူကို ချေမှုန်းရင်းနဲ့ ရန်သူ့အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေပါ ထိခိုက်သွားရင် တာဝန်မယူဘူး။

*တို့တတွေဟာ ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်တယ်။ ဒါကြောင့် ကြားနေတာကို လက်မခံနိုင်ဘူး။ ငါတို့နဲ့ ပူးပေါင်းပြီး ရန်သူကို တိုက်ရမယ်။ ငါတို့နဲ့ မပူးပေါင်းရင် ရန်သူ့လူလို့ သတ်မှတ်မယ်။ ရန်သူကို မတိုက်ပဲ ကြားမှာ နေသူတွေကို တော်လှန်ရေးအပေါ် မထောက်ခံသူတွေလို့ သတ်မှတ်မယ်။ ဒီလိုလူတွေ တော်လှန်ရေးအပေါ် ကိုယ်ချင်းစာနာစိတ်ရှိလာအောင်၊ ခံစားနားလည်တတ်လာအောင် အကြမ်းဖက်နည်းလမ်းတွေနဲ့ နှိုးဆွပေးဖို့ လိုတယ်။

ဒီအချက်သုံးချက်ဟာ တော်လှန်ရေးသမားတွေ အကြမ်းဖက်မှုကို လက်ခံကျူးလွန် လာစေတဲ့ အတွေးအခေါ်၊ အယူအဆမှားတွေ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Paul Wilkinson ဆိုသူကလဲ တတိယအချက်ဖြစ်တဲ့ ရန်၊ ငါ ပြဿနာဟာ တော်လှန်ရေးသမားတွေကို လူထုအပေါ် အညှာအတာမရှိ အကြမ်းဖက်မှုကျူးလွန်အောင် လှုံ့ဆော်ပေးလိုက်တဲ့ ပြဿနာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေက ဒီ ရန်၊ ငါဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးပြုတတ်ကြပါတယ်။ တော်လှန်ရေးသမားတွေက ပြုလုပ်တဲ့ အကြမ်းဖက်မှုတရပ်မှာ ပြည်သူလူထုကို ထိခိုက်စေတာ မှန်ပေမယ့် တဘက်ရန်သူကို နှိမ်နင်းနိုင်တယ်ဆိုရင် အောင်ပွဲလို့ သတ်မှတ်ရမယ်၊ ပြည်သူလူထုကြီးအနေနဲ့ ဒီလိုထိခိုက်မှုတွေ ဆက်မဖြစ်စေချင်ရင် တော်လှန်ရေးထဲ ပါလာရမယ် ဆိုတဲ့ အယူအဆတရပ်ပါ။ ဒီအယူအဆဟာ အလွန်အန္တရာယ်ကြီးမားပြီး တော်လှန်ရေးလှေကို ၀မ်းဗိုက်ကနေ ထိုးခွဲချ၊ မြှုပ်ပစ်လိုက်နိုင်တဲ့ အယူအဆမျိုးပါ။ တော်လှန်ရေးတရပ်ရဲ့ လူထုထောက်ခံမှု မဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက် နိုင်ပါတယ်။

တော်လှန်ရေးသမားဆိုတာကလဲ အဖိနှိပ်ခံ ပြည်သူလူထုထဲကနေမှ မွေးဖွားလာတာ ဖြစ်ပါတယ်။ အဖိနှိပ်ခံ ပြည်သူဘက်ကနေ ရပ်တည်ပြီး ဖိနှိပ်တဲ့ အုပ်ချုပ်ရေးယန္တရားကို ပြည်သူလူထုနဲ့အတူ လက်တွဲတော်လှန်ဖို့ တော်လှန်ရေးသမား လူတန်းစားတရပ် ထွက်ပေါ်လာ တာဖြစ်ပါတယ်။ လူထုကို ဒီလို အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားသွင်းပြီး စည်းရုံးရေး လုပ်လို့ မရပါ။ ဒီလုပ်ရပ်တွေဟာ လူထုနဲ့ တော်လှန်ရေးကို ကင်းကွာသွားစေနိုင်ပါတယ်။

ပြည်သူလူထုရဲ့ အနာဂတ်ကြမ္မာကို ဖန်တီးပေးနိုင်မယ့် တော်လှန်ရေးဆိုတာ ရေကန်ထဲမှာ ပွင့်လန်းလာတဲ့ ကြာပန်းလေးတပွင့်ပါ။ ဒီလိုအခါမှာ ဒီရေကန်ကို ခန်းခြောက်အောင် လုပ်သူတွေ၊ဒီရေကန်ကို ညစ်နွမ်းအောင်၊ သွေးစွန်းအောင် လုပ်သူတွေဟာ တော်လှန်ရေးသမားတွေရဲ့ ရန်သူတွေပဲ ဖြစ်ပါတယ်။ ရန်၊ ငါ စည်းပြတ်ရမယ်ဆိုတာ တော်လှန်ရေးသမား အချင်းချင်း ပုလင်းတူ၊ ဘူးစို့ လုပ်ပြီး၊ အချင်းချင်း ကာကွယ်ပေးဖို့ကို ဆိုလိုတာ မဟုတ်ပါ။ ပြည်သူလူထုကို ဒုက္ခပေးမယ့် ရန်သူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရဲတဲ့ တော်လှန်ရေးသစ္စာတရားရှိခြင်းကို ဆိုလိုပါတယ်။ တော်လှန်ရေး သစ္စာတရားဆိုတာ တော်လှန်ရေးသမား အချင်းချင်း သစ္စာစောင့်သိမှုကို ဆိုတာမဟုတ်ပါ။ ပြည်သူလူထုအပေါ်မှာ ထားရှိတဲ့ တော်လှန်ရေးသစ္စာတရားကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်ဆိုရင် တော်လှန်ရေးသမားတယောက်ဟာ ရန်ငါ စည်းပြတ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်၊ ငါ စည်းဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးချလာတဲ့အခါ ဒါကို လူထုရှေ့က ရပ်တည်တဲ့ တော်လှန်ရေးသမားတွေက ကန့်ကွက်ရှုတ်ချရမှာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ justification တွေမှာ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေး သမားတွေနဲ့ လူထုက လက်ခံလာအောင် ဒီလိုနည်းတွေနဲ့ justification လုပ်နေတာတွေ ရှိသလို၊ တော်လှန်ရေးသမားတွေ ကိုယ်တိုင်က အကြမ်းဖက်မှုဆိုတာ တော်လှန်ရေးတရပ်ရဲ့ Political Ends အတွက် အသုံးပြုရမယ့် Means တရပ်အနေနဲ့ လက်ခံကျင့်သုံးလာစေတဲ့ Justification တွေလဲ ရှိပါသေးတယ်။ ပညာရှင်အများစု အာရုံစိုက်တာကတော့ Thrasymachan Justification ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေကို သင်ကြားပို့ချတဲ့ နိုင်ငံရေးသဘောတရားရေးရာ သင်တန်းတွေအထိ ပါဝင်နေတတ်တာ ဖြစ်တဲ့အတွက် အထူးသတိထားရမယ့် အချက်တရပ်ပါ။ လက်ခံ အသုံးချမိတာနဲ့ တော်လှန်ရေးရဲ့ political goals တွေနဲ့ တစတစ ဝေးကွာသွားစေနိုင်သလို၊ အပြစ်မဲ့ ပြည်သူအများကိုလဲ ဒုက္ခရောက်စေတော့တာပါပဲ။

Thrasymachan Justification for Terrorism

နိုင်ငံရေး၊ ဘာသာရေး အစွန်းရောက်နေသူတွေဟာ ဥပဒေကြောင်းအရ၊ ကိုယ်ကျင့်တရားအရ အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်တာတွေကို လက်ခံစဉ်းစားလေ့မရှိကြပါဘူး။ သူတို့က ဒါတွေကို ရန်သူကို ထောက်ခံနေသူတွေကသာ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်လို့ အထင်ရောက်တတ်ကြပြီး အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်သူတွေကို ရန်သူ့ဘက်တော်သားတွေအနေနဲ့ သတ်မှတ် စွပ်စွဲတတ်ကြပါတယ်။ အကြမ်းဖက်မှုကြောင့် လူအများကြားမှာ climate of fear ပျံ့နှံ့လာပြီး နိုင်ငံရေးအကျပ်အတည်းတွေကို ဖောက်ထွက်နိုင်မယ့် political outrage ကို ဖန်တီးနိုင်မယ်လို့လဲ ယူဆထားလေ့ရှိကြပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်တာဟာ ဒီလို political outrage ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေကို နှောင့်နှေးအောင် လုပ်တာလို့ ထင်မြင်စွပ်စွဲတတ်ကြပါတယ်။ ဒီလို တွေးခေါ်ယူဆချက်တွေ၊ ထင်မြင်စွပ်စွဲမှုတွေဟာ Thrasymachan Justification အပေါ်မှာ သက်ဝင်ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသင်တန်းတွေ၊ ခေါင်းဆောင်တွေရဲ့ နှုတ်မြွက်စကားတွေမှာ Thrasymachan Justification သဏ္ဍာန်တွေ ပါဝင်လာပြီဆိုရင် ကြောက်မက်ဖွယ်ရာ သမိုင်းနိဒါန်းတွေ စလာတော့မယ်လို့ ဆိုနိုင်ပါတယ်။ Thrasymachan Justification မှာ သဏ္ဍာန်ကြီးနှစ်ခု ရှိပါတယ်။ ပထမသဏ္ဍာန်က အကြမ်းဖက်မှုဆိုတာ တော်လှန်ရေး ရှိနေကြောင်းကို ဖော်ကျူးနေတဲ့ ပြယုဂ်တခုဖြစ်တယ်။ တော်လှန်ရေးကို လူအများက သိရှိလာဖို့၊ လက်ခံယုံကြည်လာဖို့၊ လူအများရဲ့ စိတ်ဓာတ်တွေ နိုးကြားတက်ကြွလာဖို့အတွက် လူအများသတိပြုမိနိုင်မယ့် အချိန်ကာလတွေ၊ နေရာတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို ပြုလုပ်ဖို့ လိုအပ်တယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ရန်သူကို အားပျော့သွားအောင်၊ စိတ်အနှောင့်အယှက် ဖြစ်အောင်၊ ရန်သူရဲ့ အားနည်းချက်ကို လူအများသိလာအောင် လုပ်နိုင်မယ်။ လူတွေအကြားမှာ အကြောက်တရားတွေ ပျံ့နှံ့လာပြီး ၊ ဘက်တခုမှာ ရပ်တည်မှ ဖြစ်တော့မယ်လို့ ယူဆချက်တွေ ပေါ်ထွန်းလာမယ်၊ တော်လှန်ရေးနဲ့ ပူးပေါင်းလာကြမယ် ဆိုတဲ့ သဏ္ဍာန်ပါ။ ရန်သူရဲ့ အုပ်ချုပ်ရေးယန္တရားကို မဖြိုဖျက်နိုင်ခင်မှာ ရေတိုအနေနဲ့ အကြမ်းဖက်မှုတွေ သုံးဖို့ လိုအပ်တယ်လို့ ဒီသဏ္ဍာန်ကို လက်ခံသူတွေက ပြောဆိုစည်းရုံးတတ်ပါတယ်။

ဒုတိယသဏ္ဍာန်ကတော့ ပိုပြီး ကြောက်မက်ဖွယ်ကောင်းပါတယ်။ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်။ တဘက်ရန်သူဟာ အားသာပြီး၊ တော်လှန်ရေးသမားတွေက အားနည်းသူတွေဖြစ်တဲ့အတွက် အကြမ်းဖက်မှုကို စစ်ပွဲရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုရမှာဖြစ်ပြီး၊ ဒီလိုအကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေဟာလဲ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးသာ ဖြစ်တယ်ဆိုတဲ့ သဏ္ဍာန်တခုပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေးသမားတွေဟာ ဒီသဏ္ဍာန် တမျိုးမျိုးကို လက်ခံလာပြီဆိုတာနဲ့ အကြမ်းဖက် စည်းဘောင်ကို ကျော်ဖို့ ၀န်မလေးတော့ပဲ ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ ဒီအတွေးအခေါ်တွေ လူထုကြားကို ပျံ့နှံ့လာတဲ့အခါ လူထုဟာ သူတို့ဘာသာ သူတို့ သားကောင်ဘ၀ကို ရောက်နေသူတွေလို့ ထင်မြင်ယူဆတတ်သွားပါတယ်။ တော်လှန်ရေးသမားတွေကို လူထုအတွက် ရှေ့ကနေ မားမားမတ်မတ် တိုက်ပွဲဝင်နေသူတွေလို့ မယူဆတော့ပဲ အာဏာရရှိရေးအတွက် နှစ်ဘက်အဖွဲ့အစည်း တိုက်ခိုက်နေကြတာမှာ လူထုက မြေစာပင်တွေဖြစ်လာတယ်လို့ ထင်မြင်သွားပါတော့တယ်။ အဲဒီအခါမှာ လူထုနဲ့ တော်လှန်ရေး ဝေးကွာသွားပါတယ်။

တော်လှန်ရေးမှာလဲ အစွန်းရောက် (radicals) တွေနဲ့ moderates တွေ ကွဲထွက်သွားပါတယ်။ radicals တွေက အင်အားကြီးမားနေတဲ့အခါ moderates တွေ ဘေးထွက်ထိုင်ကြပါတော့တယ်။ တော်လှန်ရေး အင်အားစုတွေ စတင်ပြိုလဲကုန်ပါတယ်။ လူထုစည်းရုံးရေး လုပ်ငန်းစဉ်ကို ထိခိုက်လာပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုကို ရေတိုပြယုဂ်အနေနဲ့ အသုံးပြုလိုက်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ရေရှည် လက်နက်တခုအနေနဲ့ ကိုင်စွဲထားတဲ့ တော်လှန်ရေးပဲဖြစ်ဖြစ် မူလတော်လှန်ရေး ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် ဖယ်ရှားရေး (သို့မဟုတ်) ကျူးကျော်တဲ့ အစိုးရ ပြန်ထွက်သွားရေး (သို့မဟုတ်) လူမျိုးရေး၊ ဘာသာရေး တန်းတူညီမျှခွင့် ရရှိရေး စတာတွေကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ပဲ ဖြစ်သွားကြတော့တာ ဖြစ်ပါတယ်။

Thrasymachan Justification ရဲ့ အရေးကြီးဆုံး အားနည်းချက်တခုကတော့ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးနဲ့ တွဲစပ်ထားခြင်းပါပဲ။ အကြမ်းဖက်မှုမပါပဲ ဆင်နွှဲနိုင်ခဲ့တဲ့ လူထုတိုက်ပွဲတွေ၊ လက်နက်ကိုင်တော်လှန်ရေးတွေ၊ အထွေထွေသပိတ်ကြီးတွေကြောင့် တော်လှန်ရေး ရည်မှန်းချက်တွေ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ခဲ့တာတွေ ကမ္ဘာမှာ အများကြီးပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို တွဲစပ်လိုက်မှသာ တော်လှန်ရေးသမားတွေဟာ hostes humani generis တွေ ဖြစ်ကုန်ကြတာပါ။ ဘယ်လို လူ့အဖွဲ့အစည်းမျိုးကမဆို ဒီလို scourge ကို ဆန့်ကျင်ကြပါတယ်။

နိဂုံး

ချုပ်၍ ဆိုရရင် အကြမ်းဖက်မှုဆိုတာက အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်ပျက်စီးစေခြင်း၊ တဘက်ရန်သူ အပြစ်ရှိသူတွေကို ချေမှုန်းတယ်ဆိုရာမှာလဲ အပြစ်မဲ့ ပြည်သူလူထုကိုပါ ဘေးထွက်ဆိုးကျိုးအဖြစ် ထိခိုက်စေခြင်း၊ လူထုအကြားမှာ အကြောက်တရား ပျံ့ပွားလာစေပြီး လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security)ကို ခြိမ်းချောက်ခြင်းစတဲ့ သဘောလက္ခဏာတွေ ဆောင်တာ ဖြစ်တဲ့အတွက် လူတွေရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from fear) လူ့အခွင့်အရေးကို တိုက်ရိုက်ခြိမ်းချောက်မှုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လူထုနဲ့ တသားတည်းရှိနေတဲ့ တော်လှန်ရေးသမားတွေဟာ လူ့အခွင့်အရေးကို ခြိမ်းချောက်လာတဲ့ အကြမ်းဖက်မှုကို ရေတိုလှုံ့ဆော်ရေးယန္တရား၊ ရေရှည်တော်လှန်ရေးလက်နက်တွေအနေနဲ့ အသုံးပြုမှုကို ရှောင်ကြဉ် ကြရမှာ ဖြစ်ပါတယ်။

တခါတရံမှာ အာဏာရှင်အစိုးရတွေက အကြမ်းဖက်မှုတွေကို တမင်ပြုလုပ်ပြီး လူထုနဲ့ တော်လှန်ရေးကို အဆက်ပြတ်သွားအောင် ပြုလုပ်လာတာတွေလဲ ရှိတတ်ပါတယ်။ ဒီလိုပြုလုပ်မှုတွေမှာ ရန်သူ့လူတွေ ထိခိုက်မှုတွေကို အကြောင်းပြုပြီး အကြမ်းဖက်မှုတွေကို Justification သွားမလုပ်မိဖို့ကိုလဲ တော်လှန်ရေးသမားတွေက အထူးပဲ ရှောင်ကြဉ်ရပါမယ်။ ဒီလို လုပ်လိုက်တာနဲ့ ရန်သူကျင့်သုံးတဲ့ COIN (Counter-Insurgency) ကင်ပိန်းကို အထောက်အကူ ပေးရာရောက်ပြီး ရန်သူ့ထောင်ချောက်ထဲကို ကျသွားတတ်လေ့ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေးဆင်နွှဲတယ်ဆိုတာ လမ်းဘေးမှာ အရက်မူးနေတဲ့ အရက်သမားနှစ်ယောက် ရန်ဖြစ်နေတာ မဟုတ်ပါဘူး။ တဘက်နဲ့ တဘက် အပြန်အလှန် ခွပ်နေကြတာကို လက်ခုပ်လက်ဝါးတီးပြီး ထိုင်အော်နေရမယ့် ကြက်ပွဲလဲ မဟုတ်ပါဘူး။ မတရားမှုတွေ ဥပဒေဖြစ်လာတာကို တော်လှန်ပုန်ကန်ကြရင်း တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူထဲကနေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။ ပြည်သူလူထုဟာ တော်လှန်ရေးဆိုတဲ့ ကြာပန်းရဲ့ ရေပြင်ဖြစ်ပါတယ်။ ရေပြင်မှာ သွေးရောင်လွှမ်းတာကို ရန်သူက လုပ်တာဆိုရင် ဆန့်ကျင်မယ်၊ တော်လှန်ရေးသမားက လုပ်တာဆိုရင် Justification လုပ်မယ်ဆိုတဲ့ အတွေးအခေါ်၊ အပြုအမူတွေဟာ တော်လှန်ရေး ကြာပန်းကို တစထက်တစ ညှိုးနွမ်းအောင် လုပ်ဆောင်ချက်တွေသာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေကို တော်လှန်ရေးသမားများ အပါအ၀င် လူ့အဖွဲ့အစည်းတရပ်လုံးက ညီညီညွတ်ညွတ် ကန့်ကွက်ဆန့်ကျင်ကြရ မှာ ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါတယ်။

ခင်မမမျိုး (၂၇၊ ၄၊ ၂၀၁၀)


ရည်ညွှန်းကိုးကား။ ။

Lee Anderson, The Evil in Terrorists’ Minds, Chattanooga Times Free Press B7 (Dec. 3, 2002)

Robert Audi, On the Meaning and Justification of Violence, in Violence 87 (Jerome Schaffer ed., McKay 1971).

Albert Camus, The Rebel: An Essay on Man in Revolt 11 (Anthony Bower trans., Random H. 1956)

John Alan Cohan, Formulation of a State’s Response to Terrorism and State-Sponsored Terrorism, 14 Pace Intl. L. Rev. 77, 87 n. 48 (2002).

Robert Friedlander (ed.) Terrorism, Documents of International and Local Control (Dobbs Ferry, NY: Oceana Publications, 1979).

Bruce Hoffman, The Mind of the Terrorist: Perspectives from Social Psychology, in Essential Readings on Political Terrorism 62 (Harvey W. Kushner ed., Richard Altschuler & Assocs., Inc. 2002).

Margo Hammond, Writing on Sept. 11, St. Petersburg Times 4D (Sept. 8, 2002)

Tuesday, April 27, 2010

Global Action for Burma (GAB): EU must take the next stronger step

26 April 2010

Global Action for Burma (GAB) calls for European Union (EU) to take the next stronger step which should be EU stands firmly on the position that it won’t recognise junta’s planned 2010 election & its results.

We welcome EU council Resolution on Burma but we want to see action. Now is the very important time for Burma. We want the EU to know that they must be realistic in dealing with junta.

International community including EU has been calling for junta to enter the dialogue with Daw Aung San Suu Kyi led democratic groups.

In reality, junta doesn’t have the will to find the solution peacefully and it is the one turning its back on dialogue table. It has now been 20 years international community calling for junta to enter dialogue.

Daw Aung San Suu Kyi once said that-

“We (NLD) have done everything we can to try to bring about a dialogue that will help us find solutions to the problems of our country. It is the military regime that is opposed to dialogue. We would like the world to look clearly at what is happening and to see where the inflexibility really lies. The National League for Democracy (NLD) represents the people of Burma and their desire for a fair, just, democratic government”.

Junta always ignores the international community calls to enter dialogue knowing that it is only words without action. Burmese people suffer more and more in the mean time and junta gained enormous profit from international community’s honey glazed approach.

We’ve had enough with military regime and we want to see real change in Burma. We also wanted to see international community supporting us with action rather than words.

We want to see EU takes brave next step rather than wondering around maintaining sanction on Burma. Even though we support sanction, but it won’t bring about real change in Burma.

Global Action for Burma (GAB) would like to see (3) practical steps EU would take in order to bring about genuine change in Burma, i.e.

1. EU must declare that it won’t recognise junta’s planned 2010 election and its results.
2. EU must call for implementation of 1990 election results and actually supporting the democratic groups attempting to implement these results.
3. EU must declare that it is ready to endorse Aung San Suu Kyi led government as the legitimate government of Burma if should the one be formed.

Daw Aung San Suu Kyi led National League for Democracy (NLD), the victors of 1990 elections decided unanimously to boycott the junta’s planned sham 2010 election.

Without the participation of Daw Aung San Suu Kyi, without the participation of National League for Democracy (NLD), and without the participation of 1990 election winning parties, junta’s planned election in 2010 is clearly not creditable.

The essence of planning to hold election in 2010 is just to nullify 1990 election results in order to legitimise military rule in Burma by excluding Daw Aung San Suu Kyi and political activists in the Burma future.

Global Action for Burma (GAB) would like to raise (5) points why EU should declare it won’t recognise junta’s planned 2010 election and its results, i.e.

1. 1990 election results are still yet to be honoured
2. Daw Aung San Suu Kyi and thousands of dissidents are still in prisons
3. National League for Democracy boycott junta’s planned election
4. 2008 constitution is designed to legitimised military rule in Burma
5. Electoral laws are unfair and undemocratic

Whenever we talk about Burma crisis, we end up saying bringing Burma case to discuss at the UNSC. After that we end up saying China and Russia would block with veto. It is like never ending circle and we have to end this.

Now, we have the new approach which will by-pass UNSC or China and Russia veto. If international community endorse Aung San Suu Kyi led government as the legitimate government if should the one be formed, then it will be the answer for Burma crisis.

For more information please contact the following spokespersons on behalf of Global Action for Burma (GAB):

Ko Sonny Aung Than Oo (Germany)

Burma Bureau Germany

00-49-173 534 7534, AtoBurma@web.de

Ko Kyaw Zaw Wai (Canada)

Canadian Campaign for Free Burma (CCFB)

1-416-358-2318, zaw.w.kyaw@gmail.com

Ko Yin Aye (USA)

Free Burma Federation (FBF)

1-2407532397, yindbso@gmail.com

Ko Ko Aung (Japan)

Democratic Federation of Burma (DFB)

090-1506-2893, kokoaung_dfbjp@yahoo.com

Ko Kyaw Than (India)

All Burma Students League (ABSL)

91-9810601506, dawnstar88@gmail.com

Ko Yin Htwe (Thailand)

Burma Political Prisoner Union (BPPU)

66845755416, yinhtwe@gmail.com

Ko Tay Zar Tay (Denmark)

Aktionsgruppe for Demokratii Burma (ADB-dk)

004522838096, tayzar.tay@gmail.com

Ko Myo Thein (UK)

Burma democratic Concern (BDC)

442084939137, myothein@bdcburma.org

Monday, April 12, 2010

Strategic Interaction အကြောင်း တစေ့တစောင်း


ခင်မမမျိုး

အင်အားကြီးသူများနှင့် အင်အားနည်းသူတို့ ယှဉ်ပြိုင်ကြရာတွင် အင်အားကြီးသူကသာ အနိုင်ရမည်ဟု လူအများက ထင်တတ်ကြသည်။ သို့ရာတွင် အနိုင်အရှုံးဆိုသည်မှာ အင်အားတခုတည်းအပေါ်တွင် တည်မှီ သည်မဟုတ်။ နှစ်ဘက်ခေါင်းဆောင်များ၏ Strategic Interaction ပေါ်တွင် မူတည်သည်။ စစ်အာဏာရှင် စနစ်အား ဆန့်ကျင်တော်လှန်ကြရာတွင် အာဏာရှင်နှင့် ဒေါက်တိုင်များကို အားကြီးသူ (strong actor) ဟု သတ်မှတ်၍ တော်လှန်ရေးသမားများဘက်မှ အားနည်းသူ (weak actor) အဖြစ်သတ်မှတ်ပြီးမှသာ တိုက်ပွဲဝင် နည်းပရိယာယ်များကို မှန်မှန်ကန်ကန် သုံးသပ်ချမှတ်နိုင်မည် ဖြစ်သည်။

အချို့တော်လှန်ရေး ခေါင်းဆောင်များက အဆိုပါ သတ်မှတ်ချက်ကို လက်ခံလိုခြင်း မရှိကြ။ အင်အားကြီးသူ ဘက်က စစ်တပ်၊ ရဲ အပါအ၀င် ဒေါက်တိုင်များ ရှိသကဲ့သို့ တော်လှန်ရေးသမားများ ဘက်တွင်လည်း လူထုအင်အား အလိုလို ရှိနေပြီးသား ဖြစ်၍ အားနည်းသည့် ဘက်ဟု သတ်မှတ်စရာ မလိုဟုဆိုတတ်ကြသည်။ သို့ပေမယ့် လူထုနှင့် တော်လှန်ရေး တသားတည်း ရှိရန် ကနဦးစည်းရုံးမှုများ ပြုလုပ်ထားရသည်ကို အမှတ်တမဲ့ နေမိတတ်ရာ လှုပ်ရှားမှုများပေါ်ထွက်လာချိန်တွင်မှ တော်လှန်ရေးသမား များကသာ ရှေ့ကျွံပြီး လိုအပ်သည် ထက် ပိုမိုဆုံးရှုံးနစ်နာမှုများ ဖြစ်လာတတ်လေသည်။ တော်လှန်ရေး သဘောသဘာဝ၊ ရန်သူ့အင်အား၊ မိမိအင်အား၊ ရန်သူ့ပရိယာယ်၊ မိမိပရိယာယ်များကို မတွက်ပဲ စိတ်ထဲပေါ်ရာ ထလုပ်နေတတ်သော စိတ်ကူးယဉ် တော်လှန်ရေးသမား ခေါင်းဆောင်များကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားခဲ့ရသော တော်လှန်ရေးများ ကမ္ဘာတ၀ှမ်းတွင် အမြောက်အမြား ရှိပါသည်။ အခြေအနေနှင့် အချိန်အခါ၊ လူထု၏ တော်လှန်ရေး ရေချိန် အနိမ့်အမြင့်ကို ထည့်သွင်းမစဉ်းစားတတ်သော သူများသည် သူရဲကောင်းဖြစ်တတ်သော်လည်း ခေါင်းဆောင်ကောင်း ဖြစ်လေ့မရှိ။ တော်လှန်ရေး ခေါင်းဆောင်ဟူသည် အခြေအနေမှန်ကို လက်ခံစဉ်းစား သုံးသပ်နိုင်သူများ ဖြစ်မှသာ အောင်မြင်သော တော်လှန်ရေးတခုကို ဦးဆောင်ဆင်နွှဲနိုင်သူများ ဖြစ်လာမည် ဖြစ်သည်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ၁၉ရာစု နှောင်းပိုင်း လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများ၊ မြေပေါ်မြေအောက်လှုပ်ရှားမှုများနှင့် အကြမ်းမဖက်လှုပ်ရှားမှုများကို လေ့လာကြည့်ကြရာတွင် အင်အားကြီး သူများနှင့် အင်အားနည်းသူများအကြားမှ Strategic Interaction များကို ဖော်ထုတ်နိုင်ခဲ့ကြပြီး၊ အရေးပါသော hypothesis များ ထွက်ပေါ်လာခဲ့ပါသည်။

လက်နက်ကိုင်တိုက်ပွဲဖြစ်စေ၊ လူထုတိုက်ပွဲဖြစ်စေ၊ မည်သည့်သဏ္ဍာန်ကိုမဆို အသွင်ဆောင်ထားသော တော်လှန်ရေးလှုပ်ရှားမှုများ၏ အရေးပါသော သော့ချက်သည် ချမှတ်ထားသော ဗျူဟာမှန်ကန်မှုဖြစ်သည်။ ဗျူဟာများတွင် တိုက်ရိုက်ဗျူဟာများနှင့် သွယ်ဝိုက်ဗျူဟာများဟူ၍ ရှိသည်။ အင်အားကြီးသော အာဏာရှင် များနှင့် ကျူးကျော်သူများ (strong actors) ကို တော်လှန်သော တော်လှန်ရေးများတွင် တော်လှန်ရေး သမားများသည် weak actors များဖြစ်သည်ဆိုသည့် တော်လှန်ရေးသဘောသဘာဝကို ပဏာမ လက်မခံပဲ ထိရောက်သော တော်လှန်ရေးဗျူဟာများ ချမှတ်လို့မရ။ သို့မဟုတ်လျှင် ရန်သူကို လျှော့တွက်ပြီး မိမိကိုယ်ကို အဟုတ်ကြီးထင်နေတတ်သော စိတ်ကူးယဉ်တော်လှန်ရေးကိုသာ ဦးတည်သွားတတ်သည်။ ဖရိုဖရဲနှင့် မိုက်ရူးရဲ လုပ်ဆောင်မှုများသာ ပေါ်ထွက်နေတတ်သည်။ သို့ဖြစ်ရာ တော်လှန်ရေးသဘောသဘာဝကို မှန်မှန်ကန်ကန် လက်ခံနိုင်ရန် လိုအပ်လှပေသည်။ အဆိုပါ အင်အားကြီးသူနှင့် အင်အားနည်းသူအကြား ယှဉ်ပြိုင်ကြရာတွင် ပေါ်ထွက်လာနိုင်သည့် Strategic action လေးမျိုးရှိတတ်သည်။

(၁) တိုက်ရိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်

အာဏာရှင်မှ တော်လှန်ရေးကို ချေမှုန်းရာတွင် တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး တော်လှန်ရေးသမားများ ဘက်မှ တိုက်ရိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ဖွဲ့စည်းပြီး ဆင်နွှဲသည့် တော်လှန်ရေးတွင် နှစ်ဘက်စလုံး အကျအရှုံးများသည်။ တော်လှန်ရေးသမားများဘက်မှ ခြေကုပ်ယူ စခန်းများ တခုပြီးတခု ကျဆုံးတတ်သည်။ ကျေးလက်မြို့ပြများတွင် နိုင်ငံရေးပါတီများ၊ အဖွဲ့များဖွဲ့စည်းပြီး ထိပ်တိုက်ရင်ဆိုင်သည့် တော်လှန်ရေးတွင်မူ တတိတိနှင့် အတိုက်အခံ အဖွဲ့အစည်း အဖွဲ့ဝင်များ အမှည့်ချွေခံရတတ်လေ့ရှိသည်။ လူဖမ်းပွဲများ ထွက်ပေါ်လာတတ်ပြီး၊ အောင်ပွဲ၏ အဆုံးအဖြတ်မှာ လူထုတော်လှန်ရေး ရေချိန်အပေါ်တွင် မူတည်သည်။ တော်လှန်ရေးသမားများ အနေဖြင့် လူထုနှင့်တသားတည်း မဖြစ်သေးပဲ ဤ strategic interaction ကို ရွေးချယ်ပါက တော်လှန်ရေးအရှိန် ပြုတ်ကျပြီး အချိန်အတော်ကြာအောင် ပြန်လည် တည်ဆောက်ယူ ရတတ်သည်။


Hypothesis: အင်အားကြီးမားသူကသာ အနိုင်ရခြင်း (သို့မဟုတ်) တော်လှန်ရေး ကြန့်ကြာနေခြင်းများ ဖြစ်တတ်သည်။

(၂) တိုက်ရိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်

အင်အားကြီးသောဘက်မှ တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ သွယ်ဝိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ သွယ်ဝိုက်ခံစစ်ဆိုသည်မှာ မြေအောက်လှုပ်ရှားမှုအသွင်သဏ္ဍာန်ဆောင်သည်။ မြေအောက်လှုပ်ရှားမှု (UG) ဆိုသည်ကို လက်နက်ကိုင်တော်လှန်ရေး A/S နှင့် ရောထွေးပြောနေ တတ်ကြသည်။ မြေအောက်ဆိုသည်မှာ လျှို့ဝှက်မှု အသွင်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သေးငယ်သော အစုအဖွဲ့လေးများအပေါ်တွင် အခြေခံပြီး ပြောက်ကျားလှုပ်ရှားမှုဖြစ်သည်။ အဆိုပါမြေအောက် လှုပ်ရှားမှုတွင် လူထုအားလျှို့ဝှက်စည်းရုံးရေး၊ ၀ါဒဖြန့်ချိရေး၊ သတင်း အချက်အလက်များ စုဆောင်းရေး၊ ပြောက်ကျား လူထုတိုက်ပွဲများ အကောင်အထည်ဖော်ရေး စသည်များ ပါဝင်သည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထု တိုက်ပွဲပေါင်းစပ်ရေးကို အခြေခံထားပါက လက်နက်ကိုင်တွယ်နည်း သင်တန်းပေးခြင်း၊ လက်နက်များ သယ်ဆောင်ပံ့ပိုးရေး၊ ရန်သူအားချေမှုန်းရေး စသည့် အမာလိုင်းလုပ်ငန်းများလဲ ပါဝင်မည်ဖြစ်သည်။ Non-violent resistance ဖြစ်ပါက လက်နက်ကိုင်တွယ်မှုဆိုင်ရာ လုပ်ငန်းများ ပါဝင်မည်မဟုတ်။ သို့ဖြစ်ရာ မြေအောက်ဆိုသည်ကို လက်နက်ကိုင်တော်လှန်ရေးနှင့် မရောထွေးမိစေရန် အရေးကြီးသည်။ သွယ်ဝိုက် ခံစစ်သည် လူထုထဲတွင် အခြေခံပြီး တပ်ဖျောက်ထားခြင်း ဖြစ်သည့်အတွက် အထိအရှိ၊ အဖမ်းအဆီး ကြုံရမှုနည်းသည်။ လူထုနှင့် ထိတွေ့မှုပိုများသည်။ လိုအပ်သော sanctuary support နှင့် social support ကိုသာ ရရှိပါက လူထုတိုက်ပွဲများ ဖော်ဆောင်နိုင်ရေးအတွက် အသင့်တော်ဆုံး ဗျူဟာဖြစ်သည်။

Hypothesis: အင်အားကြီးသူမှ အင်အားနည်းသူကို တိုက်ရိုက်ထိုးစစ်ဖြင့် တိုက်ခိုက်သည့်အခါတွင် အင်အား နည်းသူက လူထုထဲတွင် တပ်ဖျောက်ပြီး မြေအောက်လှုပ်ရှားမှုအသွင်ဖြင့် သွယ်ဝိုက်ခံစစ် ပြုလုပ်နိုင်ပါက လူထုကလဲ ထောက်ခံမည်ဆိုလျှင် အင်အားနည်းသူများဘက်မှ အနိုင်ရသည်။ သို့ဖြစ်ရာ အာဏာရှင် အစိုးရများသည် မြေအောက်အဖွဲ့အစည်းများကို မြေပေါ်အဖွဲ့များထက် ပိုပြီးကြောက်လေ့ ရှိကြသည်။

(၃) သွယ်ဝိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်

အင်အားကြီးသူဘက်မှ သွယ်ဝိုက်ထိုးစစ်အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ တိုက်ရိုက်ခံစစ် အသုံးပြုခြင်း ဖြစ်သည်။ အင်အားနည်းသူများကို တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုပဲ သပ်လျှိုဖြိုခွဲခြင်း၊ လူထုနှင့် ရန်တိုက်ပေးခြင်း စသည်များဖြစ်သည်။ ယင်းသို့ပြုလုပ်ရာတွင် ၀ါဒဖြန့်ချိရေးမှာ အသက် သွေးကြောဖြစ်သည်။ အင်အားနည်း သူများဘက်မှ အဆိုပါဝါဒဖြန့်ချိမှုများကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ရမည်။


Hypothesis: အားနည်းသူများဘက်မှ တိုက်ရိုက်ခံစစ် သုံးနေချိန်သည် အားကြီးသူများအတွက် အခါကောင်း အခွင့်ကောင်းအချိန်ဖြစ်သည်။ အဆိုပါအခြေအနေတွင် တိုက်ရိုက်ထိုးစစ်မလုပ်ပဲ သွယ်ဝိုက်ထိုးစစ်များနှင့်သာ အချိန်ဖြုန်းနေပါက အားကြီးသူများဘက်မှ ရှုံးတတ်လေ့ရှိသည်။

(၄) သွယ်ဝိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်

နှစ်ဘက်စလုံးမှ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပဲ သွယ်ဝိုက်တိုက်ခိုက်ကြခြင်းဖြစ်သည်။

Hypothesis: အားကြီးသူများဘက်တွင် လူအင်အား၊ ငွေအင်အား၊ နည်းပညာအားများ အစစအရာရာ သာလွန်တတ်သည်ဖြစ်ရာ ရေရှည်တွင်အားကြီးသူများဘက်မှ အနိုင်ရလေ့ရှိသည်။


နိဂုံး

မည်သည့်ပဋိပက္ခများတွင်မဆို နှစ်ဘက်စလုံးတွင် စီမံချက်များ၊ လူအင်အား၊ ငွေအင်အား၊ နိုင်ငံတကာ ထောက်ခံမှု ဆိုင်ရာ မျှော်မှန်းချက်များ ရှိလေ့ရှိသည်။ အင်အားကြီးသူနှင့်အင်အားနည်းသူတို့အကြားမှ ယှဉ်ပြိုင်မှုများတွင် လူအင်အား၊ ငွေအင်အားသာလွန်သည့်ဘက်မှ အနိုင်ရမည်ဟု ယူဆတတ်လေ့ရှိကြသည်။ သို့ရာတွင် အနိုင်အရှုံးမှာ နှစ်ဘက်စလုံးမှ ချမှတ်သော မဟာဗျူဟာများ၏ strategic interaction များအပေါ်တွင် မူတည်နေကြောင်းကို ကမ္ဘာတ၀ှမ်း တော်လှန်ရေးများမှ ထုတ်နှုတ်ထားသော Hypotheses များမှ သက်သေခံနေလျက်ရှိပါကြောင်း တင်ပြလိုက်ရပေသည်။


(မှတ်ချက်။ ။ မြန်မာ့တော်လှန်ရေးတွင် ဤသဘောတရားများ သုံးရန်၊ မသုံးရန် အချက်များကို ထည့်သွင်းထားခြင်း မရှိပါ။ သဘောတရားသည် လက်တွေ့နှင့် ပေါင်းစပ်မှ အသုံးဝင်မည်ဖြစ်ပြီး၊ သဘောတရားမပါသော လက်တွေ့များသည်လည်း မျက်မမြင်ပုဏ္ဍားများ ဥပမာလို ဖြစ်တတ်သောကြောင့် တင်ပြခြင်းဖြစ်ပါသည်။)


ခင်မမမျိုး (၁၁၊ ၄၊ ၂၀၁၀)

Sunday, April 4, 2010

မိုင်းအန္တရာယ် သိမှတ်ဖွယ်

ခင်မမျိုး
File:Minefield warning.JPG

မိုင်းဆိုသည်မှာ

မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။

မိုင်းအသုံးပြုမှု သမိုင်းကြောင်း

ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ်အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။

ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ

(၁) စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန်

(၂) ရန်သူ့စစ်ကြောင်းများကို လမ်းလွှဲရန် (သို့မဟုတ်) သတ်ကွင်းသို့ မောင်းသွင်းရန်

(၃) အချို့သော လမ်းကြောင်းများကို ရန်သူများ အသုံးပြုခြင်းမှ ရှောင်ရှားစေရန်၊ နယ်မြေစိုးမိုးရန်

(၄) ရန်သူ့လှုပ်ရှားမှုများ နှောင့်နှေးကြန့်ကြာစေရန်

(၅) နိုင်ငံများအကြား ကျူးကျော်မှုများကို တားဆီးရေးအတွက် နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရန်

(၆) ရန်သူများအား ထိခိုက်ဒဏ်ရာရစေရန်၊ သေကြေပျက်စီးစေရန်

ပေါက်ကွဲစေတတ်သော ပစ္စည်းအမျိုးအစားများ

(၁) anti-personnel landmines

ဒီမိုင်းအမျိုးအစားမှာ မြေမြှုပ်မိုင်းနဲ့ ဆွဲမိုင်းတွေ ပါဝင်ပါတယ်။

(၂) Anti-armor (တင့်ကားများ၊ လက်နက်ကြီးများ)

တင့်ကားတွေနဲ့ လက်နက်ကြီးတွေကို ဖောက်ခွဲဖို့ အသုံးပြုလေ့ရှိတဲ့ မိုင်းအမျိုးအစားဖြစ်ပါတယ်။

(၃) ခဲယမ်းမီးကျောက်များ

လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်၊ မော်တာကျည်၊ ဒုံးကျည်၊ ကျည်ဆံ စတာတွေ ဖြစ်ပါတယ်။

(၄) လက်လုပ်ဗုံးများ

(၅) ဓာတုပစ္စည်းများ

မိုင်းနှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကြောင့် ဖြစ်ပွားတတ်သော ပျက်စီးဆုံးရှုံးမှုများ


(၁) ကိုယ်ခန္ဓာ ထိခိုက်မှု- မိုင်းတွေ ပေါက်ကွဲခြင်းကြောင့် လူတွေ သေကြေပျက်စီးတာ၊ ခြေလက်အင်္ဂါဆုံးရှုံးတာ၊ အမြင်အာရုံ ချို့ယွင်းတာတွေ ဖြစ်စေနိုင်ပါတယ်။

(၂) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု- မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းပြီး သိမ်ငယ်စိတ်များ ဖြစ်စေနိုင်ပါတယ်။

(၃) စီးပွားရေးဆိုင်ရာ ထိခိုက်မှု- မြေမြှုပ်မိုင်းတွေကို လယ်ယာမြေတွေမှာ မြှုပ်နှံမှုတွေကြောင့် ကျွဲနွားတွေ သေကြေပျက်စီးမှုဟာ လယ်သမား၊ ယာသမားတွေရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ လူကို ထိခိုက်ဒဏ်ရာရစေမှုမှာလဲ ထိခိုက်သူဟာ အိမ်ရဲ့ စားဝတ်နေရေးကို ရှာဖွေနေသူဆိုရင် မိသားစုတခုလုံးရဲ့ စားဝတ်နေရေးကို ထိခိုက်စေနိုင်ပါတယ်။ စိုက်ပျိုးမြေတွေကို စွန့်လွှတ်ရမှုတွေ ရှိစေပါတယ်။

(၄) ဘ၀ရပ်တည်ရေးဆိုင်ရာ ထိခိုက်မှု- အဆိုးဝါးဆုံးကတော့ သောက်သုံးရေ ရရှိနိုင်မယ့် နေရာဒေသတွေကို မသွားရဲအောင် ဖြစ်စေတတ်ပါတယ်။

ဘာကြောင့် လူတွေ မိုင်းအန္တရာယ်ရဲ့ သားကောင်တွေ ဖြစ်ကြရသလဲ

တချို့က ဒါကို ကံဆိုးလို့လို့ ဆိုတတ်ကြပါတယ်။ အရာအားလုံးမှာ ကံကိုယုံပြီး ဆူးပုံနင်းလို့ မရပါ။ မိုင်းအန္တရာယ်ရဲ့ သားကောင်ဖြစ်ရသူတွေကို လေ့လာကြရာမှာ နယ်မြေဒေသအခြေအနေကို သိရက်နဲ့ မလိုလားအပ်တဲ့ စွန့်စားမှုတွေ ပြုလုပ်တတ်သူတွေ အများအပြား ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဘာကြောင့် ဒီလို စွန့်စားမှုတွေ လုပ်တတ်ကြသလဲ။

(၁) အမှုမဲ့၊ အမှတ်မဲ့နေခြင်း- မိုင်းနင်းပြီးမှ သေမယ်ဆိုတဲ့ လူဟာ သေမှာပဲ။ ရှောင်လို့ ရမှာ မဟုတ်ပါဘူး လို့ ယူဆပြီး အမှုမဲ့၊ အမှတ်မဲ့နေခြင်း။ အန္တရာယ်ကို ထည့်သွင်းစဉ်းစားမှု မပြုခြင်း

(၂) အတင့်ရဲခြင်း- အန္တရာယ်မှ လွတ်မြောက်ထားဖူးသူများမှ နောင်တွင်လည်း လွတ်မြောက်မည် ယူဆပြီး အတင့်ရဲခြင်း

(၃) စွန့်စားခြင်း- အန္တရာယ်ရှိမှန်း သိလျက်နှင့် စွန့်စားသွားလာလိုစိတ်ရျိခြင်း

(၄) စီးပွားရေးလိုအပ်ချက်- သံထည်ပစ္စည်းများအား ရှာဖွေရောင်းချခြင်း (စစ်အတွင်းမှ ကျန်ရစ်သော ဗုံးဆန်၊ အမြောက်ဆန်များကို ရှာဖွေရင်း အသက်ဆုံးရှုံးမှုများ ရှိတတ်ပါတယ်)


မိုင်းနှင့် ခဲယမ်းမီးကျောက်အန္တရာယ် ရှိနိုင်သော နေရာဒေသများ

ပျက်စီးနေသော အဆောက်အအုံများ

ဖုန်းဆိုးမြေ

စစ်တလင်း ဒေသ ကွင်းပြင်များ

တောလမ်းများ

ယာယီအခြေစိုက် စစ်ခန်းချရာနေရာများ

တိုက်ပွဲများ ဖြစ်ပွားတတ်သည့် ဒေသများ

စစ်ကြောင်းများသွားလာလှုပ်ရှားတတ်သော လမ်းများ

စွန့်ပစ်ထားသော စစ်လက်နက် ပစ္စည်းများ

စွန့်ပစ်ထားသော အဆောက်အဦး၊ နေရာဒေသများ


အချက်ပြအမှတ်အသားများ

အနီးအနားမှ သစ်ပင်များတွင် စတုရန်း၊ ထောင့်မှန်စတုဂံ၊ တြိဂံနှင့် အန္တရာယ် အချက်ပြအမှတ်အသားများ ရှိတတ်သည်။ အဆိုပြအချက်ပြအမှတ်အသားများ မရှိသော်လည်း မိုင်းနှင့် ပေါက်ကွဲစေသော ခဲယမ်းမီးကျောက် အန္တရာယ်ရှိသည်ဟု ယူဆနိုင်သော သက်သေများမှာ သေဆုံးနေသော တိရစ္ဆာန်များ၊ မိုင်းအစိတ်အပိုင်းများ၊ ဆွဲမိုင်း ၀ါယာများ၊ လုံခြုံရေး အစို့အပိတ်များ၊ ပုံမှန်မဟုတ်သော အမိုက်သရိုက် အစုအပုံများ၊ ကျည်ခွံများ ပျံ့ကျဲနေမှုများ၊ ပုံမှန်မဟုတ်သော နယ်မြေဒေသအခြေအနေ စသည်တို့ဖြစ်သည်။

မိမိနှင့် အကျွမ်း မ၀င်သော နယ်မြေလမ်းခရီးကို သွားရောက်ပါက လိုက်နာဆောင်ရွက်ဖွယ်များ

(၁) နယ်မြေခံလူထုနှင့် တာဝန်ရှိသူများအား လုံခြုံသော လမ်းကြောင်းကို မေးမြန်းရန်

(၂) တောလမ်းခရီး အသုံးပြုခြင်းမှ ရှောင်ရှားရန်

(၃) လမ်းကြောင်းနှင့် လှေကားထောင့် စသည်များမှ အတားအဆီးများကို သတိပြုရန်

(၄) မိမိ မမြင်ဖူးသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန်


သံသယဖြစ်ဖွယ် ပစ္စည်းအား တွေ့ရှိပါက မည်သို့ ပြုမူဆောင်ရွက်မည်နည်း

(၁) အနီးသို့ မသွားပါနှင့်။ (ပစ္စည်းမဟုတ်ပဲ ပေါက်ကွဲမှုကြောင့် ရသော ဒဏ်ရာနှင့် လဲလျောင်းနေသူ ဖြစ်စေကာမူ အစောတလျင် အနီးသို့ မသွားပါနှင့်။ ၀န်းကျင်တွင် ထပ်မံ ပေါက်ကွဲစေတတ်သော မိုင်းများ ရှိနေတတ်သည်)

(၂) မကိုင်ပါနှင့်

(၃) ပစ္စည်းကို ယူဆောင်ပြီး မလွှင့်ပစ်ပါနှင့်

(၄) နီးစပ်ရာ တာဝန်ရှိသူများကို ဆက်သွယ်ပါ


မိုင်းကွင်းထဲ ရောက်နေပါက ပြုလုပ်ဖွယ်ရာများ

(၁) စိတ်ကို အေးအေး ထားပါ

(၂) လှုပ်ရှားမှုများကို ရပ်တန့်ပါ

(၃) မည်သည့်သံသယဖြစ်ဖွယ်ပစ္စည်းများကိုမှ မကိုင်တွယ်ပါနှင့်

(၄) လူသူများအနီးအနားတွင် ရှိပါက အော်ဟစ်အကူအညီတောင်းပါ။


မိုင်းအန္တရာယ်ကို လူအများ အဘယ်ကြောင့် သတိပြုသင့်သနည်း။

မိုင်းအန္တရာယ်ကြောင့် အနည်းဆုံး ခြေတဘက်ဆုံးရှုံးကြရသူများ ကမ္ဘာပေါ်မှာ အမြောက်အမြား ရှိနေပါတယ်။ မိုင်းများကို ဖယ်ရှားရတာက ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ထက် ပိုမို ကုန်ကျလျက်ရှိပါတယ်။ မိုင်းအန္တရာယ်သားကောင်များရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအ၀င် အရပ်သားပြည်သူလူထုသာဖြစ်ပါတယ်။ မိုင်းအန္တရာယ်ဟာ နှစ်ပေါင်းများစွာ ကြာအောင် လူ့အဖွဲ့အစည်းကို ခြိမ်းချောက်နေဦးမှာပါပဲ။


မိုင်းအန္တရာယ်ကင်းဝေးရေးအတွက် ဘာတွေ လုပ်ဆောင်သင့်သလဲ။

မိုင်းအန္တရာယ် ကင်းဝေးရေးအတွက် အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေအပါအ၀င် ပြည်သူလူထု တရပ်လုံးက နိုးနိုးကြားကြား ပါဝင်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတကာမှာ ပြုလုပ်လေ့ရှိတဲ့ လုပ်ငန်းဆောင်တာတွေကတော့

(၁) မိုင်းအန္တရာယ် ပညာပေးခြင်း (Mine Risk Education)

ရုပ်မြင်သံကြား၊ ရေဒီယို၊ စာနယ်ဇင်း စတာတွေကနေတဆင့် မိုင်းအန္တရာယ်ကို လုအများ သတိထားမိလာအောင် ပညာပေးခြင်း

မိုင်းအန္တရာယ်ဖြစ်ပွားမှု မြင့်မားသော နေရာဒေသများတွင် မိုင်းအန္တရာယ် ပညာပေးအဖွဲ့များ ဖွဲ့စည်းပြီး ကျေးရွာများတွင် လှည့်လည် ဟောပြောပညာပေးခြင်း

လူထုအခြေပြု မိုင်းအန္တရာယ် လျှော့ချရေး (Community based mine risk reduction- CBMRR) စီမံကိန်းများ အကောင်အထည်ဖော်ခြင်း

မိုင်းအန္တရာယ်သတိပြုမိစေရေး နေ့များ သတ်မှတ်ပြီး အခမ်းအနားများ ပြုလုပ်ခြင်း

ဆိုင်းဘုတ်များ ရေးဆွဲပြီး လူထုပညာပေးခြင်း

(www.gichd.ch မှ ဓာတ်ပုံဖြစ်ပါတယ်)

(၂) မြေမြှုပ်မိုင်း ရှင်းလင်းရေး (Mine Clearance- Demining)


မိုင်းရှင်းခွေးများ အသုံးပြုခြင်း

UXO (Unexploded Ordnance)များ ရှင်းလင်းခြင်း

စက်ပစ္စည်းများ အသုံးပြု ရှင်းလင်းခြင်း


(၃) အန္တရာယ် သားကောင်များအား ကူညီပံ့ပိုးခြင်း (Victims Assistance)

၂၀၀၉ ခုနှစ် Convention on Cluster Munitions (CCM) မှာ သားကောင်ဆိုတာကို မိုင်းအန္တရာယ်နဲ့ အခြား ခဲယမ်းမီးကျောက်များ အသုံးပြုမှုကြောင့် ကိုယ်ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု၊ စီးပွားရေး ပျက်စီးဆုံးရှုံးမှု၊ လူမှုရေး ထိခိုက်နစ်နာမှုနဲ့ လူသားတယောက်ခံစားရမယ့် အခွင့်အရေးများ ဆုံးရှုံးရမှုတွေကို ကြုံတွေ့ခဲ့ရသူများလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီအထဲမှာ တိုက်ရိုက် ထိခိုက်သူတွေ ပါသလို သွယ်ဝိုက် ထိခိုက်ဆုံးရှုံးရတဲ့ မိသားစုဝင်တွေလဲ ပါပါတယ်။ ဒီလို သားကောင်တွေကို နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းက ကူညီစောင့်ရှောက်ရမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။


(၄) ကိုယ်စားပြု လျှောက်လဲချက်ပေးခြင်း (advocacy)


အန္တရာယ်ကို လူအများ သတိပြုမိလာအောင် ပြုလုပ်ခြင်း

မိုင်းအန္တရာယ် ကင်းဝေးရေး လှုပ်ရှားမှုများအတွက် လူ့စွမ်းအားနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ ရှာဖွေအသုံးပြုခြင်း

နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ မိုင်းများအသုံးပြုမှုနှင့် ဖယ်ရှားမှုများတွင် နိုင်ငံတကာ ဥပဒေများ၏ စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ခြင်း ရှိမရှိ လေ့လာစောင့်ကြည့်ခြင်း

အန္တရာယ်သားကောင်များ၏ လူ့အခွင့်အရေးများကို မီးမောင်းထိုးပြခြင်း

မိုင်းအန္တရာယ်ကင်းဝေးရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်လာစေရန် ကင်ပိန်းများ ဖော်ဆောင်ခြင်း၊ စည်းရုံးလှုံဆော်ခြင်း

မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘဏ္ဍာရေး ခွဲဝေ အသုံးပြုမှု စရိတ် တိုးမြင့်လာအောင် ဆောင်ရွက်ခြင်း

နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေး အဖွဲ့များတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး စီမံချက်များ ထွက်ပေါ်လာအောင် ကြိုးပမ်းခြင်း
အစီရင်ခံစာများ ထုတ်ဝေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

လူတိုင်း၊ လူတိုင်း မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ အန္တရာယ်မှ ကင်းဝေးကြစေရန် ရည်သန်လျက်။

ခင်မမမျိုး (၄၊ ၄၊ ၂၀၁၀)

ရည်ညွန်းကိုးကား။

Australia Agency for International Development (2005) Mine Action Strategy, AUSADI

Chris Rush (2009) 'Sri Lanka: Mine Action in a Deteriorating Environment', Journal of Mine Action, 13 (3), Mine Action Information Centre

Geneva International Centre for Humanitarian Mining (2005) Mine Action: Lessons and Challenges, Geneva

Mudhafar Aziz Hamad (2007) 'The Child-to-Adult Method in Mine-risk Education', Journal of Mine Action, 11 (1), Mine Action Information Centre

Salomon Schreuder (2007) 'Iraq Facing the Legacy of Landmines and Explosive Remnants of War', Journal of Mine Action, 11 (2), Mine Action Information Centre

United Nations (2010) Gender Guidelines for Mine Action Programmes, March, 2010

US Department of State (2005) The Landmine Action Smart book, 2nd edition